အာဏာသိမ်း စစ်ကောင်စီအား အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် ဆရာဝန် ဇနီးမောင်နှံ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ကြောရေးစခန်း အပို့ခံရပြီး မိသားစုနှင့် အဆက်အသွယ် ပြတ်နေကြောင်း နီးစပ်သူများက ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးမှ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာ ဦးမြစန်းနှင့် မိခင်နှင့် ကလေး ဆေးရုံကြီးမှ ဓာတ်မှန် ဆရာဝန်ကြီး ဒေါက်တာ အေးခိုင်ဦး တို့ကို မေလ ၁၈ ရက်နေ့က တောင်ကြီးမြို့ မြတ်တော်ဝင် ဆေးရုံတွင် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ပြီးနောက် စစ်ကြောရေးကို ပို့လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
၎င်းတို့နှင့် နီးစပ်သူ တဦးက “ဆရာဝန်ကြီးတို့က CDM လုပ်ထားကြတာ၊ ၁၈ ရက်နေ့ မနက်အစောပိုင်းက မြတ်တော်ဝင် ဆေးရုံမှာ အရေးပေါ်လူနာခွဲစိတ်ဖို့ မေ့ဆေးဆရာဝန်မရှိလို့ ဆရာဝန်ကြီးကို အကူအညီတောင်းလို ရောက်လာတဲ့အချိန်မှာ စောင့်ဖမ်းခံလိုက်ရတာ၊ ဆရာဝန်ကြီးတို့လင်မယားက သဘောထားပြည့်ဝလွန်းတဲ့သူတွေပါ၊ ကျနော်တို့ သိရတာကတော့ ဆရာဝန်ကြီးတို့ လင်မယားကို စစ်ကြောရေးကို ပို့ထားတယ်တဲ့၊ မိသားစုတွေနဲ့ တွေ့ခွင့် မပေးဘူးလို့ သိရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ဖမ်းဆီးချိန်တွင်လည်း အင်အား အလုံးအရင်းဖြင့် ရောက်လာသော စစ်ကောင်စီတပ်များက မေ့ဆေးဆရာဝန်ကြီး ဒေါက်တာ ဦးမြစန်းအား ကိုယ်ထိလက်ရောက် တွန်းထိုးမှုများ ပြုလုပ်၍ ဖမ်းဆီးသွားသည့် အပြင် အခြား ဆေးရုံ ဝန်ထမ်းများ ကိုလည်း ရိုက်နှက် ထိုးကြိတ်မှုများနှင့် လူနာများကိုလည်း ဆဲဆိုကြိမ်းမောင်းမှုများ ပြုလုပ်သွားကြောင်း သိရသည်။
ထို့အတူ ဆရာဝန်ကြီးများအား ဖမ်းဆီးပြီးနောက် မြတ်တော်ဝင်ဆေးရုံမှ CCTV မှတ်တမ်းများနှင့်အတူ ဝန်ထမ်းစာရင်းများကိုပါ တောင်းယူသွားကြောင်း သိရသည်။
မန္တလေးမြို့ခံ CDM ဆရာဝန်တဦး က “ဂုဏ်သိက္ခာပိုင်းအရ ဆရာတို့က စစ်တပ်က အာဏာသိမ်းတာကို လက်မခံနိုင်လို့ CDM လုပ်တာပဲရှိတယ်၊ ဆရာတို့ကို ဘာကြောင့်ဖမ်းတာလဲဆိုတာ မသိရသေးဘူး၊ ပိုဆိုးတာက အခုလို စစ်ကြောရေးလို နေရာမျိုးကို ပို့တာကတော့ အတော့်ကို လူမဆန်တဲ့လုပ်ရပ်ပဲလို့ မြင်တယ်၊ စစ်ကြောရေးမှာ ဆရာတို့ ကောင်းကောင်းမွန်မွန် ရှိနေပါစေလို့ပဲ မျှော်လင့်ဆုတောင်းပေး နေရတာပေါ့”ဟု ပြောသည်။
မန္တလေးတိုင်းအတွင်းမှ CDM ဝန်ထမ်းများအား ကူညီပေးနေသူတဦးကလည်း “CDM တွေ ဖမ်းခံနေရတာကတော့ အဖြေက ရှင်းပါတယ်၊ အဓိက ငွေညှစ်ချင်လို့ပဲ၊ နောက်ပြီးတော့ CDM လုပ်ရင် ဒီလို လုပ်ခံရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဖိအားပေးတာမျိုးပေါ့၊ ပြီးတော့ အခြေအနေယိုင်နဲ့လာတဲ့ စစ်ကောင်စီက အခုနောက်ပိုင်းမှာ CDM ဝန်ထမ်းတွေကို ပိုပြီး ဖိအားပေးလာတယ်၊ ဒါကြောင့် အခုအချိန်ထိ တောင့်ခံပေးနေကြတဲ့ CDM တွေအနေနဲ့ ဆက်ပြီး တောင့်ခံပေးကြဖို့လိုသလို သတိလည်း ထားစေချင်ပါ တယ်”ဟု ပြောသည်။
တောင်ကြီးမြို့ရှိ ပုဂ္ဂလိကဆေးရုံများတွင် CDM ကျန်းမာရေးဝန်ထမ်းများ ခန့်ထားခြင်း ရှိ၊ မရှိကို စစ်ကောင်စီ လက်အောက်ခံအဖွဲ့က မကြာခဏ ရှောင်တခင် ဝင်စစ်ဆေးနေသည်များ ရှိသည့်အပြင် ဆရာဝန်၊ သူနာပြုနှင့် ဝန်ထမ်းစာရင်းများကိုလည် လိုက်လံစစ်ဆေးနေခြင်းဟု သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မေလ ၁၈၊ ၁၉ ရက်များက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က တောင်ကြီးမြို့ရှိ မြတ်တော်ဝင်၊ သံဃာ့ဆေးရုံ၊ မိုးသုခဆေးရုံ၊ ပန်းလှိုင်ဆေးရုံ၊ ပတ္တမြားဆေးရုံနှင့် ပုဂ္ဂလိကဆေးခန်းများကိုပါ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။