စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများအား အင်အား ၁၀၀ ခန့်ပါသော စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းကာ နေအိမ်များအား မီးရှို့နေသဖြင့် ကျေးရွာ၂၇ ရွာမှ စစ်ဘေးရှောင် ဒေသခံ ပြည်သူ ၉ ထောင်ကျော် အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။
ရွှေဘိုနှင့် ဝက်လက်မြို့နယ် အရှေ့ခြမ်းကျေးရွာ ၂၇ ရွာမှာ ကုလားမ၊ လက်ကောက်ကျ၊ မန်ကျည်းသုံးပင်၊ ပုလဲသွယ်၊ ဆား တောင်ကြီး၊ ခွေးတက်ကြီး၊ စခန်းသာ၊ ရွာသစ်ကုန်း၊ သဲကျွန်း၊ ဂွေးပင်ကုန်း၊ ထနောင်းကိုင်း၊ မခေါက်၊ ရှားကွဲ၊ ထုံးဘိုကုန်း၊ သစ်ဆိမ့်၊ မြင်းကုန်း၊ ငါးကြင်းအိုင်၊ ဟံလင်း၊ ငါးပိအိုး၊ ကံကြီးတော့၊ တကန်သာ၊ ကြိုးကြာ၊ ဇောက်ညမ်းကုန်း၊ ဟင်္သာကြီး၊ ရွှေကျင်၊ မောင်းတပ်၊ ဆည်ကြီး ကျေးရွာများဟု သိရသည်။
“ရွှေဘိုနဲ့ ဝက်လက်နယ် အရှေ့လက်က ရွာ ၂၅ ရွာလောက်က နေအိမ်တွေကို မီးရှို့တယ်။ တိရစ္ဆာန်တွေကိုလည်း သတ် ဖြတ်သွားတယ်။ မခေါက်ကနေ စပြီး ရွာစဉ်အလိုက် ကျေးရွာတွေကို အစဉ်လိုက် ပတ်မွှေသွားတာပဲ။ သူတို့ ပတ်မွှေနေနေ တော့ ပြည်သူတွေက ကိုယ့်ရပ်ရွာမှာ မနေရဲကြတော့ဘဲ ထွက်ပြေး တိမ်းရှောင်နေကြရတယ်။ စစ်ဘေးရှောင်၊ မီးဘေး ရှောင်တွေဟာ အစားအသောက်နဲ့ အဝတ်အစားတွေ လိုအပ်နေတယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံးတော့ ကူပေးနေ ပါတယ်” ဟု စစ်ရှောင်များအား ကူညီပေးနေသူတဦးက ပြောသည်။
မန်ကျည်းသုံးပင် ကျေးရွာသား တဦးက “လက်ရှိ အခြေအနေကတော့ တောတောင်တွေထဲမှာ ပုန်းရှောင်နေရတာ ဆို တော့ တောထဲမှာ ရှိတဲ့ဟာလေးတွေကိုပဲ ရှာဖွေ စားသောက်နေရတာပေါ့။ ကျနော်တို့ ထွက်ပြေးလာတုန်းက ဘာမှ ထွေထွေထူးထူး ယူလာလို့ မရခဲ့ဘူးလေ။ ကြောက်ပြီး ပြေးရတာဆိုတော့ ဆန်၊ ဆီလေးတွေ နည်းနည်းဆီပဲ ပါလာကြတာ၊ အခုက ရက်ရှည်လာပြီး ရွာထဲလည်း ပြန်မဝင်ရဲ ဆိုတော့ အကုန် ဒုက္ခရောက်ကြရတာပေါ့” ဟု ပြောသည်။
အဆိုပါ ကျေးရွာများကို မေလ ၁၆ ရက်မှ စတင်ကာ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူများသည် နီးစပ်ရာ တောတောင်များအတွင်း၌ ခိုလှုံနေကြရကြောင်း သိရသည်။
