အမျိုးသားဒီမိုကရေအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ရန်ကုန်တိုင်းအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင်နှင့် ဖက်စပ်လုပ်ငန်း များတွင် နစ်နာမှုများ ရှိခဲ့သည်ဟုစွပ်စွဲကာ အာဏာသိမ်း စစ်ကောင်စီက အဂတိမှုဖြင့် ဖွင့်လှစ်အရေးယူရာတွင် ဝန်ကြီးချုပ် ဖြစ်သူ ဦးဖြိုးမင်းသိန်းအား ချန်လှပ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်အချို့အား ကျောက်တံတားမြို့နယ်တွင် ယမန်နေ့က အမှုဖွင့်ခဲ့သည်။
ဦးဖြိုးမင်းသိန်းလက်ထက် အကောင်အထည်ဖော်သည့် Yangon Petro (YP) စက်သုံးဆီဆိုင်များဖွင့်ရန် ဒဂုံမြို့သစ်တွင် နှစ် ၆၀ ဂရန်ဖြင့် မြေနေရာငှားရမ်းရာ၌ အခွန်ဦးစီးဌာန သတ်မှတ်ဈေးထက်လျော့ကာ ပေးသွင်းစေခဲ့သဖြင့် နိုင်ငံတော်က နစ် နာမှုများ ရှိသည်ဟုဆိုကာ စစ်ကောင်စီက အဂတိဖြင့် အမှုဖွင့်ခြင်း ဖြစ်သည်။
စစ်ကောင်စီ လက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေဖြင့်မူ သတင်းထုတ်ပြန်ရာတွင် တိုင်းအစိုးရ နှင့် ဖက်စပ်လုပ်ကိုင်ခဲ့သည့် စက်သုံးဆီဆိုင်လုပ်ငန်းအမည်အား ဖော်ပြခြင်း မပြုခဲ့ပေ။
ကော်မရှင်၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း နှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ ဒုမြို့ တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်းနှင့် ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးဇင်မင်းအောင်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း အသီး သီး အမှုဖွင့်လိုက်ကြောင်း သိရသည်။
ယခု အမှုဖွင့်အရေးယူမှုတွင် ပါဝင်နေသည့် ကုမ္ပဏီဒါရိုက်တာ ဦးဇင်မင်းအောင်ဆိုသူမှာ YP စက်သုံးဆီဆိုင်လုပ်ငန်းတွင် အစုရှယ်ယာအများဆုံး ထည့်ဝင်ထားသူတဦးလည်း ဖြစ်သည်။
ကော်မရှင်၏ ထုတ်ပြန်ချက်တွင် တိုင်းအစိုးရနှင့် အကျိုးတူ စက်သုံးဆီဆိုင်ဖွင့်ရန် ချပေးခဲ့သည့် ဒဂုံမြို့သစ်မှ ဖက်စပ် ကုမ္ပဏီပိုင်မြေ ၆၃ ဧကကျော်အား ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင်အမည်ဖြင့် ဂရန်ပြောင်းလဲရန် ခွင့်ပြုပေးခဲ့ပြီး အမည်ပေါက် ဂရန်ရသူမှ အခြားပုဂ္ဂလိက ကုမ္ပဏီတခုအား ကျပ်သန်း ၆,၅၇၀ ဖြင့် ပြန်လည် ရောင်းချခဲ့သည့်အတွက် မြေများဆုံးရှုံးခဲ့ ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။
ထို့ပြင် စည်ပင်ကော်မတီနှင့် ကုမ္ပဏီတခုတို့ အကျိူးတူဆောင်ရွက်သည့် ကျောက်မီးသွေး ထုတ်လုပ်မှုလုပ်ငန်းနှင့် ပတ် သက်ပြီး ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ နှစ်များအတွင်း ဓာတ်သတ္တုထုတ်လုပ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ ပျက်ကွက်ခြင်း၊ ကျောက်မီးသွေး ၁ တန် တွင်းဝဈေးနှုန်းအား မူလသတ်မှတ်ဈေး ကျပ် ၇၇,၀၀၀ ကျော်မှ ကျပ် ၄၂,၀၀၀ သို့ လျှော့ချခွင့်ပြုခဲ့ခြင်း၊ လျာထားထုတ်လုပ်မှု လျှော့၍ထုတ်လုပ်ရန် ခွင့်ပြုပေးခြင်းတို့ကြောင့် နိုင်ငံတော်က ရရှိမည့် ကျပ်သန်း ၅၅၀ ကျော် နစ်နာခဲ့ကြောင်းလည်း စစ်ကောင်စီက စွပ်စွဲဖော်ပြထားသည်။
