ယခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံနေရာအနှံ့ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးများ ဆက်တိုက်ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ သည့်အတွက် တိုက်ပွဲများမှ တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များအနေဖြင့် စားနပ်ရိက္ခာလိုအပ်ချက်များအပြင် ရာသီဥတုဘေးများပါ ရင်ဆိုင်ကြုံတွေ့နေရ၍ ခက်ခဲနေကြကြောင်း သိရသည်။
စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် ကရင်ပြည်နယ်အတွင်း၌ မိုးများဆက်တိုက် ရွာသွန်းလျက်ရှိ သလို သောင်းရင်းမြစ်ရေ မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်စခန်းများတွင် ရေကြီးရေလျှံမှုဖြစ်ပွားကာ နေရာ ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ရကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU)၏ နိုင်ငံခြားရေးဌာန အကြီးအကဲ ပဒိုစော တောနီး က ပြောသည်။
ပဒိုစောတောနီးက “ လောလောဆယ်တော့ နေရာ ရွှေ့ရတာပေါ့။ ရေကလည်း တက်လာတယ်။ ကမ်းကလည်း ဟိုပြို ဒီပြို နေတဲ့နေရာတွေနဲ့လည်း နီးလာတော့ လူထောင်ကျော် နေရာ ရွှေ့နေရတယ်။ စားဖို့သောက်ဖို့ကတော့ ကျနော်တို့ စခန်း (Camp) တွေ တော်တော်များများ တော့ ရှိတယ်။ ၁ လ၊ ၂ လလောက်တော့ အလျင် မှီပါသေးတယ်။ ဒါပေမယ့် သိပ်တော့ ဖောဖောသီသီတော့ မဟုတ် ဘူး။ ပင်မ စားသောက်ကုန်တွေတော့ ရှိပါသေးတယ်” ဟု ပြောသည်။
ထို့ပြင် မြဝတီမြို့နယ်ထဲမှ စစ်ဘေးရှောင်ဒုက္ခသည် စခန်းတချို့မှာ စိုးရိမ်ရေမှတ် ကျော်နေသဖြင့် ရိက္ခာ သယ်ယူရေး လမ်းကြောင်းများတွင် အခက်အခဲရှိနေကြောင်း သိရသည်။
မေလ ၂၁ ရက်တွင် ကမ်းပါးပြိုကျမှုကြောင့် မြဝတီတောင်ပိုင်းရှိ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၂၅၀ ကျော်မှာ အိမ်တလုံးလျှင် မိသားစု ၃ စု စုပေါင်း၍ နေထိုင်ကြရပြီး ၎င်းတို့မှာ ရသေ့ဂူ၊ မယ်ဝါးခီး၊ ဖလူးလေး စသည့် ဒေသများမှ ဖြစ်ကြသည်။
အဆိုပါ ဒေသအတွင်း ဒုက္ခသည် ၄၀၀ ကျော်ရှိသည့် အခြားစခန်းတခုတွင်လည်း မိုးရွာသွန်းမှုကြောင့် ရိက္ခာ သယ်ယူရေးအတွက် ခက်ခဲနေကြောင်း ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။
လေးကေကော်ဒေသရှိ သူကြီးက “မိုးထပ် ရွာရင်တော့ ရေတွေ ထက်တက်လာရင် တောင်ကျရေဆိုတာ့ စိုးရိမ်စရာ ရှိတာပေါ့။ ကမ်းနားမှာနေတဲ့သူတွေ ကမ်းပါးပြိုရင် တအား စိုးရိမ်စရာ ရှိတယ်။ လောလောဆယ်တော့ အထိအခိုက် တော့ မရှိသေးဘူး” ဟု ပြောသည်။
မေလ ၂၂ ရက်တွင်လည်း ဒုက္ခသည် ၉၀၀ နီးပါးခန့်ရှိသည့် စခန်းတခုကို ရွှေ့ပြောင်းခဲ့ရပြီး အဆိုပါ ဒုက္ခသည်များမှာ လေးကေ့ကော်၊ မယ်ဝါးခီး၊ ဖလူးလေး စသည့် နေရာများမှ ဖြစ်ကြသည်။
