ပဲခူးတိုင်း၊ အရှေ့ခြမ်းရှိ ကျောက်ကြီးနှင့် မုန်းမြို့နယ်များတွင် အုပ်ချုပ်ရေး ခိုင်မာအားကောင်းရန် ကရင်အမျိုးသား အစည်းအရုံး (KNU) က ကြိုးပမ်းဆောင်ရွက်လာနေကြောင်း ယင်းမြို့နယ်များရှိ KNU တာဝန်ရှိသူများ၏ ထုတ်ပြန် ညွှန်ကြားစာများအရ သိရသည်။
ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်ရှိ KNU အတွင်းရေးမှူးများက မေ ၂၁ ရက်တွင် ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့ ကြခွငျးဖွဈပွီး ယင်းကြေညာချက်ထဲတွင် KNU နယ်မြေအတွင်း မည်သည့်လုပ်ငန်းမဆို လုပ်ကိုင်မည်ဆိုပါက သက်ဆိုင်ရာမြို့ နယ်၏ ခွင့်ပြုချက် ရယူရမည်ဖြစ်ပြီး ဌာနကသတ်မှတ်ထားသည့် စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဟု ဆို ထားသည်။
ကြေညာချက်ပါ လုပ်ငန်းများဆိုသည်မှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသဖွံ့ ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆိုလိုကြောင်း KNU မြို့နယ်တာဝန်ရှိသူများက ပြောသည်။
ထို့ပြင် ဒေသခံများ အနေဖြင့် မိမိတို့ပိုင်ဆိုင်မှုမှန်သမျှကို တရားဝင်အဖြစ် အသိအမှတ်ပြုရန်အတွက် KNU မြို့နယ်ရုံး များထံ တရားဝင်မှတ်ပုံတင် လျှောက်ထားရမည် ဖြစ်ကြောင်း ကျောက်ကြီးနှင့် မုန်းမြို့နယ် KNU အတွင်းရေးမှူးများ၏ ညွှန်ကြားစာတွင် ဖော်ပြထားသည်။
ကျောက်ကြီးနှင့် မုန်းမြို့နယ်ရှိ KNU တာဝန်ရှိသူများနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက အဆိုပါ မြို့နယ်များတွင် နိုင်ငံရေးပါတီအလိုက် သူ့ထောက်ခံသူနှင့်သူ အစုစုရှိနေကြသော်လည်း ယခုအခါ တစုတစည်းတည်း KNU ၏ မူဝါဒ ကို လိုက်နာရန် လိုအပ်လာသဖြင့် ယခုကဲ့သို့ ညွှန်ကြားလွှာ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
၎င်းက “လက်ရှိ အခြေအနေမှာ ကျနော်တို့ ပြည်သူတွေဟာ အကွဲကွဲအပြားပြားတွေ ဖြစ်ကြတာပေါ့။ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ကျနော်တို့ ပြည်သူတွေဟာဆိုရင် နီတဲ့ဟာနီ၊ စိမ်းတဲ့ဟာစိမ်း၊ ဝါတဲ့ဟာဝါ အကွဲကွဲအပြားပြား ဖြစ်ကြ တယ်။ ပြည်သူတွေအနေနဲ့က တစုတစည်းတည်းနဲ့ ကျနော်တို့ နယ်မြေထဲမှာ KNU ရဲ့ မူဝါဒကို ဆောင်ရွက်ကြဖို့ပါပဲ” ဟု ဆိုသည်။
ထို့ပြင် ညွှန်ကြားစာတွင် KNU ၏ စီမံအုပ်ချုပ်မှုနယ်မြေအတွင်း မူးယစ်ဆေးနှင့် လောင်းကစားကိစ္စများ လုပ်ကိုင်ခြင်း ကို တားမြစ်ထားပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍လည်း မြို့နယ်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန ၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ညွှန်ကြားချက်အား မလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်ပါက KNU ဘက်က ၎င်းတို့ ချမှတ်ထားသည့် ဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူမည်ဟုလည်း KNU က ဆိုထားသည်။
