ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် ဖလူး-ဝေါလေဒေသအတွင်းက သေဘောဘိုးစစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်များ သိမ်းပိုက်ယူအပြီး စစ်ကောင်စီဖက်က ခြေလျင်စစ်ကူပေးနိုင်သည့် အခြေအနေမရှိတော့ဟု ဒေသခံ ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်မှူးများက ဧရာဝတီသို့ ပြောဆိုသည်။
“ဖလူးနဲ့ သေဘောဘိုးဆိုတာ ၁၅ မိုင်လောက်ပဲဝေးတာ၊ အရင်တုန်းကဆို အခုလိုဖြစ်ရင်စစ်ကူလိုက်တာတို့ စစ်ကူလိုက်ဖို့ အသင့်ပြင်တာတွေ လုပ်လုပ်တယ်၊ အခုကတော့ ဘောင်းဘီတိုနဲ့ ဘုရားမှာ အများကြီးပဲ ထိုင်နေကျတယ်၊ သူတို့နဲ့မဆိုင်တော့ဘူးဆိုတဲ့ ပုံစံနဲ့” ဟု ဖလူးဒေသမှ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်ရေးတာဝန်ရှိသူတဦးက ပြောသည်။ KNLA သည် လက်အောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။
မေလ ၁၈ ရက်နေ့တွင် စစ်ကောင်စီ၏သေဘောဘိုးစခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် နေစဉ် အဆိုပါစခန်းနှင့် ၁၅ မိုင်သာဝေးသော ဖလူးဒေသတွင် တပ်မ ၄၄ လက်အောက်ခံ ခမရ (၁) တပ်ရင်း ရှိသော်လည်း အဆိုပါတပ်ရင်းမှ အရာရှိစစ်သည်များသည် သူတို့နှင့်မသက်ဆိုင်သလို နေထိုင်နေကြခြင်းကို ရည်ရွယ်ပြောဆိုခြင်းဖြစ်သည်။
သေဘောဘိုးစခန်းသည် KNU ၏ တပ်မဟာ ၆ သတ်မှတ်နယ်မြေအတွင်း တည်ရှိပြီး
စစ်ဆင်ရေးများ၌ အဓိကကျသော ထောက်ပံ့ရေးနှင့် စစ်ကူပေးနေသော စစ်ကောင်စီ တပ်ရင်းမှူးအဆင့်ဦးစီးကာ အင်အား ၃၀ မှ ၅၀ ခန့်အထိ အခြေစိုက်သည့် စခန်းတခုလည်းဖြစ်သည်။
တိုက်ပွဲအတွင်း ဒုတပ်ရင်းမှူးတဦး၊ တပ်ခွဲမှူးတဦးအပါအဝင် ရုပ်အလောင်း ၅ လောင်းနှင့် အရှင်ဖမ်းမိ သူ ၇ ဦးရှိခဲ့ ပြီး လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
တပ်မဟာ ၅ နှင့် တပ်မဟာ ၁ ဒေသများတွင် ဖြစ်ပွါးသော တိုက်ပွဲများတွင်လည်း စစ်ကောင်စီဖက်က စစ်ကူပေးနိုင်ခြင်းမရှိတော့ကြောင်း အဆိုပါဒေသတွင် တာဝန်ထမ်းဆောင်နေသော KNLA တပ်မှူးအချို့ကဆိုသည်။
အခုလို စခန်းသိမ်းတိုက်ပွဲများနှင့် ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခံရသည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ အချင်းချင်း စစ်ကူမပေးနိုင်သည်မှာ မတ်လဆန်းလောက်မှ စတင်ဖြစ်လာသည်ဟု ၎င်းတို့က ဆိုသည်။
ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့များအကြား တဖွဲ့နှင့် တဖွဲ့စစ်ကူ မပေးနိုင်သည်မှာ အင်အားလျော့နည်းလာခြင်းကြောင့်ဖြစ်နိုင်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
“ စစ်ကူလိုက်ဖို့ အင်အားဖြည့်ဖို့ဆိုတာက ရှိသမျှအင်အား ၃၀-၄၀ လောက်နဲ့က ၁၀ မိုင် ၁၅ မိုင်ခရီးကို သွားဖို့ အဆင်မပြေလောက်ဘူး၊ ကြားက ဖြတ်တိုက်ခံရတာနဲ့တင် တဝက်လောက်ကကုန်မှာ” ဟု KNLA တပ်မဟာ ၆ မှ တာဝန်ရှိသူတဦးက သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီလက်အောက်ခံ ရှေ့တန်းထွက်လာသော တပ်ရင်းတရင်း၏ စုစုပေါင်းစစ်သည်အင်အားမှာ ၆၀ နှင့် ၇၀ ကြားသာရှိသည်ဟု CDM ပြုလုပ်လာသော စစ်ကောင်စီတပ်မှအရာရှိစစ်သည်များက ပြောသည်။
