ထိုင်းနိုင်ငံက မြန်မာအလုပ်သမားများကို နှစ်နိုင်ငံ သဘောတူညီမှု စာချွန်လွှာ (MoU)စနစ်ဖြင့် ယခုနှစ် မေ ၁၀ရက် စတင်ကာ ခေါ်ယူခဲ့သော်လည်း တရားမဝင်လာရောက်သူ များပြားနေဆဲဖြစ်ကြောင်း မြေပြင်အချက်အလက်များက ဖော်ပြနေသည်။
မြန်မာလုပ်သား ၁ သိန်းကျော်ကို အလုပ်ခေါ်ယူရန် စီစဉ်ထားသည်ဆိုသော်လည်း ၁,၆၉၁ ဦးခန့်သာ ခေါ်ယူနိုင်သေး သလို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကြောင့် ဖမ်းဆီးခံရသူ အရေအတွက်မှာ မေ ၁ရက်မှ ၂၄ရက်အထိ ၁၃,၄၀၅ ဦး ရှိကြောင်း၊ ထို့အပြင် ပွဲစား ၁၁၀ ဦးကိုလည်း ဖမ်းထားကြောင်း ထိုင်းနယ်ခြားစောင့်တပ်၏ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ ထိုင်းအစိုးရက ထုတ်ပြန်သည့်စာရင်းမှာ ဖမ်းဆီးရမိသည့် လူဦးရေမျှသာဖြစ်ပြီး နေ့စဉ်နှင့်အမျှ မြန်မာနိုင်ငံထဲမှ ထိုင်းသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနှုန်းမှာ တရက်လျှင် ရာချီကာ ရှိနေကြောင်း အလုပ်သမားအရေးဆောင်ရွက် သူ များကပြောသည်။
မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “တရားမဝင် ဝင်ရောက် နယ်စပ်ဖြတ်ကျော်မှုက စိန်ခေါ်မှုကြီးတယ်။ သေလမ်းသွားရသလိုပဲ။ စစ်ကောင်စီရဲ့ လုပ်ထုံးလုပ်နည်း တွေ က ညံ့ဖျင်း၊ စီမံခန့်ခွဲမှုကညံ့ဖျင်း။ တရားဝင် လုံခြုံစိတ်ချရတဲ့ နယ် စပ်ဖြတ်ကျော်ခြင်းက အသက်မဝင် ဖြစ်နေတော့ တာပဲ။ သေချာတာကတော့ စစ်ကောင်စီဟာ စေတနာမဲ့၊ မေတ္တာမဲ့ နေတယ်။ ကိုယ့်ရဲ့ပြည်သူလူထု အများစုသော အလုပ်သမားလူတန်းစားအပေါ်မှာ စေတနာမဲ့နေတယ်လို့ ထောက်ပြချင်တယ်” ဟု မှတ်ချက်ပြုသည်။
လက်ရှိ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် MoU လုပ်သားများ အနေဖြင့် လုပ်ထုံးလုပ်နည်းများ ပြုလုပ်ရသည်မှာ အချိန်ကြာမြင့်ခြင်း၊ ကုန်ကျစရိတ် များပြားခြင်းများကြောင့်လည်း တရားမဝင် ဝင်ရောက်မှုက ဆက်လက် များပြားနေ ခြင်း ဖြစ်ကြောင်း အလုပ်သမားရေးဆောင်ရွက်သူများက ထောက်ပြသည်။
ကိုဗစ်မတိုင်ခင် ပြီးခဲ့သည့် ၂ နှစ်ကျော်အချိန်က MoU လုပ်သားခေါ်ယူမှုတွင် မြန်မာပြည်ဘက်မှ အေဂျင်စီများထံ ငွေကျပ် ၁ သိန်းခွဲခန့်သာ ပေးရပြီး ယခုအခါ ငွေကျပ် ၃သိန်းထိ ပေးရကြောင်း၊ ထိုင်းတွင် MoU လုပ်သား ၁ ဦး အလုပ်လုပ်နိုင်ရန် ကုန်ကျစရိတ်မှာ အကြမ်းဖျဉ်းအားဖြင့် မြန်မာငွေ ကျပ် ၂၅ သိန်းမှ သိန်း ၃၀ ထိ ကုန်ကျလျက် ရှိကြောင်း ရွှေ့ပြောင်းလုပ်သားများထံမှ သိရသည်။
MoU လုပ်သားတဦးက “ထိုင်းကို ဝင်လာနိုင်ဖို့အတွက် ကျနော်တို့တွေ ၂၅ သိန်းကနေ သိန်း ၃၀ ထိ ကုန်တယ်။ ဒါတောင်မှ ဒီဘက်မှာလုပ်ရမယ့် စာအုပ်ဖိုး မပါသေးဘူး။ မြန်မာပြည်မှာ ဘာမှဆက်လုပ်လို့ မရတော့လည်း ရင်းရတာ ပဲပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ စီးပွားရေး အကျပ်အတည်းကြောင့်သာမက နိုင်ငံရေး မတည်ငြိမ်မှု၊ လုံခြုံရေးဆိုင်ရာ အန္တရာယ်ရှိမှုများကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံလာသူများလည်းရှိရာ တရားမဝင် ဖြတ်ကျော်မှုများက ပိုမိုများပြားနေခြင်း ဖြစ်သည်။
အသက် ၁၈ နှစ်မှ အသက် ၃၀ ကြား မြန်မာနိုင်ငံသား လူငယ်များမှာ ပွဲစားများမှတဆင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ဝင်ရောက်လာမှု အလွန်များပြားနေပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှုများမှာလည်း စံချိန်တင်ဖြစ်နေကြောင်း အလုပ်သမားရေးဆောင်ရွက်သူများက ဆိုသည်။
မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ဦးမိုးကျော်က “ကျနော်တို့ နိုင်ငံထဲကနေ နိုင်ငံရေး၊ စီးပွားရေး အခြေအနေ အရပ်ရပ်တွေကြောင့် အရွယ်ကောင်းတွေဟာ ဘဝရပ်တည်ရေး၊ အသက်ရှင် ရပ်တည်ရေးအတွက်ကို စွန့် စားပြီးတော့ ထွက်ခွာလာတဲ့လူတွေ တော်တော်များတယ်။ အဲဒါကြောင့် ဒီဘက်မှာရှိတဲ့ လုပ်ငန်းခွင်တွေကို ဝင်ရောက် ဖို့အတွက် တရားမဝင် လမ်းကြောင်းတွေကနေ ပိုက်ဆံတွေ အများကြီးပေးပြီးတော့ ဝင်ရောက်လာတာ။ အခုဆိုရင် ဒီ ဘက်မှာ မိအေး နှစ်ခါနာ၊ သုံးခါနာတွေ ဖြစ်နေတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ပြန်လည်ပတ်ရန်အတွက် မြန်မာ အပါအဝင် လာအို၊ ကမ္ဘောဒီးယားနိုင်ငံများမှ ရွှေ့ ပြောင်းလုပ်သား ၁ သိန်းခွဲနီးပါးကို ထိုင်းအလုပ်အကိုင်ဦးစီးဌာနက ခေါ်ယူခွင့်ပြုခဲ့ပြီး ထိုထဲတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၁၀,၀၀၀ ကျော်ကို အလုပ်လုပ်ခွင့်ပြုမည် ဖြစ်သည်။
သို့သော် ယနေ့အချိန်ထိ တရားဝင် လုပ်ငန်းစဉ်များမှာ နှေးကွေးလျက်ရှိပြီး ခေါ်ယူမှုမှာ ထောင်ဂဏန်းမျှသာ ရှိနေ သေးသည့်အတွက် တရားမဝင် ဝင်ရောက်မှုများက ဆက်လက် များနေအုံးမည် ဖြစ်ကြောင်း အလုပ်သမားရေးဆောင် ရွက်သူများက သုံးသပ်ပြောဆိုသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်၍ ယင်းနှစ်ကုန်ပိုင်းအထိ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် ဖမ်းဆီးခံရသူ ၆၀၀၀၀ နှင့် ၈၀၀၀၀ ကြား ရှိခဲ့ကြောင်း ထိုင်းအစိုးရဘက်က ထုတ်ပြန် သည့် စာရင်းများအရ သိရသည်။
You may also like these stories:
MoU စနစ်ဖြင့် မြန်မာလုပ်သား ၂၈၀ ကျော် ထိုင်းနိုင်ငံမှ ပြန်လည်ခေါ်ယူ
ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာ ၈ သောင်းခန့် အဖမ်းခံခဲ့ရ
စစ်အာဏာသိမ်းပြီးနောက် ထိုင်းရောက် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရမှု ပိုဆိုးလာဟုဆို