KNU အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ပြည်သူများ အနေဖြင့် ၎င်းတို့ပိုင်ဆိုင်သည့် မြေယာများ အပါအဝင် စက်ယန္တရားများ ကို KNU ထံ မှတ်ပုံတင်ရန်လိုအပ်ပြီး KNU ဘက်ကလည်း ချမှတ်ထားသည့်မူဝါဒအရ အခွင့်အလမ်းများ ပြန်လည် ဖန် တီးပေးမည် ဖြစ်ကြောင်း ကျောက်ကြီးနှင့် မုန်းမြို့နယ်ရှိ KNU တာဝန်ရှိသူများနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက ရှင်းပြသည်။
ယခုကဲ့သို့ ညွှန်ကြားခြင်းသည် KNU တွင် ယခင်က ရှိထားပြီးဖြစ်သည့် မူဝါဒအား ပြန်လည်နှိုးဆော်ခြင်းဖြစ်ပြီး KNU နယ်မြေအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအား လိုက်နာကျင့်သုံးရန် မလိုတော့ကြောင်းလည်း ၎င်းက ဆိုသည်။
ကျောက်ကြီးနှင့် မုန်းမြို့နယ်ရှိ KNU တာဝန်ရှိသူများနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက “နယ်မြေထဲမှာဆိုရင် အုပ်ချုပ်မှုယန္တရားတွေဖြစ်တဲ့ စစ်ကောင်စီက လုပ်တာပဲဖြစ်စေ၊ ကျနော်တို့ အုပ်ချုပ်မှု နယ်မြေထဲ မှာတော့ မလုပ်ရဘူး။ လုပ်ခွင့်မရှိဘူးပေါ့။ သူတို့ အုပ်ချုပ်ရေးယန္တရားကို တည်စရာမလိုဘူး။ သူတို့ရဲ့ လုပ်ရပ်တွေထဲမှာလည်း ကျနော်တို့ ပြည်သူတွေကို မြေစာအဖြစ်မခံနိုင်ဘူး” ဟု ပြောသည်။
ကျောက်ကြီးနှင့် မုန်းမြို့နယ်တို့သည် KNU တပ်မဟာ ၃ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး KNU ညောင်လေးပင်ခရိုင် လက် အောက်တွင် အကျုံးဝင်သည့် ဒေသများဖြစ်ကာ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု မဖြစ်ခင်ကမူ အဆိုပါ ဒေသသည် မြန်မာစစ်တပ်နှင့် KNU တပ်မဟာ ၃ တို့ ထိန်းချုပ်မှု ရောထွေးနေသည့်ဒေသ ဖြစ်သည်။
အဆိုပါ ဒေသအတွင်း လွန်ခဲ့သည့် ၂ နှစ် ၂၀၂၀ ဖေဖော်ဝါရီတွင် KNU ဘက်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA) ဆိုင်ရာ လူထုအသိပညာပေးပွဲအချို့ ပြုလုပ်စဉ်က မြန်မာစစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးပွဲများ ရပ်နားခဲ့ရဖူးသည်။
သို့သော် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီး ၁ နှစ်ကျော်အကြာတွင် KNU ဘက်က ၎င်း၏ အမိန့်ညွှန် ကြားချက်ကို ဒေသခံပြည်သူများ လိုက်နာရန် ထပ်ဆင့်နှိုးဆော်လာခြင်း ဖြစ်သည်။
ကျောက်ကြီးမြို့နယ်ရှိ အမည်မဖော်လိုသည့် ဒေသခံတဦးက “ကျနော်တို့ ဒေသက အရင်းအမြစ်တွေပေါ့။ အင်းတွေ၊ စားကျက်တွေ ဆိုရင်လည်း အလှည့်ကျစနစ်နဲ့ပေါ့။
ပုံမှန်အနေအထားမှာ ရှိတာပေါ့။ အာဏာရှင်တွေ တက်လာတော့ အဲဒါတွေက ပျက်စီးပြီးတော့ ဒေသခံပြည်သူတွေ ပိုင်ဆိုင်တဲ့ အရင်းအမြစ်တွေက အခွင့်အထူးခံလူတန်းစားတွေ၊ ငွေရှိ တဲ့သူတွေနဲ့ အာဏာရှိတဲ့သူတွေဆီ ရောက်လာတာပေါ့။ အခုလို လုပ်လိုက်ပြီးရင် KNU က ပြန်လည် စီမံခန့်ခွဲပြီးတော့ ဒေသခံတွေကို အလှည့်ကျ ပြန်လည်လုပ်ပိုင်ခွင့်ပေးမှာ ဖြစ်တဲ့အတွက် ပြဿနာတော့ မရှိပါဘူး” ဟု ပြောဆိုသည်။