“လူအင်အားက ဖွဲ့စည်းပုံမပြည့်တော့ပေမယ့် သယ်ရတဲ့ပစ္စည်းတွေက လျော့မသွားဘူးလေ။ ခဲယမ်းက အပြည့်သယ်ရတာ မနိုင်မနင်းနဲ့ ခေါင်းကြီးတွေစိုက်ပြီး သယ်ရတာ၊ ကြားကဖြတ်တိုက်ရင် အကုန်လစ်တာပဲ” ဟု ဧပြီလဆန်းပိုင်းက တပ်မဟာ ၆ သို့ CDM ပြုလုပ်လာတဲ့ စစ်ကောင်စီတပ်သားတဦးကပြောသည်။
ထို့ကြောင့် စခန်းသိမ်းတိုက်ပွဲများနှင့် ရင်ဆိုင်တိုက်ပွဲများတွင်စစ်ကောင်စီဖက်က ခြေလျင်စစ်ကူမပေးနိုင်ပဲ လေကြောင်းပစ်ကူသာ ပေးနိုင်သည့်အခြေအနေဖြစ်လာနေသည်။ သို့သော် စစ်ကူလာသည့်လေကြောင်းပစ်ကူကြောင့် ရင်ဆိုင်တိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား အများအပြား သေဆုံးရသည်ဟု ဧပြီလဆန်းပိုင်းက CDM ပြုလုပ်လာသည့် စစ်သည်အချို့က ဆိုသည်။
“စခန်းကို ရန်သူက ရာခိုင်နှုန်းအားဖြင့် ၇၀ ရာခိုင်နှုန်းလောက်သိမ်းထားနိုင်ပြီဆိုရင် သူတပ်ဖွဲ့ဝင်တွေ ထိခိုက် ဒဏ်ရရသူတွေရှိနေတာတွေ နားမလည်တော့ဘူး၊ စခန်းပေါ် တည့်တည့်ကို ဗုံးကျဲချတာ၊ အဲဒီဗုံးကြောင့် သူတို့ဖက်က အထိအခိုက် အကျအဆုံး များတာတွေ ရှိတယ်” ဟု KNU တပ်မဟာ ၆ အဆင့်မြင့်အရာရှိတဦးက ပြောသည်။
မေလ ၁၈ ရက်နေ့က သေဘောဘိုးစခန်းအား KNLA ပူးပေါင်းအဖွဲ့များက သိမ်းပိုက်လိုက်သည့် အတွက် မြဝတီ-ဖလူး-ဝေါလေ လမ်းအား KNU က ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။
အချို့သော စစ်ကောင်စီ စခန်းများအား KNLA တပ်ပေါင်းစုများက မသိမ်းပိုက်နိုင်သေးသော်လည်း စစ်ကောင်စီ တပ်ဖက်မှ အင်အားသိသိသာသာလျော့နည်းလာသည့်အတွက် နယ်မြေစိုးမိုးရေး မလုပ်နိုင်သည့်အခြေအနေ ဖြစ်လာနေပြီဖြစ်သည်။
ထို့အပြင် စစ်ကောင်စီဖက်မှ ကူညီတိုက်ခိုက်ပေးနေသော စစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့များ မကြာသေးခင်က တပ်မဟာ ၁ နှင့် ၅ နယ်မြေများမှ ပြန်ဆုတ်သွားသည်။
ဆုတ်ခွာသွားသည့် BGF တပ်ဖွဲ့ဝင်အင်အား စုစုပေါင်းသည် ၁၀၀၀ ဝန်းကျင်ခန့်ရှိပြီး BGF တပ်ဖွဲ့၏ တပ်နယ် ၃ ဖြစ်သည့် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသဘက်သို့ နေရာရွှေ့ခြင်း ဖြစ်ကြောင်းသိရသည်။
BGF တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီး စောချစ်သူက BGF တပ်ဖွဲ့ဝင်များ တပ်ဆုတ်သည်မှာ စစ်ကြောင်း ပြန်နားခြင်းဟု ပြောသော်လည်း မြဝတီမြို့ လုံခြုံရေးအတွက် စစ်အင်အား ပြောင်းရွှေ့ချထားခြင်း ဖြစ်သလောဟုလည်း မေးခွန်းထုတ်နေကြသည်။
You may also like these stories:
နှစ်ပေါင်းသုံးဆယ်ကျော် အကြာမှာ ပြန်တိုက်ယူနိုင်ခဲ့တဲ့ သေ့ဘော့ဘိုး စခန်း
KNU တပ်မဟာ ၁ နှင့် ၅ က BGF တပ်တွေ ပြန်ဆုတ်
ကချင်ပြည်နယ်အတွင်းရှိ BGF နှင့် ပြည်သူ့စစ်များကို တိုက်မည်ဟု KIO ကြေညာ
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေး