ခုခံတွန်းလှန်စစ် အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို တိုက်ခိုက်ရာတွင် Cluster bomb ပုံစံ ပြည်တွင်းထုတ်ဗုံးများဖြင့် စစ်ကောင်စီက အသုံးပြုတိုက်ခိုက်နေကြောင်း စစ်တပ်ကို စွန့်ခွာပြီး အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) စဈဗိုလျအခြို့နှင့် စစ်ရေးလေ့လာသူများက ပြောဆိုသည်။
ယခု မေလအတွင်း စစ်ကိုင်းတိုင်း၊ ကလေးခရိုင် အပါအဝင် မြို့နယ်အချို့တွင် စစ်ကောင်စီက လေကြောင်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ရာ၌ တွေ့ရသည့် ဗုံးခွံများ၊ ဗုံးအကြွင်းအကျန် အပိုင်းအစများအရ ယင်းဗုံးများသည် Cluster bomb အသွင် ဖမ်း ထားသည့် ပြည်တွင်းဖြစ်ဗုံးများ ဖြစ်ကြောင်း ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော CDM ဗိုလ်ကြီးတဦးက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဗုံးများသည် Bomb body အလွတ်ထဲတွင် ၈၁ မမ ဗုံးသီးများထည့်ကာ ကြဲနေခြင်း ဖြစ်ကြောင်း၊ ဖျက်စွမ်းအား တိတိကျကျ မရှိသော်လည်း Bomb body ထဲတွင် ဗုံးအသေးအစား အများအပြား ပါသောကြောင့် ပြည်သူကို အကြောက် တရား ထည့်ပေးရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “တကယ့် လေယာဉ်ဗုံးဆိုရင် တစစီကွဲထွက်သွားမှာ။ အခုလို အခွံပြန်မရဘူး။ အခုဟာတွေက ကပစ ၃ ကထုတ်တဲ့ ၈၁ ဗုံးသီးတွေကို ဗုံးအခွံထဲကို ထည့်ထားတာ။ Cluster ပုံစံ လုပ်ထားတဲ့ ပြည်တွင်းထုတ်ဗုံးတွေ” ဟု ရှင်းပြသည်။
ပြီးခဲ့သည့် မေ ၁၄ ရက်နှင့် ၁၅ ရက်များတွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းရှိ ဒေသကာကွယ်ရေးတပ်များကို တိုက် လေယာဉ် ၃ စီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးတို့ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ရာတွင် အရွယ်အစား ၅ ပေ ဝန်းကျင် ရှိ ကြီးမားသော ဗုံးအခွံများ ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။
“ဒီလို ဗုံး Body တခုတည်းကနေ ဗုံးအသေးစားတွေ အများကြီးကျလာရင် Cluster ဆိုပြီး နားလည်ထားကြတော့ ဒေသခံ အဖွဲ့တွေကို အကြောက်တရား ရိုက်ထည့်ချင်သလို ကုန်ကျစရိတ်လည်း နည်းဖို့အတွက် ဒီလိုဗုံးတွေ သုံးလာတာ” ဟု အထက်ပါ CDM ဗိုလ်ကြီးက သုံးသပ်ပြောဆိုသည်။
ထို့အတူ မေ ၂၀ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တဲကြီးကျေးရွာရှိ PDF စခန်းကို လေကြောင်းဖြင့် လာ ရောက် တိုက်ခိုက်မှုတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ထိုသို့သော ဗုံးအခွံများ ကျန်ရှိနေခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် PDF တပ်ဖွဲ့ဝင်များ အပါအဝင် ကျေးရွာသား ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၂ ဦး သေဆုံးခဲ့ ကြောင်း အဆိုပါ တိုက်ပွဲအတွင်း ရှိနေခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “အဲဒီနေ့က တိုက်ပွဲက လေယာဉ် ၇ စီးလောက်နဲ့ကို လာတိုက်တာ။ တိုက်လေယာဉ်နဲ့ ဗုံးကြဲတာတွေက လက်နက် ကြီးအသံလိုပဲ။ သူတို့ ပစ်အားက အရမ်းများတော့ ကျနော်တို့ သေဆုံးသွားတဲ့ ရဲဘော်ရဲ့ အလောင်းတောင် မကောက်နိုင် ဘူး” ဟု ဆိုသည်။
လတ်တလော မြင်တွေ့ရသည့် မြေပြင်အခြေအနေများအရ စစ်ကောင်စီ အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူများ စုရုံးနေသည်ဆိုသော ၎င်းတို့ လေယာဉ်ထောက်လှမ်းမှု သတင်းများ ရရှိပါက အဆိုပါ နေရာများကို ပစ်မှတ် ထားပြီး လူအများအပြား ထိခိုက်စေရန် ထိုသို့သော ဗုံးအမျိုးအစားကို အသုံးပြုလာခြင်း ဖြစ်ကြောင်း စစ်ရေးနှင့် တိုင်းရင်း သားအရေး လေ့လာစောင့်ကြည့်သူတဦးကလည်း သုံးသပ်မှတ်ချက်ပေးသည်။
“Cluster ဗုံး ဆိုတာကလည်း ဖျက်အားပြင်းတာ မဟုတ်ဘူး။ ဗုံးအသေးလေးတွေ အများကြီး တပြိုင်ထဲ ကြဲတာမျိုး။ လူ အများအပြားကို ပစ်မှတ်ထားတာမျိုးဆိုရင် သုံးတဲ့ဗုံးအမျိုးအစားပေါ့။ အခုလို ဗုံးတွေက လူအုပ်ကို တိုက်ခိုက်တဲ့နေရာမှာ အကောင်းဆုံးပဲ” ဟု ၎င်းက ဆိုသည်။
ထို့သို့သော ဗုံးများဖြင့် တိုက်ခိုက်လာခြင်းသည် ကုန်ကျစရိတ်နည်းပါးသော ဗုံးသီးများဖြင့် လူအများအပြားကို ထိခိုက်စေ ရန်နှင့် ဒေသခံများကို ကြောက်ရွံ့ထိတ်လန့်စေရန် ရည်ရွယ်လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက မှတ်ချက်ပြုသည်။
ပြီးခဲသည့် မတ်လအတွင်းကလည်း စစ်ကောင်စီသည် ၎င်းတပ်များ အထိနာခဲ့သော ကယား (ကရင်နီ) ပြည်နယ်အတွင်း တိုက်ပွဲတွင် စစ်ကောင်စီလေတပ်က FAB အမျိုးအစား ဖျက်အားပြင်းဗုံးများ အသုံးပြု၍ တိုက်ခိုက်ခဲ့ဖူးသည်။
အဆိုပါ FAB ဗုံးသည် အောက်ဆီဂျင်ကို အားပြုပြီးမှ ကွဲသည့် ဗုံးအမျိုးအစားဖြစ်ပြီး အပူလှိုင်းလည်း ထုတ်ကြောင်း၊ လေထုဖိအား အရမ်းများသည့်အတွက် ယင်းလေထုဖိအားကြောင့် နား၊ နှာခေါင်းများမှ သွေးများယိုစီးမှု ဖြစ်နိုင်ကြောင်း၊ ဖျက်အား အတော်ပြင်းသည့် ဗုံးဖြစ်ကြောင်း သိရသည်။