နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက အဂတိမှု ၄ မှုဖြင့် စွပ်စွဲတရားစွဲဆို ထားမှုအား ယနေ့တွင် နေပြည်တော်ရှိ အထူးသီးသန့်တရားရုံးက စွဲချက်တင်အမိန့် ချမှတ်လိုက်သည်။
အဆိုပါ အဂတိမှု ၄ မှုမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း စီမံကိန်းများအား အစိုးရက မြေနေရာချမှုပေးတွင် နိုင်ငံတော်အနေ ဖြင့် နစ်နာဆုံးရှုံးမှုများ ရှိသည်ဟုစွပ်စွဲကာ တရားစွဲဆိုထားသည့်အမှုများ ဖြစ်သည်။
ယင်းအမှုများနှင့် ပတ်သက်ပြီး တရားရုံးက စွဲချက်တင်အမိန့် ချမှတ်ခဲ့သည့်အတွက် နောက်ရုံးချိန်းဖြစ်သည့် မေ ၃၁ ရက်တွင် တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်အား ပြန်ခေါ်သက်သေ အနေဖြင့် စစ်ဆေး မည် ဖြစ်ကြောင်း သိရသည်။
ယနေ့ ရုံးချိန်းတွင် စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ မောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်လာ ၅ သိန်းခွဲ လာဘ် ပေးခဲ့သည်ဟုဆိုကာ အဂတိမှုဖြင့် စွပ်စွဲတရားစွဲဆိုထားမှု၌ တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးရဲထက်အား အပြန်အလှန်စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် မောင်ဝိတ်ကို စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွပ်စွဲမှုများစွာဖြင့် အမှုတဒါဇင်ထက်မနည်း တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်များ လည်း ချမှတ်ထားသည်။
ပြီးခဲ့သည့် ဧပြီ ၂၇ ရက်ကတည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်အား ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်း လာဘ်ပေးခဲ့ရသည်ဟုစွပ်စွဲကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် တရား စွဲဆိုမှုအား ထောင်ဒဏ် ၅ နှစ် ကျခံစေရန် အမိန့်ချထားသည်။
ယင်းထောင်ဒဏ်ချမှတ်မှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်လက်ခံမှု မရှိသည့်အတွက် အဆင့်ဆင့် အယူခံတင်သွင်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စစ်ကောင်စီက စွပ်စွဲတရားစွဲဆိုသည့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ် ရေးဥပဒေ ပုဒ်မ ၆၇၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ နှင့် ဦးညီညီဆိုသူက သီးခြားတရားစွဲဆိုသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့မှုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရသော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင်က ထောင်ဒဏ် ၂ နှစ် လျှော့ပေါ့ပေးကြောင်း ကြေညာ ထားသည်။
လက်ရှိတွင်လည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စစ်ကောင်စီ စွပ်စွဲသည့် အဂတိမှုများအား ဆက်လက် ရင်ဆိုင်နေရ သည့်အပြင် စီးပွားရေးအကြံပေးဖြစ်သူ ဩစတြေးလျနိုင်ငံသား ပါမောက္ခရှောင်တာနယ်နှင့်အတူ အစိုးရလျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ ၃-၁(ဂ) ဖြင့် စစ်ကောင်စီ၏ တရားစွဲဆိုမှုကိုလည်း ရင်ဆိုင်ရလျက် ရှိသည်။