စည်ပင်ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားများဌာန အနေဖြင့် ပန်းဥယျာဉ်များရှိ လုပ်ငန်း ၂၁ ခုအား ကုမ္ပဏီများသို့ ငှားရမ်းစာချုပ်ရာတွင် ဈေးနှုန်းလျော့ချ ငှားရမ်းခဲ့ခြင်းအပေါ် ခေတ်ကာလနှင့် လျော်ညီသည့် ငှားရမ်းခနှုန်းထားအတိုင်း သတ်မှတ်ကောက်ခံရန် စာရင်းစစ်ချုပ်ရုံးက အကြံပြုခဲ့သော်လည်း လိုက်နာဆောင်ရွက်မှု မရှိခြင်းကြောင့် ၁ နှစ်ငှားရမ်းခ ကျပ်သန်း ၂၁၀၀၀ ကျော် နစ်နာခဲ့ကြောင်းလည်း စစ်ကောင်စီက ဆိုထားသည်။
ထို့ပြင် မြို့တော်အသံလွှင့်လုပ်ငန်း City FM ၏ ဝန်လမ်းလစာများတွင် စာချုပ်အရ အကျိုးတူကုမ္ပဏီနှင့် နှစ်ဦးနှစ်ဖက် ညှိနှိုင်းကျခံရမည် ဖြစ်သော်လည်း နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံသုံးစွဲခဲ့၍ စာရင်းစစ်ချုပ်ရုံးမှ ပြုပြင်နိုင်ရေး အကြံပြု ကန့် ကွက်ခဲ့ခြင်းအပေါ် ပြင်ဆင်ဆောင်ရွက်မှု မရှိသဖြင့် ၂၀၁၈ ဇူလိုင်မှ ၂၀၂၁ ဇန်နဝါရီအထိ ဝန်ထမ်းများ၏ လစာစရိတ် အတွက် နိုင်ငံတော်မှ ကျပ်သန်း ၇၀ ကျော် နစ်နာဆုံးရှုံးခဲ့သည်ဟုလည်း ဖော်ပြထားသည်။
အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် NLD အစိုးရလက်ထက် ဝန်ကြီးချုပ်အားလုံးနီးပါးကို ဒေသအတွင်း အကျိုးတူဖက်စပ် လုပ်ငန်းများ၊ တင်ဒါများနှင့် ပတ်သက်ပြီး အမျိုးမျိုးစွပ်စွဲကာ အဂတိမှုများဖြင့် တရားစွဲဆိုနေသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား အဂတိမှုဖြင့် တရားစွဲဆိုရာတွင် စစ်ကောင်စီ၏ တရားလိုသက်သေအဖြစ် ရပ်တည်ခဲ့သည့် ဦးဖြိုး မင်းသိန်းမှာ ယနေ့အချိန်ထိ တရားစွဲခံရခြင်း မရှိသေးပေ။
ဦးဖြိုးမင်းသိန်း အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်း လာဘ်ပေးခဲ့သည်ဟု ပြောခဲ့ပြီး ယင်းအချက်အား အခြေခံကာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား အဂတိမှုဖြင့် တရားစွဲဆိုခဲ့ကာ ဧပြီ ၂၇ ရက် တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။
ယခုကဲ့သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်း တာဝန်ယူစဉ်က ရန်ကုန်မြို့တော်စည်ပင်နှင့် ဖက်စပ်လုပ်ငန်းများ တွင် နစ်နာမှုများ ရှိခဲ့သည်ဟုစွပ်စွဲကာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်အချို့အား အဂတိဖြင့် အမှုဖွင့်ရာတွင်လည်း ဦးဖြိုးမင်းသိန်းကို စစ်ကောင်စီက ချန်လှပ်ထားခဲ့ကြောင်း တွေ့ရှိရသည်။