မြန်မာစစ်ကောင်စီကို ဆန့်ကျင်သည့် လူထုထောက်ခံသော လက်နက်ကိုင်ခုခံမှုသည် တနှစ်ကျော် ကြာလာသောအခါ လက်နက်နှင့် အခြားအထောက်အပံ့များ လိုအပ်ချက်သည် မြေပြင်မှ အချို့သော ခုခံရေးအင်အားစုများအတွက် အရေးပါသော လိုအပ်ချက်ဖြစ်လာသည်။
၎င်းတို့ဒေသများတွင် စစ်ကောင်စီက နေ့တိုင်းနီးပါး ထိုးစစ်ဆင်နေသည်ကို ရင်ဆိုင်နေရသောကြောင့် ထောက်ပံ့ရေး မလုံလောက်မှု ပြဿနာကို ဖြေရှင်းရန်အတွက် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ၏ အခိုင်အမာဒေသများဖြစ်သော စစ်ကိုင်းနှင့် မကွေးတိုင်းမှ အချို့ ခုခံရေးအင်အားစုများသည် ၎င်းတို့ကို လက်နက်နှင့်ငွေကြေး ထောက်ပံ့ရန် စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တွန်းအားပေးနေကြသည်။
အခြား ခုခံရေးအင်အားစုများသည် တီထွင်ဆန်းသစ်သော နည်းလမ်းများကို အသုံးပြုနေပြီး ၎င်းတို့ ဒေသမှ ရင်းမြစ်များကိုသာ ရန်ပုံငွေနှင့် လက်နက်ပစ္စည်းကိရိယာ ရရှိရေးအဖြစ် အသုံးပြုနေကြသည်။
စစ်ကိုင်းတိုင်း ခင်ဦး၊ ယင်းမာပင်နှင့် မကွေးတိုင်း ရေလယ်ကျွန်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) အနည်းဆုံး ၄ ခုက ၎င်းတို့သည် လက်နက်နှင့် ရိက္ခာမလုံလောက်တော့သောကြောင့် ရုန်းကန်နေရကြောင်း ကြေညာချက်များကို တနင်္ဂနွေနေ့က ထုတ်ပြန်သည်။
“ကျနော်တို့ရဲ့ လူအင်အားက လိုတာထက်ပိုတယ်။ ဒါပေမယ့် လက်နက် အလုံအလောက် မရှိဘူး” ဟု ခင်ဦးဒေသခံ ပြောက်ကျားတပ်ဖွဲ့က ကြေညာချက်တစောင်တွင် ပြောကြားပြီး NUG အနေဖြင့် ၎င်းတို့ကို ထောက်ပံ့ရန် အစီအစဉ် ရှိ၊ မရှိပင် မေးလိုက်သေးသည်။
စစ်ကိုင်းနှင့် မကွေးတိုင်းမှ PDFs များသည် စစ်ကောင်စီတပ်များကို လွန်ခဲ့သောနှစ်မှ စတင်တိုက်ခိုက်နေသည်။ ၎င်းတို့၏ ခုခံမှုကြောင့် စစ်ကောင်စီသည် ထိခိုက်သေဆုံးမှုများ ခံနေရပြီး ထိုဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။
ထိုသို့သော အခြေအနေကို တုံ့ပြန်သောအားဖြင့် စစ်ကောင်စီသည် ရွာများကို စီးနင်းတိုက်ခိုက်ပြီး မီးရှို့ကာ လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်များဖြင့် ပစ်ခတ်မှုများလည်း ပြုလုပ်သည်။
နှစ်နှင့်ချီ ရှည်ကြာလာသည့် ၎င်းတို့၏ ခုခံတိုက်ခိုက်မှုသည် ဆက်လက် အင်အားကောင်းနေသော်လည်း ၎င်းတို့သည် လက်လုပ်လက်နက်များကိုသာ လက်နက်အဖြစ် ဆက်လက် အသုံးပြုနေရသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလတွင် စတင်တည်ထောင်သော ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အဖွဲ့ဝင် ၇၀ ခန့်ရှိသော်လည်း တပ်ဖွဲ့ဝင်အားလုံးကို လက်နက်တပ်ဆင်ပေးနိုင်ခြင်း မရှိသေးပေ။
ထိုအဖွဲ့သည် အဖွဲ့ဝင် ၃၀၊ ၄၀ ခန့်ကိုသာ အမဲလိုက်သည့် တူမီးသေနတ်များဖြင့် လက်နက်တပ်ဆင် ပေးထားသော်လည်း အဖွဲ့ဝင် အရေအတွက် တိုးပွားနေသောကြောင့် အားလုံးကို လက်နက်တပ်ဆင်ပေးနိုင်ခြင်း မရှိပေ။