မြန်မာနိုင်ငံအခြေစိုက် တိုင်းရင်းသားအရေးလေ့လာသူတဦးက လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီသည် ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များကို တပ်ဖြန့်ထားပါက အလွယ်တကူ တိုက်ခိုက်ခံရနိုင်သဖြင့် အုပ်ချုပ်ရေး အားကောင်း ရန် ဖြန့်ထားသောတပ်ဖွဲ့များကို ပြန်လည်စုစည်းနေရကြောင်း ပြောသည်။
ထိုသို့ တပ်များအား စုစည်းလိုက်ရသောအခါ ၎င်းတို့ ဆုတ်ခွာသွားသည့် နေရာများတွင် စစ်တပ်၏ဩဇာ လျော့ကျ သွားပြီး လစ်လပ်သွားသည့် အုပ်ချုပ်ရေးလေဟာနယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ် ရေးတပ်များက အုပ်ချုပ်ရေး တည်ဆောက်လာခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
ဆက်လက်၍ ၎င်းက “နယ်မြေမှာ စစ်တပ်စိုးမိုးမှု လျော့ကျသွားတာနဲ့ EAO တွေရဲ့ အုပ်ချုပ်မှုတွေ ထူထောင်နိုင်တာပဲ။ ဒါက KNU မှာလည်း ဒီအတိုင်းပဲ။ KIA (ကချင်လွတ်မြောက်ရေးတပ်) မှာလည်း ဒီအတိုင်းပဲ။ AA (ရက္ခိုင့်စစ်တပ်) မှာ လည်း ဒီအတိုင်းပဲ။ ယောဒေသမှာ ဆိုရင်လည်း ဒီအတိုင်းပဲ။ သူ (စစ်ကောင်စီ) က စခန်းငယ်တွေ ရုပ်သွားတယ်။ ရဲ စခန်းငယ်တွေ ရုပ်သွားတယ်ဆိုရင် ဘာလုံခြုံရေးမှမရှိတာနဲ့ တိုင်းရင်းသားတပ်တွေ၊ PDF တပ်တွေရဲ့ အုပ်ချုပ်ရေးဟာ အဲဒီလွတ်သွားတဲ့နေရာမှာ ထူထောင်လာတော့တာပဲ” ဟု ရှင်းပြသည်။
ထိုသို့ စစ်တပ် ဆုတ်ခွာသွားရသည့်နေရာတွင် အာဏာသိမ်းမှုကြောင့် လူထုထောက်ခံမှု လျော့ကျနေပြီး တပ်အင်အား မလုံလောက်မှု ပြဿနာနှင့် ကြုံနေရသည့် စစ်တပ်သည် အုပ်ချုပ်ရေး တည်ဆောက်ရန် ပြန်လည်ဝင်ရောက်မည် ဆိုပါ ကလည်း ခုခံမှုများဖြင့် ကြုံရနိုင်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က ဆိုကြသည်။
“စစ်တပ်က မဝင်နိုင်လို့ ဆုတ်သွားတဲ့နေရာမှာ အုပ်ချုပ်ရေးထူထောင်တာ ဖြစ်တဲ့အတွက် စစ်တပ်က ပြန်ဝင်ဖို့ဆိုတာ ခက်ပါတယ်။ သိရသလောက်က ရဲနဲ့တပ် မရှိဘူးဆိုရင် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဟာ ဘာမှ လုပ်မရတော့ဘူး” ဟု မြန်မာနိုင်ငံအခြေစိုက် တိုင်းရင်းသားအရေး လေ့လာသူတဦးက ပြောသည်။
လတ်တလောတွင် ကျောက်ကြီးမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မကြားရသေးသော်လည်း မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးကတည်းက KNU တပ်မဟာ ၃ နယ်မြေတွင် ထိတွေ့တိုက်ပွဲအချို့ ရှိခဲ့ကြောင်း KNU ဗဟို၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
မေလ အလယ်ပိုင်းအတွင်းမှာပင် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်အတွင်းရှိ ရွာသားအချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒေသခံများ မွေးထားသည့် နွားနှင့် ဆိတ်အချို့ သေ ကျေခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။