စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တောင်ပိုင်း၊ ရေဦး-တန့်ဆည်လမ်းပေါ်ရှိ ကျေးရွာ ၄ ရွာကို စစ်ကောင်စီတပ်က မေလ ၂၀ ရက် နံနက်ပိုင်းက စတင်ပြီး မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေရာ ယင်းကျေးရွာများမှ ဒေသခံပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများမှာ ဖန်းခါးဇင်း၊ ချောင်းရိုး၊ စိမ်းစား၊ ခပေါင်းကြိုင် ကျေးရွာများဖြစ်ပြီး ယင်းကျေးရွာများမှ စစ်ဘေးရှောင်၊ မီးဘေးရှောင်နေရသူများအတွက် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟုလည်း တန့်ဆည်ကူညီ ထောက်ပံ့ရေးအဖွဲ့ – Taze Support Organization (TSO) က သတင်းထုတ်ပြန်ထားသည်။
“ဖန်းခါးဇင်းကနေ ဝင်မွှေပြီး လုယက်မီးရှို့လာတဲ့ စစ်ကြောင်းက ရေဦး-တန့်ဆည်လမ်းပေါ်က ကျေးရွာတွေကို ရွာစဉ်အ လိုက် ဆက်တိုက် မီးတိုက်သွားတာပဲ။ ဖန်းခါးဇင်းနဲ့ ချောင်းရိုးက ရွာလုံးကျွတ်နီးပါး။ စိမ်းစားက ဘုန်းကြီးကျောင်းကလွဲပြီး ရွာလုံးကျွတ် တလုံးမှ မကျန်တော့ဘူး၊ ခပေါင်းကြိုင်ရွာလည်း မီးရှို့ခံရတယ်ဆိုပေမယ့် အိမ်ခြေ ဘယ်လောက်ပါသွားသလဲ ဆိုတာ မသိရသေးဘူး။ ခပေါင်းကြိုင်ရွာ စာသင်ကျောင်းမှာ တပ််စွဲထားတော့ ပြန်ဝင်လို့ မရသေးဘူး” ဟု TSO မှ တာဝန်ရှိ သူတဦးက ပြောသည်။
အဆိုပါ ကျေးရွာများအနက် ချောင်းရိုးကျေးရွာသည် ပေါ်တူဂီနွယ်ဖွား ခရစ်ယာန်ဘာသာဝင်များ နေထိုင်သည့် သမိုင်းဝင် ကျေးရွာတရွာဖြစ်ပြီး သက်တမ်း နှစ် ၁၃၀ ခန့်ရှိ ဘုရားကျောင်းနှင့်အတူ အိမ်ခြေ ၃၅၀ ကျော်၊ လူဦးရေ ၁၅၀၀ ခန့် ရှိကာ ယခုအခါ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။
ချောင်းရိုးကျေးရွာသားတဦးက “ရွာကို သက်သက်မဲ့ကို မီးဝင်တိုက်သွားတာ။ သေနတ်တချက်မှ ဖောက်သံမကြားရဘဲ အလွတ်ကြီး ၀င်လုပ်သွားကြတာ။ အင်အား ၁၈၀၊ ၂၀၀ လောက်ပါတဲ့ ခြေလျင်လာတဲ့စစ်ကြောင်းက ၀င်လုပ်သွားတာပဲဗျာ။ ကျနော်တို့ ရွာသားနှစ်ယောက် ကိုလည်း ဖမ်းပြီး ထိုးကြိတ်ရိုက်နှက် နှိပ်စက်သွားကြတယ်။ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အခြေအနေတော့ မရှိပါဘူး” ဟု ပြောသည်။
မေ ၂၀ ရက် နံနက် ရ နာရီခွဲခန့်မှစတင်ပြီး မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း၊ နေ့လယ်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထွက်သွား၍ ရွာသားများ မီးဝင်ငြိမ်းစဉ် အိမ်ခြေ ၃၅၀ ခန့် ရှိသည့်အနက် ၃၀၀ ခန့် မီးထဲပါသွားပြီဖြစ်ရာ တရွာလုံးနီးပါး ကုန်သွားသည် ဟု ဆိုနိုင်ကြောင်း၊ အိမ်ကြီးအိမ်ကောင်းအားလုံး ပါသွားကြောင်း ၎င်းက ဆိုသည်။
အခြား ချောင်းရိုးရွာ ဒေသခံတဦးကလည်း “လက်ရှိမှာ ရွာမှာလည်း နေစရာမရှိတော့ဘူးဆိုတော့ ဘယ်လိုတွေ ဆက်လုပ် ရမယ်ဆိုတာ စဉ်းစားလို့ကို မရသေးဘူး၊ အခုက မီးမလောင် လောင်အောင်ကို ဆီတွေလောင်းပြီး ရှို့သွားကြတာ။ မနက် ပိုင်းမှာ မိုးက တအားရွာထားတော့ တော်ရုံဆို အခုလောက်ထိ မလောင်ဘူးရယ်။ အဆိုးထဲက အကောင်းလို့ ပြောရမှာက ဘုရားကျောင်းနဲ့ စာသင်ကျောင်းကတော့ ဘာမှ ဖြစ်မသွားဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း စစ်ကောင်စီတပ်များသည် ချောင်းရိုးကျေးရွာကို ပထမအကြိမ် ဝင်ရောက်စီးနင်းပြီး လုယက်မီးရှို့ခြင်းများ ပြုလုပ်ထားသလို