ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံကမ်းခြေ၌ မုန်တိုင်းမိ၍ စက်လှေမှောက်ကာ သေဆုံးသည်ဟု ယူဆရသော မွတ်စလင်များ၏ ရုပ်အလောင်း ၁၅ လောင်းကို ယမန်နေ့က တွေ့ရှိသည်။
သေဆုံးသူများမှာ မွတ်စလင်များဖြစ်ပြီး အမျိုးသမီး ၁၃ ဦးနှင့် အမျိုးသား၂ ဦးဖြစ်ကာ အလောင်းများမှာ ကမ်းစပ်သို့ မျောပါတင်ကျန်နေခြင်း ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
“မနေ့က တွေ့တာ ၁၄ လောင်း ဒီနေ့ မနက်တွေ့တာ ၁ လောင်း။ ပင်လယ်ထဲက မျောလာတာဆိုတော့ စက်လှေနဲ့ လာလို့ စက်လှေမြုပ်တယ်လို့ပဲ ကျနော်တို့က ခန့်မှန်းတာပေါ့။ ဒီတိုင်းကြီးတော့ သူတို့ အဲဒီဘက်ကနေ ဖြတ်မကူး တတ်ဘူးလေ။ လှေနဲ့ပဲ လာရမှာပေါ့” ဟု ၎င်းက ပြောသည်။
အဆိုပါ စက်လှေသည် ရခိုင်ပြည်မြောက်ပိုင်းမှ မွတ်စလင်များကို တင်ဆောင်ကာ ဧရာဝတီတိုင်း သို့ လာရောက်ချိန် မုန်တိုင်းနှင့် ကြုံတွေ့ပြီးနောက် ယခုကဲ့သို့ တိမ်းမှောက်ခြင်း ဖြစ်သည်ဟု ဆိုကြသော်လည်း မည်သူ မည်ဝါများ ဖြစ်ကြောင်းကိုမူ ဧရာဝတီအနေဖြင့် သီးသန့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယခု အလောင်းများတွင် အသက်မပြည့်သေးသည့် ကလေးငယ် ၃ ဦး ပါဝင်မည်ဟု ခန့်မှန်းသော်လည်း သေဆုံးနေ သည့် အနေအထားကြောင့် အသက်အရွယ် အတိအကျကိုမူ ပြောနိုင်ခြင်း မရှိကြောင်း အလောင်းသယ်ယူရာတွင် ပါဝင်သည့် ပရဟိတသမား တဦးက ဆိုသည်။
ကပ္ပလီ ပင်လယ်ပြင် မြောက်ပိုင်း (မုတ္တမကမ်းလွန်အနီး)တွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသော လေဖိအားနည်းရပ် ဝန်းသည် မေလ၂၀ ရက်တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် မိုးသည်း ထန်စွာ ရွာသွန်းခဲ့ကာ တိုင်းနှင့် ပြည်နယ်အချို့၌ လေပြင်းများ တိုက်ခတ်ခဲ့သည်။
ဒေသခံ တဦးက “မုန်တိုင်း မိပြီးတော့ စက်လှေမှောက်တာမျိုးပေါ့။ စက်လှေသမားတွေလည်း မိတယ်လို့ ပြောတာကိုး။ အလောင်းတွေကို ဒေသခံတွေက အရင် စတွေ့ပြီးတော့ သက်ဆိုင်ရာ နီးစပ်ရာတွေကို အကြောင်းကြားတာပေါ့။ ရေနဲ့ မျောလာပြီးတော့ လှိုင်းပုတ်တော့ အလောင်းတွေ က ကမ်းစပ်ကို တင်တာ။ ၁ ရပ်ကွက်မှာ တွေ့တဲ့ ၁ ယောက်ဆို ၁၂ နှစ်လောက်ပဲ ရှိမယ်။ ဒီလို ကူးလာတဲ့ ကိစ္စက နှစ်တိုင်းလိုလို ရှိနေတာ။ ဒါပေမယ့် ဒီနှစ်လိုတော့ အသေအပျောက် မရှိဘူး” ဟု ပြောသည်။
ထိုကဲ့သို့ သေဆုံးသူများအပြင် ပင်လယ်ထဲ၌ အသက်ရှင်လျက် ကူးခတ်နေသူများကိုလည်း တွေ့ရသဖြင့် ကယ်ဆယ်ရေးအသင်းမှ လိုက်လံဆယ်ယူရာတွင် အသက်ရှင်ကျန်ရစ်သူ၂၉ ဦး ဆယ်ယူရရှိပြီး ၎င်းတို့ကိုလည်း ရွှေသောင်ယံ မြို့မ ရဲစခန်း၌ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
သေဆုံးသူများ၏ ရုပ်အလောင်းများကို အဆိုပါ မြို့နယ်ရှိ အစ္စလာမ်ဘာသာရေးအဖွဲ့မှ အကြီးအကဲများက ရွှေသောင်ယံသင်္ချိုင်းတွင် မေလ ၂၂ ရက် ညနေပိုင်းက သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။
You may also like these stories:
မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ဟု အမေရိကန်အစိုးရ ဆုံးဖြတ်
ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များ ရိက္ခာပြတ်နေ
စစ်ကောင်စီက စစ်ဘေးရှောင် အမျိုးသမီးများကိုပါ ပေါ်တာဆွဲနေ
ထိုင်းအချုပ်ခန်းများ၌ ဖမ်းဆီးခံ မြန်မာများဖြင့် ပြည့်နေ
ရန်ကုန်သို့ ဝင်ရန် ကြိုးပမ်းသည့် အထောက်အထားမဲ့ ၉၆ ဦး ချောင်းသာတွင် ဖမ်းမိ