စစ်ကောင်စီမှ တဆင့် အကူအညီများ ပံ့ပိုးပေးသွားမည်ဆိုသော အာဆီယံ၏ ဆုံးဖြတ်ချက်ကို လက်မခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင် (EAOs) ၃ ဖွဲ့က မေ ၃၀ ရက်တွင် ထုတ်ပြန် ကြေညာသည်။
ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တွင် ပြီးခဲ့သည့် မေလဆန်းက ကျင်းပသည့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူ အညီများ ပေးနိုင်ရေး အတိုင်ပင်ခံ အစည်းအဝေးမှ ထွက်ပေါ်လာသည့် အာဆီယံ၏ ဆုံးဖြတ်ချက်ကို အမျိုးသား ညီ ညွတ်ရေးအစိုးရ (NUG)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)တို့က နယ်စပ်ဖြတ်ကျော်ပံ့ပိုးနိုင်သည့် သဘောတူညီချက်မှတဆင့် လုပ်ဆောင် ရန် အကြံပြုချက် ၇ ချက်ဖြင့် အာဆီယံ၊ ကုလသမဂ္ဂနှင့် အလှူရှင်များထံ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“ထိုဆုံးဖြတ်ချက်သည် အထူးသဖြင့် စစ်ဘေးရှောင်စခန်းများအား ဗုံးကြဲတိုက်ခိုက်ခြင်း၊ မြို့ရွာများအား မီးရှို့ဖျက်ဆီး ခြင်းများအား ကန့်ကွက်တားဆီးခြင်းပြုပြီး အမှန်တကယ်လိုအပ်နေသော ပြည်သူများထံသို့ လူသားချင်းစာနာထောက် ထားမှု အကူအညီများပေးရန်ထက် စစ်ကောင်စီမှ လက်ရှိ ကျူးလွန်နေသော အကြမ်းဖက်မှုများကို ဖုံးကွယ်ရန် ကြိုး စားမှုနှင့်အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စစ်ကောင်စီမှ လက်နက်သဖွယ် အသုံးပြု ရန် ဖြစ်လာစေသည်” ဟု ၎င်းတို့က ထောက်ပြထားသည်။
ထို့ပြင် ယခုကဲ့သို့ လုပ်ဆောင်မှုသည် အာဆီယံဘုံသဘောတူညီချက် (၅) ချက်မှ အချက်တချက်ကို ဆောင်ရွက်ရန် အားပေးမြှင့်တင်ခြင်း မဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေသည့် စစ်ကောင်စီ၏ လုပ် ရပ်များ လက်ရဲဇက်ရဲ ထပ်မံကျူးလွန်လာစေရန် အားပေးခြင်းသာ ဖြစ်ကြောင်းလည်း ဆိုထားသည်။
နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) ကို ချန်လှပ်ထားပြီး စစ်တပ်၏ အရံတပ်ဖွဲ့ဖြစ်ကာ စစ်ကောင်စီ၏ ယန္တရား အစိတ်အပိုင်းတခုအဖြစ် အသုံးပြုနေမှုများ ရှိနေသည့် မြန်မာ့ကြက်ခြေနီအသင်း (MRCS) ကို ထည့်သွင်းလာခြင်းမှာ လည်း ၎င်းတို့အား များစွာမပြေလည်မှုနှင့် စိတ်အနှောင့်အယှက် ဖြစ်စေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကောင်စီ၏ သက်ဆိုင်သူများအား ချန်လှပ်ဖယ်ထုတ်ထားသည့် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းစဉ်အား ဆက်လက်ဆောင်ရွက်ခြင်း မပြုလုပ်ရန်၊ လုပ်ငန်းစဉ်များအား ပြန်လည်ရေးဆွဲပြီး ဖြစ်စဉ်ထဲပါဝင်သည့် သက်ဆိုင်သူ အားလုံးကို ထည့်သွင်းရန်၊ ကုလသမဂ္ဂနှင့် အာဆီယံအထူးသံကိုယ်စားလှယ်များ အပါအဝင် အာဆီယံအပြင် (ASEAN Plus) ချဉ်းကပ်သည့် နည်းလမ်းကို ထည့်သွင်းစဉ်းစားရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရာတွင် စစ်ကောင်စီမှ ဝင်ရောက်စွက်ဖက်မှုမရှိစေရေး အလေးထားလုပ်ဆောင်ရန် စသည်ဖြင့် NUG နှင့် EAOs ၃ ဖွဲ့က တိုက် တွန်း တောင်းဆိုထားသည်။
လာမည့်ဇွန်လအတွင်း အာဆီယံ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ပရက်ဆိုခွန်းသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ခရီးစဉ်အဖြစ် လာရောက်ရန်ရှိကြောင်း၊ ယင်းခရီးစဉ်တွင် အကြမ်းဖက်မှုများရပ်ရန်၊ အပြုသဘောဆောင်သည့် စေ့စပ် မှုများ ဆောင်ရွက်ရန်၊ ကိုဗစ်ကာကွယ်ဆေးကိစ္စရပ်များ၊ လူသားချင်းစာနာမှု အကူအညီများပေးရန်ကိစ္စနှင့် အကောင်း မြင်ရှုထောင့်မှ ဆောင်ရွက်ရန် ဆိုသည့် အချက် ၅ ချက်ပေါ်တွင် အခြေခံဆွေးနွေးသွားမည် ဖြစ်ကြောင်း Khmer Times သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာသည်လည်း စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ကြားသည့်အတွက် မြန်မာနိုင်ငံလာရန် ပြင်ဆင်နေ ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ မလာရောက်ခင် မစ္စနိုလင်းဟေဇာသည် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဆွစ်ဇာလန်နိုင်ငံ Davos တွင် ပြီးခဲ့သည့် မေ ၂၂ မှ ၂၆ ရက်ထိ ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေး ညီလာခံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနများက ရေးသားဖော်ပြခဲ့ကြသည်။
You may also like these stories:
စစ်ကောင်စီမှတဆင့် အကူအညီပေးမည့် အာဆီယံအစီအစဉ် ပြည်တွင်းပြည်ပအဖွဲ့များ ကန့်ကွက်
မြန်မာကိုပေးမည့် အကူအညီများအား အခွန်ကောက်မည်ဟု စစ်ကောင်စီကိုယ်စားလှယ် ပြော