ယခုအခါ ဒုတိယအကြိမ် ထပ်မံအရှို့ခံရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ထို့ပြင် ဖန်းခါးဇင်းကျေးရွာတွင်လည်း အိမ်ခြေ ၂၀၀ ကျော် ရှိသည့်အနက် ၁၈၀ ခန့် မီးလောင်ခဲ့ပြီး စိမ်းစားကျေးရွာတွင် အိမ်ခြေ ၆၅ လုံးရှိရာ ရွာလုံးကျွတ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“ကျနော့်အိမ်ရော၊ ဆိုင်ကယ်တွေရော ဘထ္ထရီဘီး၊ ရေခဲသေတ္တာတွေရော အကုန်လုံးကို ပါသွားတာ။ ကား ၂ စီးရှိတာ မောင်းပြေးလို့ လွတ်တာရယ်။ မသန်စွမ်းလေးအတွက် ၀ယ်ပေးထားတဲ့ ဘထ္ထရီကားလေးဆိုရင် ၀ယ်ပေးထားတာ ၁ လ ကျော်လောက်ပဲ ရှိသေးတယ်။ အဲဒါလေးလည်း ပါသွားတယ်။ ၁ နှစ်စာ လှောင်ထားတဲ့ ဆန်အိတ်တွေရော၊ မြေဆီအိတ် တွေရော အကုန်ပါသွားတယ်” ဟု ဖန်းခါးဇင်းကျေးရွာသားတဦးက ပြောသည်။
တန့်ဆည်မြို့နယ်တောင်ပိုင်းတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်မှာလည်း ၃ လကျော် ရှိနေပြီဖြစ်သလို စစ်ကောင်စီတပ်များက နေအိမ်များကို မီးရှို့ခြင်း၊ တန်ဖိုးကြီးပစ္စည်းများနှင့် စားစရာများကို လုယက်ယူငင်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
“စစ်တပ်နဲ့ နည်းနည်းဝေးမယ်ထင်တဲ့ နီးစပ်ရာရွာတွေမှာ ခိုနေကြရတာပေါ့။ ရောက်တဲ့ရပ်ရွာကနေ ထမင်းထုတ်တွေ ဝေ၊ ရေဗူးဝေတာလေးတွေနဲ့ပဲ လောလောဆယ် စားသောက်နေရတာပေါ့။ အဓိက ပြည်သူကနေ ပြည်သူတွေကိုပဲ တတ်နိုင်သ လောက် ပြန်စောင့်ရှောက်နေကြရတာပေါ့။ အခြားရွာတွေလည်း ဒီအတိုင်းပဲ နီစပ်ရာကို ပြေးနေကြရတာပါပဲ” ဟု စိမ်းစား ကျေးရွာသားတဦးက ပြောသည်။
ယနေ့တွင် အဆိုပါစစ်ကြောင်းသည် ခပေါင်းကြိုင်ကျေးရွာစာသင်ကျောင်းတွင် တပ််စွဲထားပြီး ခပေါင်းကြိုင်ကျေးရွာ၏ အနောက်ဘက်ရှိ အင်တိုင်းကျေးရွာသို့ လက်နက်ကြီးဖြင့် အချက်များစွာ ပစ်ခတ်နေသလို မီးရှို့ခံထားရသည့် ကျေးရွာများ ကိုလည်း လက်နက်ကြီးများဖြင့် မကြာမခဏ ပစ်ခတ်နေသောကြောင့် ဒေသခံများ နေရပ်သို့ မပြန်နိုင်ကြသေးကြောင်း သိရသည်။
တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅၀၀ ကျော် မီးလောင်ဆုံးရှုံးထားပြီး ပြီးခဲ့ သည့် မတ်လအတွင်းကလည်း ရေဦး-တန့်ဆည်လမ်းပေါ်ရှိ စိမ်းစား၊ ချောင်းရိုး၊ ဒယ်ရောက်၊ အင်တော၊ ပုဏ္ဏာကား၊ လှည်း သွင်း ကျေးရွာများကို ဝင်ရောက်စီးနင်း မီးရှို့ခြင်းများကြောင့် စိမ်းစားကျေးရွာမှ နေအိမ် ၂၀ ခန့်၊ စိမ်းစားကျေးရွာကျောင်း အတွင်းမှ ဓမ္မာရုံနှင့် သာသနိကအဆောက်အဦများ၊ ချောင်းရိုးကျေးရွာမှ ကြက်မွေးမြူရေးခြံ ၈ ခြံ၊ နေအိမ် ၁ရ လုံး၊ ဒယ် ရောက်နှင့် လှည်းသွင်းကျေးရွာမှ နေအိမ် ၁၆ လုံးခန့် မီးလောင်ခဲ့သလို အသက်မပြည့်သေးသည့် ကလေးငယ် ၁ ဦး၊ အမျိုး သမီးများ အပါအဝင် ဒေသခံ ၁၀ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
စစ်ကောင်စီသည် စစ်ကိုင်းအတွင်းရှိ ၎င်းတို့ အခြေစိုက်ထားသော မုံရွာ၊ စစ်ကိုင်း၊ ကလေးနှင့် ရွှေဘိုမြို့များမှလွဲ၍ ကျန်မြို့ နယ်များကို အင်တာနက်များ ဖြတ်တောက်ထားပြီး ကျေးရွာများအား အကြမ်းဖက်စီးနင်းခြင်း၊ လူသတ်ခြင်း၊ အဓမ္မပြုကျင့် ခြင်း၊ နေအိမ်များအား မီးရှို့ခြင်းနှင့် ဖမ်းဆီးနှိပ်စက် ငွေညှစ်ခြင်းများအထိ စိတ်ရှိတိုင်း ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။