လေးကေ့ကော်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ၅ လအတွင်း စစ်ဘေးဒုက္ခသည်စခန်း ၅ ခု၌ စစ်ဘေးရှောင် ၁ သောင်း ကျော် နေထိုင်ကြကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ မေလ ၂၃ ရက် ထုတ်ပြန်ချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီ မြို့၏ စိုးရိမ်ရေမှတ်အထက်ကို ၅ ပေခွဲခန့် ကျော်လွန် ရောက်ရှိနေပြီး နောက်တရက်အတွင်း မြစ်ရေမှာ ၂ ပေခန့် ဆက် လက် တက်လာနိုင်သည့်အတွက် မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူး သတိပြုနေထိုင်ကြရန် ထုတ်ပြန်ထားသည်။
ထို့ပြင် မေ ၂၂ မှ ၂၆ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အရှေ့ အလယ် ပိုင်းများတွင် မုတ်သုန်လေအား အလွန်ကောင်းနေသဖြင့် ကရင်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ် ၇ ခု၌ မိုးကြီး ခြင်း၊ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး မိုးရေချိန်မှာ ၃ လက်မနှင့်အထက် ရွာသွန်းနိုင်ကြောင်း မိုးဇလက ခန့် မှန်းထားသည်။
အဆိုပါ ကာလအတွင်း မိုးသည်းထန်ပြီး လေပြင်း တိုက်ခတ်မှုနှင့်အတူ ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ် ပေါ်နိုင်သောကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ချောင်းငယ်အနီးတွင် နေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုကို ကြိုတင်သတိပြုကြရန် မိုးဇလမှ မေ ၂၃ ရက်က အသိပေး ထားသည်။
စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် ကရင်နီ (ကယား) ပြည်နယ်တွင်လည်း မိုးရာသီရောက်လာသည်နှင့် အမျှ နေရာထိုင်ခင်း အခက်အခဲများနှင့် ရိက္ခာသယ်ယူရေး ခက်ခဲလာကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ကိုဗညားက ပြောသည်။
ကိုဗညားက “အခုတော့ မိုးတွေရွာနေတော့ ကြုံရတာ ၂ ခု ရှိတယ်။ တခုကတော့ လမ်းပန်း ဆက်သွယ်ရေးပေါ့။ စစ်ရှောင်တွေ အများဆုံးနေတဲ့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက လမ်းကောင်းတဲ့နေရာတွေ မဟုတ်ဘူးပေါ့။ အဲဒီ နေရာတွေကို သွားရလာရတာ စားနပ်ရိက္ခာတွေ သယ်ရတာ ခက်ခဲတယ်။ နောက်တခုက စစ်ရှောင်တွေအတွက် အမိုး အကာတွေ လုံခြုံမှု မရှိတော့ မိုးကြီးလေကြီးတော့ မကြာခဏ ပျက်စီးတယ်” ဟု ပြောသည်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တခုတည်းတွင်ပင် စစ်ဘေးရှောင် ၈ သောင်း ဝန်းကျင်ရှိကာ မိုးဗြဲ-ဖယ်ခုံ တိုက်ပွဲ များကြောင့် စစ်ရှောင် ၅ ထောင် နီးပါး တိုးလာခဲ့ပြီး ကယားပြည်နယ်အတွင်း စစ်ရှောင်ဦးရေ ၂ သိန်း ၂ သောင်းခန့် ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ် နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုး မီးရှို့လျက်ရှိသည့် စစ်ကိုင်းတိုင်းအတွင်း၌လည်း စစ်ရှောင်နေ ကြသည့် ကျေးရွာဒေသခံများအတွက် စားနပ်ရိက္ခာနှင့် နေရထိုင်ခင်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။
