သတင်း

တနင်္သာရီ တကူတိုက်နယ်အတွင်း ဒေသခံ ၆၀၀၀ ကျော် စစ်ဘေးရှောင်နေရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ တကူတိုက်နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ ကြား တိုက်ပွဲကြောင့် ယင်းတိုက်နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရသည်။

မေ ၁၉ ရက် ညနေ ၆ နာရီ ဝန်းကျင်ခန့်က တကူရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဘက်မလိုက် ပြောက်ကျားအဖွဲ့တို့ကြား မိနစ် ၃၀ နီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လူနေအိမ်များကိုလည်း လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

တကူကျေးရွာ ဒေသခံတဦးက “အခုရွာထဲမှာ ဘယ်သူမှ မနေရဲကြတော့ဘူး။ အကုန်ထွက်ပြေးနေရတယ်။ စစ်တပ်က အကုန်လုံးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်နေတာ။ ရွာထဲကိုဝင်လာပြီးတော့ လက်နက်ကြီးတွေနဲ့လည်း ပစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် မေ ၂၀ ရက်ကလည်း အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှင့် ဘက်မလိုက်ပြောက်ကျားအဖွဲ့တို့ ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နံနက် ၉ နာရီဝန်းကျင်မှ စတင်၍ ညနေ ၃ နာရီခွဲဝန်းကျင်ထိ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့်အတွက် ယာယီစခန်းတခု ဖျက်ဆီးခံခဲ့ရ သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါ ရက်များအတွင်း တကူကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က အနီးနားကျေးရွာများကို လက်နက် ကြီးဖြင့် အချက်ရေ ၈၀ ကျော် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ၎င်းက ဆိုသည်။

ယခုအခါ စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တကူတိုက်နယ်ကျေးရွာအုပ်စုအတွင်းရှိ အင်းရှည်ကုန်း၊ ပြည်အေး၊ ရွာမ၊ သံတိုက်၊ လမိုင်းကော့၊ အလယ်ပိုင်း၊ သာရဘွင်၊ တကူ၊ ကိုးမိုင်၊ သမီးလှ စသည့် ရွာများမှ ဒေသခံ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် တကူးကျေးရွာမှ အသက် ၁၀ နှစ်ခန့်အရွယ် ကလေးငယ် ၁ ဦးနှင့် ရွာသား ၁ ဦးတို့ကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့သလို ဒေသခံရွာသားတချို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း၊ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် တကူကျေးရွာအတွင်း နေအိမ် ၁၀ လုံးနှင့်အထက် မီးလောင်ပျက်စီး လျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

တကူတိုက်နယ်အတွင်းက စစ်ဘေးရှောင်များ (ဓာတ်ပုံ/CJ)

အဆိုပါ ကျေးရွာများမှ ပြည်သူများမှာ ညတွင်းချင်း ထွက်ပြေးကြရခြင်းဖြစ်ပြီး တနင်္သာရီမြို့နယ် အပါအဝင် တနင်္သာရီ တိုင်း တခုလုံးတွင် ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက် ရွာသွန်းလျက်ရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများမှာ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်ဟုလည်း စစ်ဘေးရှောင် ဒေသခံများက ဆိုသည်။

တကူတိုက်နယ်သို့ စစ်ကြောင်းထိုးလျက်ရှိသည့်တပ်မှာ ဇဝတ်ကျေးရွာတွင် တပ်စွဲနေသော ခြေမြန်တပ်ရင်း ခမရ ၅၅၆ တပ်ဖြစ်ပြီး လက်ရှိအချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ငြိမ်နေသော်လည်း တဖက်နှင့်တဖက် စောင့်ကြည့်နေသည့် အနေအထား ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းတွင် တကူတိုက်နယ်အပြင် ထားဝယ်-ထီးခီးလမ်းမကြီးပေါ်မှ ပကာရီရွာကျေးရွာတဝိုက်တွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက နေ့စဉ်နှင့်အမျှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

တကူတိုက်နယ်အတွင်းက စစ်ဘေးရှောင်များ (ဓာတ်ပုံ/CJ)

ပကာရီကျေးရွာဒေသခံတဦးက “ပကာရီဘက်မှာ တော်တော်လေး အခြေအနေ ဆိုးနေတယ်။ စစ်ရှောင်တွေ အနေနဲ့ လည်း ဘေးနားကရွာတွေကို ရှောင်နေရတယ်။ လက်နက်ကြီးတွေနဲ့ နေ့တိုင်းညတိုင်းထုနေတာ။ တနေ့ကို အလုံး ၆၀ ကျော်လောက် ရှိတယ်။ ထားဝယ်ဘက်မှာတော့ တော်တော်လေး စစ်ရေးတင်းမာနေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မေ ၁၈ ရက်က တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာ၊ ဘန်းပြည့်အနောက်ကမ်းကျေးရွာသို့ စစ်ကြောင်းထိုးလာ သည့် စစ်ကြောင်းကို တောင်ပိုင်းသူရဲကောင်းများကာကွယ်ရေးအင်အားစု (SWDF) အဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီ၏ စစ်လေယာဉ်များ၊ အမြောက်ကားများ ထားဝယ်လေယာဉ်ကွင်းသို့ ရောက်ရှိနေပြီး စစ်ရေး အင်အား ဖြည့်တင်းလျက် ရှိကြောင်းလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

Loading