ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ မေ ၂၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက် စစ်တပ်က ပလက်ဝမြို့ အဝင်အထွက်ကို ပိတ်ထားလိုက်ကြောင်း မြို့ခံများထံမှ သိရသည်။
ပလက်ဝ မြို့ခံတဦးက “စစ်တပ်က မြို့ပတ်ပတ်လည်မှာ နေရာချထားပြီးတော့ အပြင်ကလူတွေလည်း မြို့ကို ဝင်ခွင့်မပြုဘူး။ မြို့ထဲက လူတွေလည်း မြို့ပြင်ကို ထွက်ခွင့်မပေးဘူး။ ပိုဆိုးတာက မနေ့က မြို့အနီးဝန်းကျင်က ကျောင်းလာအပ်တဲ့ မိဘ တွေနဲ့ ကျောင်းသားတွေလည်း ရွာပြန်လို့ မရဘူး။ ဒီနေ့ စက်လှေနဲ့ ရွာကိုပြန်တာ ခွင့်မပြုလို့ ပြန်လှည့်လာရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပလက်ဝမြို့၏ အနောက်မြောက်ဘက် ရုပ်ဝချောင်းဖျား ဆူးပုတ်တောင်ခြေတွင် အာဏာသိမ်းစစ်တပ်နှင့် AA တို့ကြား ယမန်နေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းတိုက်ပွဲတွင် ပလက်ဝမြို့ တဘက်ကမ်း၌ တည်ရှိသော ခလရ ၂၈၉ တပ်ရင်းမှ လက်နက်ကြီးများ တောက်လျှောက် ပစ်ကူပေးခဲ့ရာ လက်နက်ကြီးသံများ တမြို့လုံး ဆူညံနေခဲ့ကြောင်းလည်း ပလက်ဝမြို့ခံ အမျိုးသမီးတဦးက ပြောသည်။
“ဒီနေ့ကတော့ လက်နက်ကြီးသံတွေ ငြိမ်သွားပြီ။ မနေ့ကဆို နားတွေ မခံနိုင်ဘူး။ မြို့ကလူတွေလည်း အိမ်အပြင်ကို သိပ်မ ထွက်ရဲကြဘူး။ မြို့ကိုတော့ အဝင်အထွက် ၁ ပတ် ပိတ်ထားတယ်လို့ ပြောသံကြားတယ်” ဟု ၎င်းက ဆိုသည်။
ပလက်ဝမြို့ပေါ်တွင် ယမန်နေ့က စာသင်ကျောင်းများဖွင့်လှစ်ကာ ကျောင်းအပ်နှံမှု စတင် လက်ခံခဲ့သော်လည်း လက်နက် ကြီးဖြင့် တောက်လျှောက် ပစ်ခတ်သံများကြောင့် ကျောင်းအပ်နှံမှုကို ယာယီ ပိတ်ထားခဲ့ရကြောင်း မြို့ခံများက ပြောသည်။
အဆိုပါ နှစ်ဖက်ထိတွေ့တိုက်ပွဲနှင့် ပတ်သက်ပြီး AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ကျောက်တော်အခြေစိုက် ခမရ ၃၇၅ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများသည် AA တပ်ဖွဲ့ဝင်များနေရာသို့ ဝင်ရောက်လာသည့်အတွက် နှစ်ဖက်ထိတွေ့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရခိုုင်အခြေစိုက်မီဒီယာများသို့ ဖြေကြားထားသည်။
စစ်ကောင်စီဘက်ကမူ ယင်းတိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ သတင်းထုတ်ပြန်လာခြင်း မရှိသေးပါ။
ပလက်ဝမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် ခမရ ၃၇၅ တပ်ရင်းသည် ကျောက်တော်အခြေစိုက် စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ် (စကခ-၉) လက်အောက်ခံ တပ်ရင်းတခုဖြစ်ပြီး ယင်း စကခ ၉ လက်အောက်ခံတပ်များသည် လက်ရှိအချိန် တွင် ပလက်ဝမြို့နယ်အတွင်းက ရှေ့တန်းစခန်းများသို့ ရောက်ရှိနေကြောင်းလည်း သိရသည်။
ပလက်ဝမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် AA တို့ကြား စစ်ရေးတင်းမာမှုကြောင့် ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းကို မေလဆန်းပိုင်းကတည်းက စစ်ကောင်စီ တပ်သားများက သွားလာခွင့်မပြုဘဲ ကန့်သတ်ပိတ်ပင်ထား သည်။
ပြီးခဲသည့် မေ ၁၅ ရက်ကလည်း ပလက်ဝမြို့နယ်၊ သံထောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် AA တို့ မိနစ် ၂၀ ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
You may also like these stories:
ပလက်ဝ၌ အာဏာသိမ်းစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်နေ
စစ်ကောင်စီသည် ထိပ်တိုက်တိုးရေးကိုသာ ဦးတည်လုပ်ဆောင်နေဟု AA ပြော