စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း မြေမြင်မှ စစ်ကြောင်းထိုးနေသော စစ်တပ်ကို ကူရန်လေယာဉ်ဖြင့် ပါ တိုက်ခိုက်မှု များ ပြုလုပ်လာကြောင်း မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က သိရ သည်။
ယမန်နေ့ (မေ ၂၉ ရက်) ညနေပိုင်းက မြောင်မြို့နယ်အတွင်းရှိ တမဆေးကန်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ၃ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် စစ်ကောင်စီက လေယာဉ်ဖြင့်ပါ အသုံးပြု တိုက်ခိုက်လာခြင်းဟု သိရသည်။
“မြောင်ကို ပထမဆုံးအကြိမ်အဖြစ် လေယာဉ်နဲ့ စပစ်တာလို့ ပြောရမှာပါပဲ။ မနေ့က ညနေ ၅ နာရီကျော်မှာ တမဆေး ကန်မှာ တပ်စွဲထားတဲ့ တပ်ကို ကာကွယ်ဖို့အတွက် လေတပ်ကနေ ပထမ ၂ ကြိမ် ဝဲတယ်။ ၃ ကြိမ်မြောက်မှာတော့ တမဆေးကန်ရဲ့ အနောက်ဘက်ကို တကြိမ်၊ တောင်ဘက်ကို တကြိမ် စက်သေနတ်နဲ့ ပစ်တယ်။ မနေ့က တရက်တည်း ၁၁ ကြိမ်လောက်ထိ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်” ဟု CDSOM မှ စစ်ဆင်ရေးနှင့် အင်အား စုဆောင်းရေး တာဝန်ခံ ကိုနွေဦး (မြောင်) က ပြောသည်။
တမဆေးကန်ရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူဖြင့်ပါ အသုံးပြု တိုက်ခိုက်ခဲ့သော်လည်း စစ်သား၂၀ ဦးကျော် သေဆုံးပြီး၊ အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်က လက် နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မဟာမိတ် တပ်ပေါင်းစု အဖွဲ့မှ ရဲဘော်တဦး သေဆုံးကာ၊ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်ဟု Seven People Defence Force က ထုတ်ပြန်သည်။
တမဆေးကန် ကျေးရွာတိုက်ပွဲကို မြောင်ဒေသ ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ မဟာမိတ်တပ်ပေါင်းစုများဖြစ်သော MS PDF ၊ မြေလတ်-PDF (MGN District) ၊ TTA ပြောက်ကျားတပ်ဖွဲ့၊ Seven People Defence Force ၊ 27 Revolution Force အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“တိုက်ပွဲက ၃ နာရီကျော် ဖြစ်တာမှာ သူတို့ မဟန်တော့ လေယာဉ်ပစ်ကူနဲ့ ဖောက်ထွက်ဖို့ လုပ်ခဲ့ကြတာ။ ပထမ အကြိမ် လေယာဉ် စဝဲတဲ့ အချိန်ကတည်းက ပစ်မှတ် လိုက်ရှာနေပြီဆိုတာ သိတာနဲ့ ကာကွယ်ရေးအဖွဲ့တွေ ချက်ခြင်း ဆုတ်နိုင်ခဲ့လို့ အားလုံး ဘေးကင်းကြပါတယ်။ ပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေ အနေနဲ့လည်း လေယာဉ်သံကြားရင် ကွင်းပြင်တွေထဲမှာ အစုလိုက် မနေကြပါနဲ့၊ အတန်းလိုက် မသွားကြပါနဲ့ လူအုပ်လူတန်းမြင်ရင် သူတို့က ရမ်းသမ်း ပစ်နေလို့ပါ” ဟု ကိုနွေဦး (မြောင်) က ဆက်လက် ပြောသည်။
စစ်ကောင်စီ တပ်စွဲပြီး မီးရှို့ခဲ့သည့် တမဆေးကန်ကျေးရွာကို စစ်ကြောင်းများ ထွက်ခွာပြီးနောက် ယနေ့ (မေလ ၃၀) နံနက်ပိုင်းတွင် ဒေသခံများနှင့် PDF တပ်ဖွဲ့များက ဝင်ရောက် ရှင်းလင်းခဲ့ရာ ရွာလုံးကျွတ် မီးရှို့ခံထားရသည့်နေအိမ်များ အပြင်၊ တိုက်ပွဲတွင် သေဆုံးခဲ့ရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းဟု ယူဆရသော ၈ လောင်းကို နွား၊ ဆိတ် စသည့် တိရစ္ဆာန်များနှင့်အတူ မီးပုံရှို့ထားသည်ကို တွေ့ရကြောင်း ဒေသခံများက ဆိုသည်။