အခြေအနေကို ပိုမိုဆိုးရွားစေသည်မှာ စစ်ကိုင်းနှင့် မကွေးတိုင်းမှ PDFs များသည် မြန်မာနယ်စပ်ဒေသများတွင် အခြေမစိုက်ခြင်း ဖြစ်သည်။ နိုင်ငံတောင်ပိုင်းနှင့် မြောက်ပိုင်းမှ ခုခံရေးအင်အားစုများနှင့် မတူဘဲ ထိုခုခံရေးအင်အားစုများသည် လက်နက်ဝယ်ရန် လိုအပ်သောငွေကို ပြည်သူများက လှူဒါန်းသော်လည်း ၎င်းတို့လိုအပ်သော လက်နက်အတွက် ရုန်းကန်နေကြရသည်။ လက်နက်မှောင်ခိုသွင်းနိုင်မည့် လမ်းကြောင်းများကိုလည်း စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားခြင်းသည် အခြေအနေကို ပိုမိုဆိုးရွားစေသည်။
ထို့ကြောင့် ၎င်းတို့သည် ပြောက်ကျားစစ်နည်းကို အဓိကအားထားပြီး စစ်ကောင်စီတပ်များကို လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်နေပြီး ထိုနည်းလမ်းသည် တစုံတရာသော အဆင့်အထိ အောင်မြင်သည့် နည်းလမ်းဖြစ်ကြောင်းလည်း ပြသနေသည်။ ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များသည် လွန်ခဲ့သော နှစ်အတွင်း စစ်ကောင်စီစစ်သား ၁၅၀ ခန့်ကို သုတ်သင်နိုင်ခဲ့သည်။
သို့သော် စိန်ခေါ်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။
ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြီးအကဲ ဗိုလ်သံမဏိက ၎င်းတို့သည် မိုင်းခွဲတိုက်ခိုက်နိုင်သော်လည်း လက်လုပ်သေနတ်များဖြင့်သာ တပ်ဆင်ထားသော သူ၏တပ်သည် စစ်တပ်က အော်တိုမက်တစ် သေနတ်များဖြင့် တိုက်ခိုက်လာသောအခါ မည်သို့မျှ မတတ်နိုင်ကြောင်း ပြောသည်။
“မိုးတွင်းရောက်ရင် ဒီတူမီးတွေနဲ့ စစ်တပ်ကို ဘယ်လိုတိုက်လို့ရမှာလဲ” ဟု သူကပြောပြီး ထိုသေနတ်များသည် စိုစွတ်သော မိုးရာသီတွင် ပစ်ခတ်မရကြောင်း ဗိုလ်သံမဏိက ရှင်းပြသည်။
“NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနက ဒေသခံကာကွယ်ရေး အဖွဲ့တွေကို ထောက်ပံ့သင့်တယ်။ အဲဒီလိုမှ မဟုတ်ရင် သူတို့ရဲ့ရေရှည် ရည်မှန်းချက်အောင်မြင်ဖို့ ခက်ခဲလိမ့်မယ်” ဟုလည်း ဗိုလ်သံမဏိက ပြောသည်။
တချိန်တည်းတွင် PDFs အင်အားစုများသည် အထိနာနေသော ပြည်သူများထံမှ ပစ္စည်းပစ္စယ အကူအညီ တောင်းခံရန်လည်း ခက်ခဲလာသည်။
အခြား PDFs များကဲ့သို့ပင် စစ်ကိုင်းနှင့် မကွေးတိုင်းမှ ခုခံရေးအင်အားစုများသည် ပြည်သူများ၏ လှူဒါန်းမှုများကို မှီခိုနေရသည်။ သို့သော် အရပ်သားများသည် ပိုမိုညှင်းပမ်းဖိနှိပ်ခံနေရပြီး စစ်ကောင်စီ တပ်များက ၎င်းတို့နေအိမ်များကို မီးရှို့ကာ ၎င်းတို့ လယ်ယာလုပ်ငန်းလုပ်နိုင်ရန် လိုအပ်သည့် အရာရာကိုလည်း ဖျက်ဆီးပြီး ဘဝကို မြေလှန်ပစ်နေသည်။
မေလ အစောပိုင်းအထိ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ အနည်းဆုံး ၂၄၀,၆၀၀ ဦးရှိပြီး နိုင်ငံတွင် နေရပ်စွန့်ခွာသူ အများဆုံးရှိကာ မကွေးတိုင်းတွင် ၅၀,၅၀၀ ဦးရှိပြီး ဒုတိယအများဆုံးဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ထုတ်ပြန်ချက်အရ သိရသည်။
‘အဲဒီကိစ္စတွေကို ကျနော်တို့ စီစဉ်ပေးနေတယ်’
ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ၎င်းတို့၏ တိုင်းရင်းသား မဟာမိတ်များနှင့် လွန်ခဲ့သောနှစ် ဧပြီလက ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် စစ်ကောင်စီ၏ ပြည်တွင်းပြည်ပ တရားဝင်မှုကို စိန်ခေါ်သည်။ ထိုအစိုးရကို စစ်ကောင်စီဆန့်ကျင်ရေး အင်အားစု၏ ဦးဆောင်အဖွဲ့ဟု သတ်မှတ်ပြီး မြန်မာပြည်သူများကလည်း ထိုအစိုးရသည် ၎င်းတို့၏ တရားဝင်အစိုးရဟု ယူဆသည်။