“ကျနော်တို့ သစ်ဆိမ့်ကြီးကို ၁၆ ရက်က စပြီး ဝင်လာတာ၊ သစ်ဆိမ့်ကြီးကို ဦးတည်ဝင်ပေမယ့် အနီးဝန်းကျင်က ရွာ ၅ ရွာ လောက်ကလည်း စစ်ဘေးရှောင်ကြရတယ်။ စစ်ကြောင်း ဝင်လာလို့ စစ်ရှောင်နေရတာ ဒီနေ့နဲ့ဆိုရင် တပတ်ပြည့်သွားပြီ၊ စစ်ကြောင်း ထိုးလာပြီးတော့ ရွာတွေကို မီးရှို့တယ်။ အဲဒီလို အခြေအနေတွေကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်၊ ကျနော်တို့ တောသူတောင်သားတွေက တခါမှ မကြုံဖူးတော့ ဘာမှ ပါမလာကြဘူး” ဟု ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီး ကျေးရွာသားတဦး က ပြောသည်။
အဆိုပါ ကျေးရွာများအနက် မီးရှိုခံရသည့် ကျေးရွာပေါင်း၂၀ ခန့် ရှိပြီး အိမ်ခြေ ၁၂၀၀ ခန့် မီးလောင်ခဲ့ကြောင်း ခန့်မှန်းထား ကာ ကျေးရွာများအား မီးရှို့ခြင်းကို စစ်ကောင်စီတပ်နှင့်အတူ ပျူစောထီး အဖွဲ့များလည်း ပါဝင်ပြီး နေအိမ်များကို ဓာတ်ဆီ လောင်း၍ မလောင်မချင်း မီးရှို့ခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့များက ပြောသည်။
“သူတို့က ရွာတွေကို ဝင်တဲ့အခါမှာ သူတို့ကို ခုခံရင် အကုန်လုံး မီးလောက်တိုက်သွင်းမယ်ဆိုတာမျိုး ဆဲဆို ကြိမ်းမောင်းကြ တာ၊ အဲဒီတော့ ကျနော်တို့က လက်နက်ချင်းလဲ မတူ၊ အင်အားကလည်း နည်းနေတာကြောင့် ထိပ်တိုက် ရင်ဆိုင်ကြတာ မျိုးထက် ရပ်ရွာကာကွယ်ရေး အနေနဲ့ ပြည်သူတွေကိုပဲ လွတ်ကင်းရာကို ကယ်ထုတ်ပေးနေရတယ်။ ပြီးတော့ အိမ်တွေကို ဓာတ်ဆီတွေ လောင်းပြီး မလောင်မချင်း မီးရှို့နေကြတာ” ဟု ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးနေသည့် ဗိုလ်မာ ယာက ပြောသည်။
နတ်တောင်နဂါး – ပ.က.ဖ (ရွှေဘို) တပ်ဖွဲ့မှ ဗိုလ်စနေက “ကျနော်တို့က ပြည်သူတွေကို ဘေးကင်းရာကိုပဲ ရှောင်တိမ်းနိုင် အောင် လုပ်ပေးနိုင်တာ။ ရိက္ခာဆိုတာ ကျနော်တို့လည်း ရွာထဲ ပြန်မယူတော့ ဖြစ်သလိုလေးပဲ မျှတ စားသောက်နေရတဲ့ အခြေအနေပေါ့။ နောက်တခုက သူတို့က ဝင်ပြီးသား ရွာတွေကိုလည်း ထပ်ခါတလဲလဲ လာပြီး မီးရှို့နေကြတာဆိုတော့ ရွာ ထဲကို ပြန်မဝင်ရဲကြသေးတာပါ” ဟု ပြောသည်။
