မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ)/၂၃ ဖြင့် အမှုရင်ဆိုင်နေရသည့် သရုပ်ဆောင်ရဲတိုက်ကို အနောက်ပိုင်းခရိုင်တရားရုံးက ယင်းပုဒ်မ၏ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ယနေ့ ချမှတ်လိုက်ကြောင်း သိရသည်။
ရဲတိုက်၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “ရဲတိုက်ကို ၁၆ (ဂ)/၂၃ အရ ပြစ်မှုထင်ရှား တွေ့ရှိတယ်ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ ချမှတ်လိုက်တဲ့ ပြစ်ဒဏ်အပေါ်မှာ ဘယ်လို ကုစားမှုပေးနိုင်မလဲ။ ဘယ်လို လျှော့ပေါ့မှု ရနိုင်မလဲဆိုတာ အယူခံ ဆက်လက် တင်ပြသွားဖို့ လုပ်ပါမယ်” ဟု ဧရာဝတီကို ပြောသည်။
ရဲတိုက်အမှုအား မိသားစုဝင်များနှင့် တိုင်ပင်ကာ တရားလွှတ်တော်ချုပ်အထိ အဆင့်ဆင့် အယူခံတင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းလည်း ရှေ့နေအဖွဲ့က ဆိုသည်။
ဦးခင်မောင်မြင့်က “ရဲတိုက်က ဒီအမှုမှာ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိဘူးလို့ အခိုင်အမာ သက်သေပြနိုင်ခဲ့တဲ့အတွက် ဒီအမိန့်အပေါ်မှာတော့ ရန်ကုန်တိုင်း တရားလွှတ်တော်ကနေတဆင့် တရားလွှတ်တော်ချုပ်အထိ အဆင့်ဆင့် အယူခံတင်တဲ့ နည်းလမ်းနဲ့ ကြိုးပမ်း သွားပါမယ်” ဟု ပြောသည်။
ရဲတိုက်ကို ၂၀၂၁ ဧပြီ ၃ ရက်က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီး စဉ် ၎င်းနှင့်အတူ စိတ်ကြွဆေးပြား ၁၁ ပြား လက်ဝယ် တွေ့ရှိသည်ဟုဆိုကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ် သောဆေးဝါးများဥပဒေ ပုဒ်မ ၁၆ (ဂ) ဖြင့် မရမ်းကုန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ရဲတိုက်အား ယခင်ကလည်း ၁၆ (ဂ) အမှုဖြင့် ထောင်ဒဏ် ၅ နှစ် ကျခံရဖူးသည့်အတွက် ပုဒ်မ ၂၃ ဖြင့် ယခင် ပြစ်ချက်ဟောင်း ရှိသည်ဟုဆိုကာ ထပ်မံ၍ ပုဒ်မ ၁၆ (ဂ)/၂၃ ဖြင့် ရန်ကုန်မြို့၊ အနောက်ပိုင်းခရိုင်တရားရုံးသို့ ပြောင်းလဲ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ရဲတိုက်၏ အရင်းနှီးဆုံး မိတ်ဆွေတဦးက “မတရားဘူးပေါ့ဗျာ။ လူထုအစိုးရဖြစ်တဲ့ ကာလတွေမှာ တရားမမျှတတဲ့ ဥပဒေတွေကို မပြင်နိုင်ခဲ့တဲ့အခါကျ ဒီလိုပဲ ခံနေရ တာပေါ့။ ပုဒ်မတွေအမျိုးမျိုးနဲ့ အရင်တုန်းကလိုပဲ ညစ်ချင်ညစ်လို့ ရတယ်ဆိုတာမျိုး ဖြစ်နေတာ” ဟု ဧရာဝတီကို ပြောသည်။
သရုပ်ဆောင်ရဲတိုက်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ပုဒ်မ ၅၀၅-က အမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရပြီး ယခု ၁၆ (ဂ)/၂၃ အမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရသောကြောင့် စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရသည်။
အင်းစိန်ထောင်တွင်းဆေးရုံတွင် တက်ရောက်နေရသော ရဲတိုက်၏ လက်ရှိ ကျန်းမာရေးမှာ ကောင်းမွန်ကြောင်း သိရသော် လည်း ရဲတိုက်သည် စိတ်ကျရောဂါကို ၂၀၁၁ ခုနှစ်ကတည်းက ခံစားခဲ့ရသူဖြစ်ရာ လက်ရှိတွင်လည်း စိတ်ကျရောဂါ သက် သာစေရန် ဆေးဝါးများ သောက်သုံးနေရဆဲ ဖြစ်ကြောင်း သိရသည်။