ကလေးမြို့၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်အရှေ့ခြမ်းရှိ ကျေးရွာများ၊ ခင်ဦး၊ ရေဦး၊ မင်းကင်း၊ ယင်းမာပင်၊ ကနီ အစ ရှိသည့် မြို့နယ်များရှိ ကျေးရွာများမှာ စစ်ကောင်စီတပ်၏ ရွာမီးရှို့မှုများကြောင့် နီးစပ်ရာ တောများအတွင်း တိမ်းရှောင် နေကြရပြီး အမိုးအကာနှင့် စားနပ်ရိက္ခာ အခက်အခဲများ ကြုံနေရကြောင်း ဒေသခံများက ဆိုသည်။
ဝက်လက်မြို့နယ်ရှိ ဒေသခံတဦးက “မိုးတွင်းလည်းဖြစ်တော့ ငှက်ဖျားတွေ ဘာတွေတော့ မရှိပေမယ့် စောင်တွေ အလုံ အလောက် မရှိတော့ ဖျားတာတွေ နာတာတွေ ရှိတယ်။ မိုးကာတွေ ဘာတွေကလည်း မရှိတော့ ဒုက္ခရောက်ကြရ တာပေါ့ဗျာ။ ရိက္ခာလည်း အလုံအလောက် မရှိဘူး။ မီးဘေးသင့်ပြည်သူတွေမှာလည်း ဘိုးဘွားပိုင် မြေတွေ ဆုံးရှုံးရ တော့ နစ်နာရတာ။ မိုးဦးကျချိန်မှာ လယ်လုပ်ရမှာကို မလုပ်နိုင်ဘဲအကုန်ပစ်ပြေးကြရတဲ့အပြင် အကုန် မီးရှို့ခံရတော့ ဘာမှ မယူလာနိုင်ဘူး။ စားဖို့လည်း အခက်အခဲတွေရှိပါတယ်။ စစ်ကောင်စီတွေကလည်း တော်တော်လေးကို နာကြည်း မုန်းတီးနေပြီ” ဟု ပြောသည်။
မင်းကင်းမြို့နယ်အတွင်းမှ စစ်ဘေးဒုက္ခသည် ငါးထောင်ဝန်းကျင်မှာလည်း မိုးတွင်းကာလအတွက် မိုးကာနှင့် ဆေးဝါး၊ ရိက္ခာ လိုအပ်ချက်ရှိနေကြောင်း သိရသည်။
လွတ်လပ်သော သုတေသနအဖွဲ့တခု ဖြစ်သည့် Data for Myanmar အဖွဲ့၏ စာရင်းများအရ စစ်ကိုင်းတိုင်းတွင် မတ် လအတွင်း နေအိမ် ၁၂၇၈ လုံးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ပြီး ဧပြီလတွင်၂၅၁၂ လုံးကို မီးရှို့ခဲ့ ကြောင်း ဆိုထားသည်။
အဆိုပါ ဖြစ်စဉ်များအနက် ဧပြီလတွင်း မီးရှို့ခံရမှုတွင် ခင်ဦး၊ မင်းကင်း၊ မြင်းမူနှင့် ဝက်လက်မြို့နယ်များတွင် အများဆုံး ဖြစ်ပြီး နေအိမ်၂၀၀ နှင့် ၅၀၀ ကြားတွင် ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ရှောင်များကို ကူညီမှုများ လုပ်ဆောင်ပေးနေသည့် အဖွဲ့များအနေဖြင့်လည်း ရွာလုံးကျွတ် မီးရှို့ခံရမှုကြောင်း တိမ်းရှောင်နေရသည့် စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် လိုအပ်သည့် နေထိုင်ရေးအတွက် ပြည်သူများက ဝိုင်းဝန်း၍ ကူညီထောက်ပံ့ပေးကြရန် တောင်းဆိုထားကြသည်။
စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် စစ်ဘေးဒုက္ခသည် ငါးသိန်း ကိုးသောင်းကျော်အထိ ရှိလာကြောင်း ကုလ သမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (United Nations OCHA) က မေ ၁၁ ရက်က ထုတ်ပြန်ထားပြီး မြန်မာပြည် အရှေ့တောင်ပိုင်းက ဒုက္ခသည် နှစ်သိန်းခွဲနီးပါး ပါဝင်နေကာ အဆိုပါ ဒုက္ခသည်များမှာ မိုးရာသီ၏ဒဏ်ကို တောထဲတောင်ထဲမှာ ရင်ဆိုင်နေကြရကြောင်း ထုတ်ပြန်ထားသည်။
You may also like these stories:
ဒုက္ခသည်တွေ ကူညီမှာလား၊ စစ်ကောင်စီကို ကူညီမှာလား
လူသားချင်းစာနာမှု အကူအညီများ စစ်ကောင်စီသို့ မပေးရန် NUG နှင့် မဟာမိတ်များ ကန့်ကွက်
မြန်မာကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ထိုင်းက နယ်စပ်ဖြတ်ကျော်ခွင့်ပေးပါ