သတင်း

ဒေါ်အောင်ဆန်းစုကြည်အား တရားမဲ့ဖမ်းထားမှု ကုလသမဂ္ဂတွင် တိုင်ကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီက တရားမဲ့ဖမ်းဆီးထားမှုနှင့် ပတ် သက်၍ စုံစမ်းစစ်ဆေး အရေးယူပေးရန် ကုလသမဂ္ဂ (UN) ထံ ဒေါ်အောင်ဆန်းစုကြည်၏ ဆွေမျိုးများကိုယ်စား လူ့အခွင့် အရေးရှေ့နေများက မေ ၂၅ ရက်တွင် တိုင်ကြားလိုက်ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးမှုအပေါ် “တရားရေးပြန်ပေးဆွဲမှု” အဖြစ် ခိုင်းနှိုင်းသုံးသပ်ထားပြီး လူ့အခွင့်အရေး ရှေ့နေများ ဖြစ်သည့် Francois Zimeray နှင့် Jessica Finelle တို့က ကုလသမဂ္ဂ တရားမဲ့ဖမ်းဆီးမှုစုံစမ်းရေးအဖွဲ့ (UN Working Group on Arbitrary Detention) အဖွဲ့ထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ တိုင်ကြားမှုတွင် AFP အနေဖြင့် ရှေ့နေများအား ဖော်ပြခဲ့သော်လည်း တိုင်ကြားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ၏ ဆွေမျိုးမှာ မည်သူမည်ဝါ ဖြစ်သည်ကို ဖော်ပြထားခြင်း မရှိပေ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်တွင် ဦးမြင့်ဆန်း အောင်နှင့် ဦးထိန်လင်းတို့ သားနှစ်ဦးရှိပြီး ၎င်းတို့သည် အင်္ဂလန်နိုင်ငံတွင် ကြီးပြင်းနေထိုင်ကြသူများဖြစ်သည်။

အဆိုပါ တိုင်ကြားစာတွင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားမှုနှင့် ပတ်သက်၍ တရားဝင်မှု မရှိသလို တရားခွင် အဖြစ် ဟန်ဆောင်ထားသည့် ပြန်ပေးဆွဲမှု ဖြစ်ကြောင်း၊ တရားမျှတမှု လုံးဝမရှိဘဲ အဆက်အသွယ်ဖြတ် ဖမ်းဆီးထားကာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ် စက်ခံနေရခြင်းအပေါ် လက်ခံနိုင်စရာ မရှိကြောင်း ရေးသားထားသည်ဟု သိရသည်။

အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရကာ အမှုပေါင်းများစွာဖြင့် စွပ်စွဲတရားစွဲဆိုခံရပြီး ထောင်ဒဏ်များ ချမှတ်ခံနေရသည့်အပြင် မည် သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း အာဏာသိမ်း စစ်ကောင်စီက ဖုံးကွယ်ထိမ်ချန်ထားသည်။

ထို့ပြင် စစ်ကောင်စီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ၎င်းတို့စွပ်စွဲကာ တရားစွဲဆိုထားမှုများနှင့် ပတ်သက်၍ တရား စီရင် ကြားနာမှုကိုလည်း အများပြည်သူ သိရှိသုံးသပ်နိုင်ခြင်း မရှိစေရန် သီးသန့်တရားရုံးဖွဲ့ကာ စစ်ဆေးနေပြီး ရှေ့နေများ ကိုလည်း အမှုအကြောင်းအရာများအား ထုတ်ဖော်ပြောကြားခွင့် ပိတ်ပင်ထားသည်။

ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်း စစ်ကောင်စီ၏ စွပ်စွဲစီရင်မှုများအား ပြည်သူများ သိရှိခွင့်မရဘဲ ပွင့်လင်းမြင်သာမှု ကင်းမဲ့နေသည်။
ထိုသို့သော အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်တပ်၏ မတရားဖမ်းဆီးထားမှုအား ကုလသမဂ္ဂထံ တိုင် ကြားမှုမှာ အကျိုးသက်ရောက်မှုများ ရှိမည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အမှုများအား လေ့လာစောင့်ကြည် နေသည့် ရှေ့နေတဦးက သုံးသပ်သည်။

၎င်းက “ပြည်တွင်းမှာက အမှုအကြောင်းတောင်မှ ပြောခွင့်မရှိဘူး။ ဘယ်သူ့ကိုမှ မပြောနိုင်ဘူး။ ကြိတ်ပြီး လုပ်နေကြရတာ။ ပြည်တွင်းမှာပဲ လူမသိသူမသိ ဖြစ်နေတဲ့ဟာ မဟုတ်တော့ဘဲနဲ့ နိုင်ငံတကာကပါ သိရှိပြီးတော့ နိုင်ငံတကာဥပဒေနဲ့ပဲ ကြည့် ကြည့်၊ ပြည်တွင်းဥပဒေနဲ့ပဲ ကြည့်ကြည့် ဒါတွေက လုပ်ထုံးလုပ်နည်းနဲ့လည်း မကိုက်ညီဘူး။ မမှန်မကန်နဲ့ ဖမ်းချင်လို့၊ ဖမ်း လို့ရအောင်လို့ ဖန်တီးပြီးတော့ တရားစွဲထားတယ်ဆိုတာ ပေါ်လွင်သွားတာပေါ့” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း စစ်ကောင်စီ၏ တရားစွဲဆိုမှုများအပေါ် ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ငြင်းဆို ထားပြီး အဆိုပါ စွပ်စွဲမှုများသည် “All Absurd” (အဓိပ္ပာယ်မဲ့ မဟုတ်တမ်းတရားတွေ) အဖြစ် တုံ့ပြန်ပြောဆိုခဲ့သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စစ်ကောင်စီက စွပ်စွဲတရားစွဲဆိုထားသည့် အမှုများစွာအနက် ဦးဖြိုးမင်း သိန်းနှင့် ပတ်သက်သည့် အဂတိလိုက်စားမှု၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ နှင့် ဦးညီညီဆိုသူက သီးခြားတရားစွဲဆို သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့မှုဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရပြီး အာဏာသိမ်း စစ်ခေါင်းဆောင်က ထောင်ဒဏ် ၂ နှစ် လျော့ပေါ့ပေးကြောင်း ကြေညာထားသည်။

အဆိုပါ ထောင်ဒဏ်ချမှတ်မှုများထဲမှ ၎င်းအား ဦးဖြိုးမင်းသိန်းထံမှ လာဘ်ယူခဲ့သည်ဟု စွပ်စွဲပြစ်ဒဏ်ချခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်မှု မရှိသည့်အတွက် အယူခံတက်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်းလည်း နီးစပ်သူများထံမှ သိရသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်ချမှုနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်တပ် အနေဖြင့် နိုင်ငံရေးရန်သူ များအပေါ် အတုအယောင် တရားရေးစနစ်ကို အသုံးချကာ နှိမ်နင်းနေခြင်း ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က ပြောကြားထားသည်။

လက်ရှိ ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထပ်မံ၍လည်း စစ်ကောင်စီစွပ်စွဲထားသည့် အဂတိမှု ၇ မှု အပါအဝင် စီးပွားရေးအကြံပေးဖြစ်သူ ပါမောက္ခရှောင်တာနယ်နှင့်အတူ စွဲဆိုခံရသည့် အစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ) ဖြင့် တရားစွဲဆိုမှုများကိုလည်း ဆက်လက် ရင်ဆိုင်လျက် ရှိသည်။

Loading