ရွှေဘိုနှင့် ဝက်လက်မြို့နယ် ဧရာဝတီမြစ်ဘေး တလျှောက်တွင် တိုက်ပွဲဖြစ်ပွားမှု အလွန် နည်းပါးသော်လည်း စစ်ကောင်စီ တပ်က ဒေသခံ ပျူစောထီးအဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကြောင်းထိုးပြီး ကျေးရွာများအား မီးရှို့နေရာ ဒေသခံပြည်သူများမှာ ထွက်ပြေး တိမ်းရှောင်နေရသဖြင့် စိုက်ပျိုးရာသီ ရောက်ရှိနေသော်လည်း စိုက်ပျိုးနိုင်ခြင်း မရှိသေးဟု သိရသည်။
လက်ကောက်ကျ ကျေးရွာသား တဦးက “မိုးရာသီဖြစ်တဲ့အတွက် ကျနော်တို့မှာ ဒုက္ခတွေ အများကြီး ရင်ဆိုင်နေရတယ်၊ ပြီးတော့ တောင်သူဝင်ချိန်ဖြစ်သည့် အတွက်လည်း ကောက်ပဲသီးနှံတွေ ချလို့ မရတဲ့ အခြေအနေ ဖြစ်သွားပြီ၊ အားလုံးကို ပစ်ထားခဲ့ရတာဆိုတော့ ကျွဲတွေ နွား တွေဆိုလည်း အစာငတ်၊ နေပူမိုးရွာ ဒီအတိုင်း ပစ်ထားခဲ့ကြရတာ။ လူတွေကလည်း တောတောင်တွေထဲ ပုန်းရှောင်နေရနဲ့ ဆုံးရှုံးမှုတွေ အများကြီး ဖြစ်ခဲ့ရသလို အိုးမဲ့အိမ်မဲ့တွေ အများကြီး ဖြစ်ကြရတယ်” ဟု တဦးက ပြောသည်။
အဆိုပါ စစ်ကြောင်းသည် မေလ ၁၈ ရက်မှ ၂၀ ရက်အထိ စက်လှေ၊ မော်တော်များ အသုံးပြု၍ ကျေးရွာများအတွင်းမှ တန်ဖိုးကြီးပစ္စည်းများကို သယ်ယူကာ ခွဲဝေယူငင်နေကြသည်ဟု နတ်တောင်နဂါး – ပ.က.ဖ(ရွှေဘို) တပ်ဖွဲ့မှ ဗိုလ်စနေက ပြောသည်။
“ဘိုးဘွားတွေလက်ထက်ကတည်းက စုဆောင်းလာတဲ့ အိမ်လေးတွေ ပါသွားတာဆိုတော့ ဝမ်းနည်းမိတာပေါ့။ သူတို့ကို လည်း ဒေါသတွေ ဖြစ်မိတယ်၊ အခုဆိုရင် သိတတ်တဲ့ ကလေးတွေကအစ သူတို့ကို တော်တော် မုန်းတီးနေကြပြီ၊ ပြောရ မယ်ဆိုရင် ပြည်သူအားလုံးက နားကျည်း ခံပြင်းစိတ်တွေ ထားကုန်ကြပြီ” ဗိုလ်မာယာက ဆက်လက် ပြောသည်။
ယခုအခါ အဆိုပါစစ်ကြောင်းမှာ သစ်ဆိမ့်ကျေးရွာအတွင်း၌ တပ်စွဲထားပြီး ကုလားမ၊ လက်ကောက်ကျ မန်ကျည်းသုံးပင်၊ ဟံလင်း၊ ဆားတောင်ကြီးကျေးရွာ ဒေသခံတချို့ကိုလည်း ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။
You may also like these stories:
စစ်တပ်က နေအိမ်များကို မီးရှို့၍ တန့်ဆည် ဒေသခံတွေ ထွက်ပြေးနေရ
တနင်္သာရီ တကူတိုက်နယ်အတွင်း ဒေသခံ ၆၀၀၀ ကျော် စစ်ဘေးရှောင်နေရ
စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကောင်စီ မီးတိုက်ရှို့