PDFs များ၏ အနည်းဆုံး တောင်းဆိုမှုများကို မကြာမီ ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မတ်လတွင် ပြောသည်။ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့်လည်း ၎င်းတို့ကို လက်နက်ထောက်ပံ့ရန် မကြာသေးမီက သူပြောကာ NUG ၏ အမိန့်ပေးကွပ်ကဲမှုအောက်တွင် PDFs တပ်ဖွဲ့ဝင် ၈ သောင်းမှ ၁ သိန်းကြားရှိကြောင်း၊ အသုံးစရိတ် ၈၀ ရာခိုင်နှုန်းကို ထိုတပ်များကို ထောက်ပံ့ရန် သုံးနေသော်လည်း လုံလောက်ခြင်းမရှိကြောင်း ဆက်လက် ပြောကြားသည်။
အထောက်အပံ့ တောင်းဆိုရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အစည်းအဝေးတခုကို ၎င်းတို့အဖွဲ့သည် ကြေညာချက်မထုတ်ပြန်မီ ၂ ပတ် အလိုက တက်ခဲ့ကြောင်း ခင်ဦး PDF မှ ဗိုလ်သံမဏိက ပြောသည်။
“စစ်ကိုင်းတိုင်းမှာ PDFs တွေ အရမ်းများတယ်ဆိုတဲ့စကားကို ကျနော်တို့ စောင့်ကြည့်ရမှာပဲ။ ဒါကြောင့် သူတို့က အရမ်းကို ဂရုတစိုက်ရွေးချယ်ပြီး လက်နက်ထောက်ပံ့နေရတယ်လို့ ပြောတယ်” ဟုလည်း သူကပြောသည်။
NUG သည် မြေပြင်မှ ခုခံရေးအင်အားစုများကို ထောက်ပံ့ရန် အပြည့်အဝ ရည်မှန်းထားသော်လည်း သယ်ယူပို့ဆောင်ရေးနှင့် အခြားအတားအဆီးများကြောင့် နှောင့်နှေးနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ဧရာဝတီ သတင်းဌာနသို့ မကြာသေးမီက ပြောသည်။
“အဲဒီလိုပြောလို့ ကျနော်တို့က သူတို့ကို အကူအညီ မပေးဘူးလို့ ပြောတာ မဟုတ်ဘူး။ ကျနော်တို့ အခု စီစဉ်နေတယ်” ဟုလည်း သူက ပြောသည်။
၎င်းတို့၏ တောင်းဆိုမှုများကို NUG က ဖြည့်ဆည်းပေးမည်ကို စောင့်နေမည့်အစား အခြား PDFs များသည် ၎င်းတို့ ကိုယ်ပိုင်ရန်ပုံငွေများကို ရှာဖွေနေသည်။
ရှုခင်းလှပသော်လည်း စစ်ဒဏ်ကြောင့် ပျက်စီးသွားသော လွိုင်ကော်မှ PDF သည် ကရင်နီပြည်နယ် (ကယားပြည်နယ်) သို့ တော်လှန်ရေးအပြီးတွင် လာရောက် လည်ပတ်လိုသူများကို “တောင်တန်းဂီတ” ခရီးသွား လက်မှတ်များကို ဒေါ်လာ ၁၀၀ မှ ၃၀၀ အကြားတွင် ရောင်းချနေသည်။
အစီအစဉ်မှာ စစ်မြေပြင်မြင်ကွင်းများမှသည် စစ်စခန်းများအထိသို့ ဒေသခံ ခုခံရေးတပ်ဖွဲ့ဝင်များ သို့မဟုတ် အခြားဒေသခံများက ဧည့်သည်များကို လိုက်လံပြသပြီး တော်လှန်ရေး လှုပ်ရှားမှုများအတွင်း PDFs များ နေထိုင်ခဲ့သည့် နေရာများကို လိုက်လံပြသရန် ဖြစ်သည်။ ထိုအချိန်တွင် PDFs တပ်ဖွဲ့ဝင်ဟောင်း ဖြစ်နေသူများနှင့် ၎င်းတို့၏ အတွေ့အကြုံကို ဆွေးနွေးခြင်း၊ ဓာတ်ပုံရိုက်ခြင်း ဗီဒီယို ရိုက်ခြင်းများကိုလည်း စီစဉ်ပေးမည်ဖြစ်သည်။
“တိုက်ပွဲတွေ အမြန်ဆုံး အဆုံးသတ်ပြီး အနာဂတ်မှာ ခရီးစဉ်တွေ စီစဉ်နိုင်အောင် လွိုင်ကော် PDF နဲ့ ကရင်နီပြည်နယ်ကို ရန်ပုံငွေ ထောက်ပံ့ဖို့ လက်မှတ်တွေ ဝယ်ဖို့ ကျနော်တို့ တိုက်တွန်းပါတယ်” ဟု ခုခံရေး အင်အားစုက ပြောသည်။
You may also like these stories:
စစ်ရေးအရှိန်မြှင့်မည်ဟု NUG ယာယီသမ္မတပြော
စစ်ကောင်စီတပ် စစ်ကူမလိုက်နိုင်တော့ဟု KNLA ဆို
တရားရေးမဏ္ဍိုင် ပြိုကျပျက်စီးသွားတဲ့အခါ