ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ယနေ့ (မေ ၂၆ ရက်) နံနက် ၈ နာရီဝန်းကျင်မှ စတင်၍ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့် နေရာမှာ ပလက်ဝမြို့ အနောက်မြောက်ဘက် ဆူးပုတ်တောင်ခြေရင်းတွင်ဖြစ်ပြီး ပလက်ဝ မြို့ တဘက်ကမ်းတွင် တည်ရှိသော ခလရ ၂၈၉ စစ်ကောင်စီ တပ်ရင်းမှလည်း ယင်းတိုက်ပွဲဖြစ်နေသည့် နေရာသို့ လက်နက် ကြီးများဖြင့် တောက်လျှောက် ပစ်ကူပေးနေကြောင်း ပလက်ဝမြို့ ခံများက ပြောသည်။
ပလက်ဝမြို့ခံတဦးက “ကျနော်တို့ သိရသလောက်တော့ တိုက်ပွဲဖြစ်တဲ့နေရာက ဆူးပုတ်တောင်ခြေနား ဖြစ်နေတာ။ အဲဒီ တောင်ခြေမှာ စစ်တပ်က စခန်းချထားတာ ရှိတယ်။ AA အဖွဲ့လည်း အဲဒီအနားမှာ ရှိတယ်။ ဒီနေ့ ခလရ ၂၈၉ တပ်ရင်းက နေ အဲဒီစခန်းကို အင်အားဖြည့်ဖို့ သွားတဲ့အချိန် AA က ကြားဖြတ် တိုက်ခိုက်တာလို့တော့ ပြောသံကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ ပလက်ဝမြို့ပေါ်ရှိ စာသင်ကျောင်းများ၌ ကျောင်းအပ်နှံမှု စတင်လက်ခံခဲ့သော်လည်း လက်နက်ကြီးသံများ တောက်လျှောက်ပစ်ခတ်နေသည့် အသံများကြောင့် ကျောင်းအပ်နှံမှုကို ယာယီပိတ်ထားခဲ့ရကြောင်းလည်း မြို့ခံများကသည်။
ပလက်ဝမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် AA တို့ကြား စစ်ရေးတင်းမာမှုကြောင့် ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းကို မေလဆန်းပိုင်းကတည်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သွားလာခွင့်မပြုဘဲ ကန့်သတ်ပိတ်ပင်ထား ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဧရာဝတီက စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်များနှင့် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ တို့ထံ မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရပေ။
အာဏာသိမ်းစစ်တပ်နှင့် AA တို့သည် အောက်ခြေတွင် စစ်ရေးတင်းမာမှု မြင့်တက်လျက်ရှိရာ ပြီးခဲ့ သည့် မေ ၁၅ ရက်ကလည်း ပလက်ဝမြို့နယ် သံထောင်ကျေးရွာအနီးတွင် မိနစ် ၂၀ ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် AA တို့ကြား စစ်ရေးတင်းမာမှု မြင့်တက်လျက် ရှိနေသည်မှာ ကာလအတန် ကြာခဲ့ပြီဖြစ်ပြီး စစ်တပ်က နေရာအနှံ့ စစ်အင်အားတိုးချဲ့ကာ ULA/ AA ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ငန်းများကို အနှောင့်အယှက် ပေးနေသလို ယင်းကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကိုလည်း ဖမ်းဆီးရန် ကြိုး စားနေကြောင်း AA ဘက်က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲ ဖြစ်လာလျှင် စစ်တပ်ကို အဆိုးမဆိုရန်ဟူသည့် ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိခဲ့သည်။
ထိုသို့ စစ်ကောင်စီနှင့် AA ကြား စစ်ရေးတင်းမာမှု မြင့်တက်နေသည့်အတွက် နှစ်ဖက်တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင် သောကြောင့် အရပ်သားပြည်သူများ အနေဖြင့် စစ်တပ် သွားလာလှုပ်ရှားသော နေရာများ၊ စစ်တပ် အထိုင်ချနေထိုင်သည့် နေရာများနှင့် တပ်စခန်းအနီး ပတ်ဝန်းကျင်များသို့ သွားလာခြင်းများကို အထူးသတိထား ရှောင်ကြဉ်ကြရန် AA က သတိ ပေး ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်ကောင်စီသည် ထိပ်တိုက်တိုးရေးကိုသာ ဦးတည်လုပ်ဆောင်နေဟု AA ပြော
မောင်းတင်ထားတဲ့ ရခိုင်ပြည် ငြိမ်းချမ်းရေး