အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် စစ်ဆင်ရေး အရှိန်မြှင့်တင်တော့မည် ဖြစ်ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဧရာဝတီနှင့် သီးသန့် အင်တာဗျူးတွင် ပြောသည်။
ယာယီသမ္မတ ဒူဝါလရှီးလက “အခုဆို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းပြီး သင်တန်းတွေ ပေးနေပြီ။ လက်နက်တပ်ဆင်ပြီး ပြည်သူတွေ ကို တကယ် ကာကွယ်တဲ့လုပ်ငန်းတွေမှာ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နေပါတယ်။ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတွေ တည်ဆောက်နေပြီ ဖြစ်ပါတယ်။ မကြာခင် မိမိတို့ရဲ့ စစ်ရှိန်ကို မြှင့်တင်ဆောင်ရွက်ပြီးတော့ နယ်မြေစိုးမိုးမှုကို ပိုမိုအားကောင်းလာအောင်လုပ်ဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်” ဟု ပြောသည်။
စစ်အာဏာရှင်များသည် ခေါင်းမာပြီး အလျှော့မပေးသည့် သဘောထား ရှိနေသဖြင့် စစ်ရေးအရှိန်မြှင့်တင်ရန် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်းလည်း ယာယီသမ္မတက ရှင်းပြသည်။
“တချို့ သုံးသပ်ကြတာ ရှိတယ်။ အာဏာရှင်က အရှင်ထွက်မထွက်ပါဘူး။ ခေါင်း အင်မတန်မာတယ်။ အသေထွက် ထွက်မှ ပြီးသွားမယ် ဆိုတာမျိုးလည်း ရှိတယ်။ သူတို့က ဘယ်တော့မှလည်း အရှုံးပေးမှာ မဟုတ်ဘူး။ အမှားကိုဝန်ခံ မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့လည်း သူတို့ သဘောထား တီးခေါက်မိပါတယ်။ ဒါကြောင့်လည်း စစ်ရေးအရ အရှိန် မြှင့်ရမယ်။ ဒါပေမဲ့ စစ်ရေးအရှိန်မြှင့်ဖို့ကို ကျနော်တို့က ကိုယ်ထူကိုယ်ထ ဖြစ်တဲ့အတွက်ကြောင့် သိကြတဲ့အတိုင်းပဲ ကိုယ့်ရဲ့ လက်လုပ်သေနတ်တွေနဲ့ပဲ စလာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ကျနော်တို့ အော်တိုလက်နက်တွေလည်း တော်တော်များများ တပ်ဆင်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ပြောရရင် အရှိန်အဟုန် တော်တော်များလာပြီ” ဟု ထပ်လောင်းရှင်းပြသည်။
ထို့အတူ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကလည်း နွေဦးတော်လှန်ရေး၏ ဒုတိယနှစ်တွင် NUG အနေဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဆက်လက် ကျင့်သုံးမည်ဖြစ်ပြီး ပြောက်ကျားစစ်ထက်ပိုသည့် ထိုးစစ်ဆင် တိုက်ခိုက်မှုများလည်း မကြာမီ မြင်တွေ့ရဖွယ်ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ဆောင်ရွက်နေတဲ့ ခုခံစစ်ဖြစ်တဲ့အတွက် ပြည်သူ့စစ်မဟာဗျူဟာကို ဆက်လက် ပြီးတော့ သုံးစွဲမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပထမတနှစ်မှာတော့ ကျနော်တို့ တည်ဆောက်တာနဲ့ သင်ယူတာကို အဓိက ထားခဲ့ရပါတယ်။ အခုဆိုရင် ကျနော်တို့က အတွေ့အကြုံလည်း တော်တော်ရှိလာတဲ့ အနေအထားမှာ ရှိလာပြီ။ နောက်ပြီးတော့ ကျနော်တို့ စုဖွဲ့မှုတွေလည်း တော်တော်အားကောင်းလာပြီ။ လက်နက်တပ်ဆင်မှုတွေလည်း လိုအပ်ချက်တွေ များစွာရှိနေသေးတယ် ဆိုပေမယ့် အတိုင်းအတာတခုထိ ရောက်လာပြီ ဖြစ်တဲ့အတွက် ဒုတိယနှစ်မှာတော့ စစ်ကောင်စီ ပိုပြီးအထိနာစေမယ့် တိုက်ပွဲဝင်မှုတွေ၊ နောက်ပြီး တိုက်ပွဲအရှိန်မြှင့်တင်မှုတွေ ဖြစ်လာမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် စစ်ကောင်စီတပ်များအား အာဏာသိမ်းမှုဆန့်ကျင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များနှင့် ပူးပေါင်းကာ တိုက်ခိုက်လျက် ရှိသည်။