“တမဆေးကန်ရွာမှာ တပ်စွဲပြီး ညအိပ်တဲ့ တပ်က မနက်ပိုင်းမှာ ဇရပ်ကုန်းရွာကို မီးရှို့တယ်။ ပြီးတော့ မကျည်းကန်ရွာ ကို ဆက်ပြီး မီးရှို့တယ်။ သူတို့ မီရှို့နေတာကို အချိန်မီ မီးငြိမ်းသတ်နိုင်ခြင်း မရှိဘဲ ရင်နာနာနဲ့ အံကြိတ်ပြီး ကြည့်နေရ တယ်။ တမဆေးကန်ကနေ သူတို့ထွက်တော့မှ မီး ဝင်ငြှိမ်းခဲ့ကြရတာ၊ မီးပုံရှို့ခံထားရတဲ့ သူတို့ တပ်ဖွဲ့ဝင်လို့ ထင်ရတဲ့ အလောင်း ၈ လောင်းလည်း တွေ့ရတယ်” ဟု ဒေသခံတဦးက ပြောသည်။
တမဆေးကန်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် မေလ ၂၉ ရက် နံနက်ပိုင်းတွင် ဇရပ်ကုန်းရွာကို ဝင် ရောက် စီးနင်းကာ မီးရှို့ခဲ့သဖြင့် နေအိမ် ၁၀၀ ဝန်းကျင်ခန့် မီးလောင်ခဲ့ပြီး အိမ်ထောင်စု ၅၂ စု အိုးမဲ့အ်ိမ်မဲ့ ဖြစ်ခဲ့ ကြောင်း၊ နေ့လယ်ပိုင်းတွင် မကျည်းကန်ကျေးရွာကို ဆက်လက်မီးရှှိုု့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့ကြောင်း သိရ သည်။
မြောင်မြို့နယ်မှ ကျေးရွာများကို မီးရှို့နေသည့် စစ်ကြောင်းသည် မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှ ကူးလာသော စစ်ကောင်စီတပ်နှင့် ပျုစောထီး ပူးပေါင်း အင်အား ၂၀၀ ခန့်ပါသော စစ်ကြောင်းဖြစ်ပြီး စစ်ကြောင်းတွင် အာပီဂျီ၊ စက်သေနတ်၊ ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ စသည့် လက်နက်ကြီးများ၊ ဒရုန်းဖျက် ဂျန်ပါများ အပါအဝင် လက် နက်အင်အား အပြည့်အစုံဖြင့် မြောင်မြို့နယ်အတွင်းသို့ တိုက်ခိုက်ရေးနှင့် မီးရှို့ချေမှုန်းရန် အထူးစစ်ဆင်ရေးအဖြစ် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ဒေသကာကွယ်တပ်ဖွဲ့များက ဆိုကြသည်။
အဆိုပါ စစ်ကြောင်းသည် မေလ ၁၈ ရက်မှ စတင်ကာ မြောင်မြို့နယ်၊ ပန်းညိုကျေးရွာအား မီးရှို့ခဲ့ပြီးနောက်၊ မေလ ၂၁ ရက်က မင်းတန်းကျေးရွာမှ နေအိမ် ၁၀၀ ကျော်နှင့်အတူ ကျေးရွာအတွင်းရှိ ဘုရားစေတီ၊ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းကို လည်း ဖြိုချ ဖျက်ဆီး မီးရှို့ခဲ့ခြင်း ဖြစ်သည်။
မြောင်မြို့နယ်အတွင်း၌ မေလ ၁၈ ရက်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များ၏ ဝင်ရောက် စီးနင်း မီးရှို့ခြင်းများကြောင့် ကျေးရွာ ၂၀ ကျော်မှ နေအိမ် ၅၀၀ ကျော်ထိ မီးရှို့ခံရပြီး စစ်ဘေးရှောင် ၆ ထောင်ကျော်ထိ ရှိလာကြောင်း သိရသည်။
စစ်ကောင်စီတပ်က ထိုသို့ ပြုလုပ်နေခြင်းမှာ PDF များအား ဒေသခံ ပြည်သူများက ထောက်ပံ့နေသည်ဟု ယူဆကာ ဆက်လက် ထောက်ပံ့ခြင်းများ မပြုလုပ်နိုင်ရန် ရည်ရွယ် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြ သည်။
You may also like these stories:
မြေလှန်မီးတိုက် အစုလိုက် အသတ်ခံရမှုများကြောင့် အိမ်မပြန်ရဲကြတော့သူများ
မြောင်မြို့နယ်တွင် ၅ ရက်အတွင်း နေအိမ် ၄၀၀ ခန့် မီးရှို့ခံရ
စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကောင်စီ မီးတိုက်ရှို့