အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးဇော်ဌေးသည် မေလ ၂၃ တနင်္လာနေ့က နံနက်ပိုင်းက နေပြည်တော်တွင် နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွားခဲ့သည်။
သူသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး NLD ပါတီ၏ ရွေးကောက်ပွဲအောက်ပွဲအပေါ် သံသယ ဝင်စွပ်စွဲပြောဆိုနေသူများသည် နိုင်ငံရေးအရ မိမိကိုယ်ကို သတ်သေခြင်းဖြစ်သည်ဟု တုံ့ပြန် ပြောဆိုခဲ့ပြီး မဲစာရင်းအကြောင်းပြချက်များဖြင့် အာဏာသိမ်းရန် ပြင်ဆင်နေသော ထိုအချိန်က စစ်တပ်ကို အကြီးအကျယ်ဒေါသထွက်စေခဲ့သည်။
ဦးဇော်ဌေးသည် ကွယ်လွန်ချိန်တွင် အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်သည်။
တချိန်က မြန်မာစစ်တပ်မှ ဗိုလ်မှူး(ငြိမ်း) ဖြစ်ပြီး သူသည် အစောပိုင်းကာလပိုင်းများတွင် စစ်တပ်က ကျောထောက်နောက်ခံပေးထားသော သမ္မတဦးသိန်းစိန်၏ သမ္မတရုံး ညွှန်ကြားရေးမှူးရာထူးဖြင့် အစိုးရပြောရေးဆိုခွင့်ရှိသူအဖြစ် ၂၀၁၁ ခုနှစ်တွင် စတင်တာဝန်ယူခဲ့သည်။
၂၀၁၆ ခုနှစ်တွင် အာဏာရလာသော NLD အစိုးရကလည်း ဦးဇော်ဌေးကို ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့သလို ၎င်းတို့အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ အဖြစ် ဆက်လက်ထားရှိခဲ့သည်။
မြန်မာစစ်တပ်၊ ၎င်း၏ နောက်ခံပေးထားသော ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(USDP) နှင့် ၎င်းတို့၏ မိတ်ဖက်အဖွဲ့များက NLD သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ဥပဒေ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်သည်ဟု စွပ်စွဲပြောဆိုသောအခါ ဦးဇော်ဌေးက ၎င်းတို့၏ ပြေဆိုချက်များကို ပယ်ချခဲ့သည်။ အဆိုပါစွပ်စွဲချက်များကို “ အရှုံးကို လက်မခံနိုင်သော သူများ၏ လုပ်ရပ်များ ” ဖြစ်ဟု တုံ့ပြန်ပြောဆိုသည်။
ရွေးကောက်ပွဲရလဒ်ကို မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူတွေက သေသေချာချာသိကြောင်း သူက ပြောသည်။
“မဟုတ်မမှန်စွပ်စွဲပြောဆိုမှုတွေ လုပ်နေတဲ့သူတွေက နိုင်ငံရေးအရ ကိုယ့်ကိုကိုယ် သတ်သေတာလို့ ကျနော်ပြောချင်တယ်” ဟု ၂၀၂၁ ခုနှစ် ဇန်နဝါရီလ အစောပိုင်းက ပြုလုပ်သည့် NLD အစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် သူက ပြောကြားခဲ့သည်။
ထိုသတင်းစာရှင်းလင်းပွဲသည် သူ့အတွက် နောက်ဆုံး သတင်းစာရှင်းလင်းပွဲဖြစ်သည်။
NLD အစိုးရက ရွေးကောက်ပွဲတွင် လိမ်လည်မှုများ လုပ်ခဲ့သည်ဟုဆိုသော စွပ်စွဲချက်များဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။
အာဏာသိမ်းမှုသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆန့်ကျင်ဆန္ဒပြမှုများနှင့် ကြုံ့တွေ့ခဲ့ပြီး ယခုအချိန် အထိ လူမှုရေး နှင့် နိုင်ငံရေးမငြိမ်သက်မှုများက စစ်တပ်၏ အာဏာသိမ်းမှု မအောင်မြင်သေးကြောင်း သက်သေများပင် ဖြစ်သည်။
အာဏာသိမ်းပြီးနောက် ဦးဇော်ဌေးသည် ရွေးကောက်ပွဲနှင့် ပတ်သက်သော ၎င်း၏ NLD အစိုးရ ကိုယ်စားတုံ့ပြန်ပြောဆိုချက်များကြောင့် လအတော်ကြာ ထိန်းသိမ်းခံခဲ့ရသည်။
နောက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း နေပြည်တော်နယ်နိမိတ်အတွင်းမှာပင် နေထိုင်စေခဲ့ပြီး တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံရသည်။
ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ရိုဟင်ဂျာအရေး ပေါ်ပေါက်လာသော အခါတွင် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ထိုပြဿနာသည် နယ်မြေပိုင်ဆိုင်မှုတောင်းဆိုခြင်း နှင့် အခြားပြဿနာများ ပါဝင်နေပြီး ထင်ထားသလောက် မရိုးရှင်းကြောင်း ပြောခဲ့သည်။ ထိုမှတ်ချက်ကြောင့် ပြည်တွင်းပြည်ပရှိ တက်ကြွလှုပ်ရှားသူများ၏ ရှုတ်ချခြင်းကို ခံခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် အရပ်သားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ခံရမှုတွင်လည်း ယခင်က စစ်တပ်အရာရှိဟောင်းဖြစ်ခြင်းနှင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်၍ အစပိုင်းတွင် သံသယများနှင့် ရင်ဆိုင်ခဲ့ရသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွင် ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေး စိတ်ထားရှိသော စစ်တပ်အရာရှိဟောင်း လက်တဆုပ်စာတွင် သူကိုယ်တိုင်ပါဝင်ကြောင်း သက်သေပြခဲ့ပြီး သူ့ကို အရင်က ဝေဖန်နေခဲ့သူများထံမှ လက်ခုပ်သံတချို့ ရခဲ့သည်။
သူကိုယ်တိုင်လည်း NLD အစိုးရလက်အောက်တွင် အလုပ်လုပ်နေရသည်ကို ပျော်နေပုံရသည်။ ၂၀၂၀ ခုနှစ်နှောင်းပိုင်း ဧရာဝတီသတင်းဌာန၏ အယ်ဒီတာတဦးက ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ အစိုးရအပေါ် မည်သို့ ထင်မြင်မိကြောင်း မေးမြန်းသောအခါ “သူက ကျနော်တို့အပေါ် လူသားတွေ အဖြစ် သဘောထားတယ်။ အဲဒါက အရင်စစ်ဗိုလ်ချုပ်အစိုးရတွေမှာ လုပ်ခဲ့ရတာနဲ့ မတူဘူး” ဟု စစ်တပ်အရာရှိဟောင်းများအတွက် အလုပ်လုပ်ပေးခဲ့သည့် ဦးဇော်ဌေးက ပြန်ပြောဖူးသည်။
You may also like these stories:
ကွယ်လွန်သူ ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ အကြောင်း တစေ့တစောင်း
ဒေါ်အောင်ဆန်းစုကြည်အား အဂတိမှု ၄ မှုအတွက် စွဲချက်တင်မတင်အမိန့်ချမည်
ဒေါက်တာ ဇော်မြင့်မောင် မျက်စိခွဲစိတ်မည်ဖြစ်၍ ရုံးချိန်းများ ရွှေ့ဆိုင်း
ပွဲလန့်တုန်းဖျာခင်းမယ့် ကြံ့ခိုင်ရေးပါတီ