အလားတူ မြန်မာပြည်တောင်ပိုင်းမြို့များရှိ စစ်ကောင်စီနှင့် ပတ်သက်သူများကို သုတ်သင် ရှင်းလင်းမည့် ‘နန်းထိုက်အောင်’ အမည်ရှိ စစ်ဆင်ရေးတရပ်ကိုလည်း ၂၀၂၂ ဧပြီ ၈ ရက်မှ စတင်ကာ လှုပ်ရှားဆောင်ရွက်နေပြီး ၁ လကျော် အတွင်း တိုက်ခိုက်မှုပေါင်း ၁၂ ကြိမ်ထက်မနည်းကို လုပ်ဆောင်ထားသည်။
လက်ရှိတွင် NUG နှင့် EAO ၅ ဖွဲ့ကြား နိုင်ငံရေး၊ စစ်ရေး အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေပြီး PDF များအား လေ့ကျင့်ရေးနှင့် လက်နက်တပ်ဆင်ရေး ကူညီပေးနေသည့် EAO အဖွဲ့ ၄ ဖွဲ့ခန့် ရှိနေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဌာနက ပြောဆိုထားသည်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်တို့ဖြင့် ဖွဲ့စည်းထားကြောင်း NUG ကာကွယ် ရေးဝန်ကြီးဌာနထံမှ သိရသည်။
ပြီးခဲ့သည့် ၁ နှစ်တာ ကာလအတွင်း NUG ကာကွယ်ရေဝန်ကြီးဌာနလက်အောက်တွင် PDF တပ်ရင်းပေါင်း ၂၅၉ ရင်း ဖွဲ့ထားပြီး မြို့နယ်အခြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၂၅၀ နှင့် LDF ခေါ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၄၀၁ ဖွဲ့တို့ ဖွဲ့စည်းထားကြောင်း သိရသည်။
လက်ရှိအချိန်ထိ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ဖွဲ့များ အားလုံး၏ စုစုပေါင်း အင်အားမှာ ၅ သောင်းနှင့် ၁ သိန်းကြား ရှိကြောင်း၊ လူအင်အားများနေသော်လည်း လက်နက် အပြည့်အဝ တပ်ဆင်နိုင်ရန် အခက် အခဲ ရှိနေဆဲဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က RFA သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောထားသည်။

အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း ခုခံတော်လှန်စစ် အားကောင်းရာ ဒေသများတွင် အင်အားအပြည့် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်လျက်ရှိပြီး ကျေးရွာများအား စီးနင်းဝင်ရောက်ပြီး ရွာလုံးကျွတ်မီးရှို့ခြင်း၊ ဒေသခံများအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ အင်တာနက်ဖြတ်တောက်ခြင်းများ ပြုလုပ်လျက် ရှိသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးသည့် အချိန်မှစ၍ ၂၀၂၂ ဧပြီ ၃၀ ရက်ထိ စစ်ကောင်စီတပ်နှင့် ၎င်း လက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့မှုကြောင့် နိုင်ငံတဝှမ်း အိမ်ခြေ ၁၁,၄၁၇ လုံး ဆုံးရှုံးပျက်စီးခဲ့ကြောင်း လွတ် လပ်သော သုတေသနအဖွဲ့တခု ဖြစ်သည့် Data for Myanmar က ထုတ်ပြန်ထားသည်။