မြန်မာ့အရေး ဂျိုးဘိုင်ဒင်အစိုးရ၏ ကူညီလိုမှုနှင့်ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုရှိ ဩဇာကြီးမားသော အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနယ်က မေးခွန်းထုတ်လိုက်ပြီး မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုအား အမေရိကန်၏ ထောက်ပံ့ကူညီရေး အခန်းကဏ္ဍသည် “အရေးကြီးသော လမ်းဆုံလမ်းခွသို့ ရောက်နေပြီ”ဟု ပြောဆိုလိုက်သည်။
မေလ ၂၅ ရက်နေ့က ကျင်းပသည့် အမေရိကန် အထက်လွှတ်တော်ရှင်းလင်းပွဲတွင် အထက်လွှတ်တော် ရီပတ်ဗလစ်ကန် ခေါင်းဆောင် မစ်ချ် မက်ကွန်းနဲလ်က ဘိုင်ဒင်အစိုးရ အဆင့်မြင့်အရာရှိများအား ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ မစ်ချ်မက်ကောနယ်သည် မြန်မာ့ဒီမိုကရေစီရေးကို နှစ်ပေါင်းများစွာ အစိုးရအဆက်ဆက် ရှေ့တန်းမှ ထောက်ခံသူဖြစ်ပြီး ယခု မြန်မာပြည်တွင်းတွင် အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးချုပ်နှောင်ခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ခင်မင်ရင်းနှီးသူ ဖြစ်သည်။
မစ်ချ် မက်ကွန်းနဲလ်၏ တင်ပြချက်သည် မြန်မာ့ဒီမိုကရေစီရေးကို ထောက်ပံ့ရန် ထည့်သွင်းရေးဆွဲထားသော National Defense Authorization Act for Fiscal Year 2022 ၂၀၂၂ ဘဏ္ဍာရေးနှစ် အမေရိကန် ကာကွယ်ရေးဆိုင်ရာ တာဝန်ချထားရေး ဥပဒေအား ၂ ပါတီစလုံး သဘောတူညီချက်ဖြင့် ပြဌာန်းရန် အထက်လွှတ်တော်က ကြိုးပမ်းနေချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ ယင်းဥပဒေထဲတွင် ယမန်နှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံ အမတ်များနှင့် ၎င်းတို့၏ မဟာမိတ်များ စုပေါင်းဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို တရားဝင်အသိအမှတ်ပြုခြင်းကဲ့သို့ ပြဌာန်းချက်အပိုဒ်များ ပါဝင်သည်။
ထိုဥပဒေကို လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်း အထက်လွှတ်တော်တွင် အတည်ပြုပြဌာန်းပြီးဖြစ်သော်လည်း မြန်မာပြည်အရေး အမေရိကန်ပြည်ထောင်စု၏ မူဝါဒကို အစိုးရအရာရှိများက အထက်လွှတ်တော်ကို အစီရင်ခံ တင်ပြရန် လိုအပ်သည်။
“အခုလောလောဆယ်မှာတော့ ကျနော့်မိတ်ဆွေတွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ နောက်ထပ် စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးအောက်မှာ ခံစားနေရတာ ၁၆ လ ကြာပြီ။ အရပ်သားထောင်ပေါင်းများစွာ အသက်ဆုံးရှုံးရတယ်။ သြစတြေးလျက ရှောင်တန်းနဲလ်လို နိုင်ငံခြားသားတွေအပါအဝင် နောက်ထပ်ထောင်ပေါင်းများစွာဟာ ဥပဒေနဲ့မညီတဲ့ ဖမ်းဆီးမှုတွေခံရပြီး လွတ်လပ်မှု ဆုံးရှုံးနေတယ်” ဟု မစ်ချ် မက်ကွန်းနဲလ်က ပြောသည်။
” မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီတိုက်ပွဲနဲ့ ကျနော်တို့ရဲ့ ထောက်ခံတဲ့ အခန်းကဏ္ဍဟာ အရေးပါတဲ့ လမ်းဆုံကိုရောက်နေတယ်။ မြန်မာပြည်သူတွေကို ကူညီဖို့ အစိုးရက ဘယ်လိုထပ်မံပြင်ဆင်ထားတယ်ဆိုတာကို အစိုးရရဲ့ ကိုယ်စားလှယ်တွေဆီကနေ ကြားသိရမယ်လို့ ဒီနေ့မှာ ကျနော်တို့ရဲ့ လုပ်ဖေါ်ကိုင်ဘက်တွေ မျှော်လင့်နေကြတယ်” ဟုလည်း ဆိုသည်။
ယခု ကြားနာပွဲမတိုင်မီ ရက်များအတွင်း အမေရိကန်ပြည်ထောင်စုသို့ ရောက်နေသော NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်လည်း မစ်ချ် မက်ကွန်းနဲလ် တွေ့ဆုံခဲ့သည်။ ဒေါ်ဇင်မာအောင်က အမေရိကန်ပြည်ထောင်စုအနေဖြင့် NUG ကို တရားဝင်အသိအမှတ်ပြုရေး၊ အာဏာသိမ်းစစ်အုပ်ချုပ်ရေးကို ပိတ်ဆို့ရေးနှင့် မြန်မာပြည်သူများထံ အကူအညီတိုက်ရိုက်ပေးရေးတို့ကို မြှင့်တင်ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့သည်။
“ဒီနေ့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေဟာ ဘိုင်ဒင်အစိုးရအနေနဲ့ ဒီဦးတည်ချက်တွေကို ဘယ်လိုဦးစားပေးတယ်ဆိုတာနဲ့ အဲဒီဦးတည်ချက် တခုချင်း အောင်မြင်ရေး သေနင်္ဂဗျူဟာကို ဆွေးနွေးဖို့ ပြင်ဆင်လာတယ်လို့ ကျနော်မျှော်လင့်တယ်”ဟု မစ်ချ် မက်ကောနယ်က ပြောဆိုခဲ့သည်။
ဗုဒ္ဓဟူးနေ့ အထက်လွှတ်တော် အစီရင်ခံ ကြားနာပွဲတွင် မစ်ချ် မက်ကောနယ်က အမေရိကန်အစိုးရအနေဖြင့် NUG၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များအား မည်သို့အသိအမှတ်ပြုမည်၊ ထောက်ခံမည်၊ ညှိနှိုင်းဆောင်ရွက်မည်တို့နှင့် ပတ်သက်ပြီး မည်သို့စီမံထားသနည်းဟု မေးသည်။
“အလားတူအရေးကြီးတာက အမေရိကန်ပြည်ထောင်စုဟာ ထင်ရာစိုင်းနေတဲ့ အာဏာရှင် စစ်ကောင်စီကို ဖိအားပိုမိုပေးဖို့ လိုတယ်။ ကျနော်တို့အားလုံးသိထားတဲ့အတိုင်း စစ်ကောင်စီခေါင်းဆောင်တွေကို တိုက်ရိုက်ပိတ်ဆို့ အရေးယူတာနဲ့ မလုံလောက်ဘူး။ စစ်ကောင်စီကို ပြင်ပကနေ အားပေးနေသူနဲ့ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း(MOGE) အပါအဝင် ကော်ပိုရိတ်လုပ်ငန်းခွဲတွေကို ပစ်မှတ်ထားဖို့ အမေရိကန် အစိုးရက ဘယ်လိုခြေလှမ်းမျိုးတွေ လှမ်းမယ် ဆိုတာကို မြန်မာ့အတိုက်အခံနဲ့ ခေါင်းဆောင်များက မေးနေကြတယ်” ဟုလည်း မစ်ချ်မက်ကောနယ်က ထည့်သွင်းပြောဆိုသည်။
You may also like these stories:
ဖက်ဒရယ်ဒီမိုကရေစီ ချာတာဟာ ကျနော်တို့ရဲ့ ကျမ်းစာ
ဂျိုးဘိုင်ဒင် ပထမဆုံး အာရှခရီး ဘာထူးလဲ
မြန်မာပြည်အရေး တရုတ်ချဉ်းကပ်မှု ဘာလဲ ဘယ်လဲ
“ပြည်သူတွေက စစ်ကောင်စီနဲ့ ဆွေးနွေး အပေးအယူလုပ်ဖို့ စိတ်မဝင်စားဘူး”