သတင်း

ကျောက်တော်ရှိ စစ်ရှောင်စခန်းများကို စစ်တပ်မှပစ်ခတ် ခြိမ်းခြောက်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ မဟာမုနိစစ်ရှောင်စခန်းနှင့် ညောင်ချောင်းစစ်ရှောင်စခန်းများကို မဟာမုနိ ဘုရားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း စစ်ရှောင် ကျေးရွာသားများက ပြောသည်။

ယမန်နေ့ မေ ၃၀ ရက် ည ၈ နာရီဝန်းကျင်က မဟာမြတ်မုနိဘုရားကြီးဝင်းရှိ တပ်မ ၅၅ လက်အောက်ခံ စစ်တပ် က အနီးဝန်းကျင်ရှိ မဟာမုနိစစ်ရှောင်စခန်းနှင့် ညောင်ချောင်စစ်ရှောင်စခန်းဘက်သို့ လက်နက်ကြီး လက်နက်ငယ် များဖြင့် ပစ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရှောင်ရွာသားတဦးက ပြောသည်။

၎င်းက “မဟာမုနိဘုရား ပတ်လည်မှာ နေရာယူထားတဲ့ စစ်သားတွေက ပစ်တာ။ ပထမလက်နက်ကြီးသံ တချက်ကြား တယ်။ နောက် လက်နက်ငယ် အဆက်မပြတ်ပစ်တယ်။ စခန်းက လူတွေ ရွာထဲပြေးသူပြေး၊ အဆောင်အောက်မှာ ပြားပြားဝပ်သူဝပ် ၊ တိုက်ပွဲကြီးတခုဖြစ်သလို အချက်ပေါင်း ငါးရာ ခြောက်ရာလောက်ကို ပစ်တာ။ စခန်းက လူတွေ မိသားစုလိုက် ညမတောင် အိပ်ရဲဘူး ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ မဟာမုနိစစ်ရှောင်စခန်းသည် ရန်ကုန်- စစ်တွေကားလမ်းဘေး မဟာမြတ်မုနိ ဘုရားကြီး အနီး တည်ရှိကာ စစ်ရှောင် လူဦးရေ ၁၀၀၀ ကျော်ရှိပြီး မေလ ၉ ရက်နေ့က မီးလောင်ခဲ့သည့်အတွက် လူနေဆောင် ၂၀၀ ဆုံးရှုံးသွားသည်။

မဟာမြတ်မုနိဘုရားကြီးမှ တမိုင်ခန့်အကွာရှိ လူဦရေ ၃၀၀၀ကျော် ခိုလှုံနေသော ညောင်ချောင်စခန်းဘက်သို့လည်း ယမန်နေ့ညက သေနတ်အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း စစ်ရှောင်ရွာသား တဦးက ပြောသည်။

၎င်းက “ ကျနော်တို့စခန်းက ဘုရားကြီးရဲ့ မြောက်ဘက် တမိုင်တောင်မဝေးဘူး။ စခန်းထဲ ကျည်ဆန်တော့ မကျဘူး။ အဆောင်ခေါင်းမိုးပေါ်က ဖြတ်သွားတာတော့ရှိတယ် စခန်းဘက်ကို ပစ်တယ်လို့ ပြောလို့ရတာပေါ့။ ဘာကြောင့် ပစ် တယ်ဆိုတာ မခန့်မှန်းတတ်ဘူး။ ဘယ်လိုဗျူဟာတွေနဲ့ ပစ်တာလဲဆိုတာ သူတို့ပဲ သိမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပစ်ခတ်မှုကြောင့် အဆောက်အအုံနှင့် စစ်ရှောင်များ ထိခိုက်မှုမရှိသော်လည်း စခန်းရှိ စစ်ရှောင်များမှာ စိုးရိမ်နေပြီး အနီးရှိ ရွာများသို့ တိမ်းရှောင်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်သားများသည် ယခုရက်ပိုင်း ယင်းစစ်ရှောင်စခန်းများသို့ လူစိမ်းများ ဝင်ရောက်မှု ရှိမရှိ စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့ပေါ် အရပ်ဘက်လူမှုအဖွဲ့အစည်းမှ လူထုဇော်ဝင်းက “တိုက်ပွဲမဖြစ်ဘဲ လက်နက်ရာချီပြီး ပစ်တယ်ဆို တော့ သူတို့ အနီးမှာ စစ်ရှောင်စခန်းတွေ မထားချင်လို့ ထွက်ပြေးသွားအောင် ခြိမ်းခြောက်ပြီး ပစ်တာလို့ ယူဆတယ” ဟု ဧရာဝတီသို့ ပြောသည်။

အာဏာသိမ်း စစ်တပ်နှင့် ရက္ခိုင့်တပ်တော် ( AA )တို့သည် ပြီးခဲ့သည့် ၂၀၂၀ နှစ်လယ်ပိုင်းကတည်းက ယာယီ အပစ် အခတ်ကို ရပ်စဲထားသော်လည်း အောက်ခြေတွင် စစ်ကောင်စီတပ်သားများ ကျေးရွာများသို့ ဝင်ရောက် စစ်ဆေးခြင်း၊ ကုန်စည်စီးဆင်းမှုများကို ကန့်သတ်တားမြစ်ခြင်းများကို ပြုလုပ်နေသည့်အတွက် လက်ရှိအချိန်တွင် စစ်ရေးတင်းမာမှုမှ တိုက်ပွဲများ စတင်ဖြစ်ပွားလျှက်ရှိသည်။

မေ ၁၅ ရက် ပလက်ဝမြို့နယ် သံထောင်ကျေးရွာအနီး နှစ်ဘက် ထိတွေ့ကာ မိနစ် ၂၀ခန့်ကြာတိုက်ပွဲဖြစ်သလို မေ ၂၆ ရက်ကလည်း ချင်းပြည်နယ် ပလက်ဝမြို့၏ အနောက်မြောက်ဘက် ဆူးပုတ်တောင်ခြေတွင် တိုက်ပွဲများ ဖြစ်ခဲ့သည်

ထိုသို့ တင်းမာမှုမြင့်လာသည့်အတွက် နှစ်ဘက် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သဖြင့် အရပ်သားပြည်သူများ အနေဖြင့် စစ်တပ်သွားလာ လှုပ်ရှားရာ နေရာများ အထိုင်ချနေထိုင်သည့် နေရာများနှင့် တပ်စခန်း အနီးပတ်ဝန်း ကျင်များသို့ သွားလာခြင် အထူးသတိထား ရှောင်ကြဉ် ကြရန် AA က သတိပေးမှု ပြုလုပ်ထားသည်။

Loading