ရန်ကုန်မြို့လယ် အနော်ရထာလမ်းမပေါ်ရှိ ဘားလမ်းကားမှတ်တိုင်တွင် ယနေ့ နေ့လယ် ၃ နာရီကျော်က ဖြစ်ခဲ့သည့် ဗုံးကွဲမှုနှင့် ပတ်သက်၍ အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်သည့် အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုတွင် နိုင်ငံခြားသား ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ များလည်း ရှိနိုင်ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ ဧရာဝတီက သိရပြီး သေဆုံးသူ အရေအတွက် ကိုမူ သီးခြားအတည်မပြုနိုင်သေးပါ။
NUG ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်ကောင်စီက ပြည်သူလူထုအပေါ် ဥပဒေမဲ့ ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်နေမှု များအား အကာအကွယ်ပေးရေး ပြည်သူ့ခုခံတွန်းလှန်စစ်ကို စစ်သည်တော် ကျင့်ဝတ်စည်းမျဉ်းများနှင့်အညီ ဆင်နွှဲ လျက်ရှိရာ ယင်း စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) များထဲမှ စစ်ရေးဆိုင်ရာပစ်မှတ် သတ်မှတ် ရာတွင် စစ်အာဏာရှင်စနစ်၏ ယန္တရားများကိုသာ ချေမှုန်းရမည်၊ အရပ်သားပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ပစ်မှတ် ထားတိုက်ခိုက်ခြင်း မပြုရဟု ပါရှိပြီး ဖြစ်ကြောင်း၊ ထိုကဲ့သို့ စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်းများအား စနစ်တကျ ထား ရှိပို့ချထားရုံသာမက လိုက်နာရန် ပျက်ကွက်မှုများ ရှိပါကလည်း ထိရောက်စွာအရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူတဦးကလည်း “ဒီဗုံးပေါက်ကွဲမှုက တော်လှန်ရေးကို ပုံဖျက်လိုတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ အကွက်ဆင်လုပ်ကြံမှုပဲ။ သူတို့ ဗျူဟာက ပြည်သူကို ဓားစာခံလုပ်ပြီး ထိခိုက်အောင် လုပ် မယ်။ ပြည်သူ့တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေကြားမှာ သွေးကွဲအောင်လုပ်နေတာ အရှင်းကြီးပါ။ အပြစ်မဲ့ ပြည်သူတွေ အခုလို ထိခိုက်သေဆုံးရတဲ့အတွက် အများကြီး ဝမ်းနည်းမိပါတယ်။ ဒီလို လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက် စစ်တပ်နဲ့ လက်ပါးစေတွေကို ထိထိရောက်ရောက် လက်တုံ့ပြန်သွားမှာပါ။ ဒီလုပ်ရပ်ကို ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲ ရေးအဖွဲ့က ပြင်းထန်စွာ ရှုတ်ချပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်အာဏာရှင်ကို တော်လှန်နေသော ပြည်သူ့အင်အားစုများ အနေဖြင့် ပြည်သူကို ထိခိုက်နစ်နာစေရန် မလုပ်ခဲ့သည် ကို လူတိုင်းအသိဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “အပြစ်မဲ့ ပြည်သူတွေကို ခေါင်းတည့်တည့်ချိန်ပြီး ပစ်ခဲ့တာ ဘယ်သူတွေလဲ၊ အပြစ်မဲ့ ရွာသူရွာ သားတွေကို ဖမ်းဆီးနှိပ်စက်ပြီး ရွာလုံးကျွတ်မီးရှို့တာ ဘယ်သူတွေလဲ၊ ပြည်သူတွေက သိပြီးသားပါ။ သေချာတာက တော့ ဘတ်စ်ကားမှတ်တိုင်ပေါက်ကွဲမှုကို အကြမ်းဖက်စစ်တပ်နဲ့ သူတို့ရဲ့ လက်ကိုင်တုတ်အဖွဲ့တွေက အကွက်ချ စီစဉ် ခဲ့တာပါ” ဟု ပြောသည်။
သမိုင်းကြောင်းတလျှောက် မိမိတို့အာဏာ တည်မြဲရေးအတွက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထင်သလို ပြုမူခဲ့၊ ပြုမူလျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီ အနေဖြင့် ပျူစောထီး၊ သွေးသောက်အဖွဲ့ စသည့် အစွန်းရောက် လက်ပါးစေအဖွဲ့များ မွေးမြူကာ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများကို အပြစ်ပုံချသည့် လုပ်ရပ်များစွာ သာဓကအနေဖြင့် ရှိခဲ့သည်ဖြစ်ရာ ပြည်သူလူထု အနေဖြင့် အသိ၊ သတိရှေ့ထား၍ နေထိုင်သွားကြရန် NUG ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် ယခုကဲ့သို့သော လုပ်ရပ်များအား တရားမျှတမှု ပြန်လည်ရရှိစေရေးအတွက် စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူသည့် လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း NUG က အသိပေးထားသည်။
NUG လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကလည်း “အခုလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချပါတယ်။ ဒီလုပ်ရပ်ဟာ တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် ပြည်သူလူထုနဲ့ နိုင်ငံတကာ အထင်အမြင်လွဲမှားစေဖို့ အကြမ်းဖက် စစ်ကောင်စီရဲ့ ကြိုးပမ်းမှုသာ ဖြစ်ပါမယ်” ဟုလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါ ဘားလမ်းဖြစ်စဉ်နှင့် ပတ်သက်၍ မိမိတို့ အပါအဝင် မြို့ပြပြောက်ကျားအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း Civil Guerrilla Force – Yangon ကလည်း အသိပေးထုတ်ပြန်ထားသည်။
ယခုကဲ့သို့ ရန်ကုန်မြို့အတွင်းရှိ အရပ်သားပြည်သူ အသွားအလာများသော ကားမှတ်တိုင်လို နေရာမျိုးတွင် ဗုံးပေါက် ကွဲမှု ဖြစ်ပွားခြင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။
ဗုံးပေါက်ကွဲမှုကို မျက်မြင်တွေ့ရှိသူတဦးက “ပြည်သူ ၇ ယောက်လောက် ထိတယ်ဗျ။ နိုင်ငံခြားသား ၁ ဦး ပါတယ်။ အဲဒီ ထဲက ၃/၄ ယောက်လောက်ကတော့ လွင့်စင်လဲကျသွားတာ မလှုပ်တော့ဘူး။ အခုလို ရုံးဆင်းချိန် လူစည်ကားတဲ့ နေရာမှာ ပေါက်တယ်ဆိုတာကတော့ဗျာ လယ်ပြင်မှာ ဆင်သွားသလို သိသာနေတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ပထမ ၁ လုံး ဗုံးပေါက်ကွဲမှုအပြီးတွင် ဒုတိယအကြိမ်ဖြစ် ဗုံးပေါက်ကွဲသံတခုကိုလည်း ထပ်မံ၍ ကျယ်လောင်စွာ ကြားရ ကြောင်း၊ ယင်းမှာ စစ်ကောင်စီက မပေါက်ကွဲသေးသည့် ဗုံး ၁ လုံးကို ခွဲခြင်းဖြစ်ကြောင်း အခင်းဖြစ်နေရာအနီးတွင် နေထိုင်သူများက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကားနှင့် ရဲကားများ ရောက်ရှိလာပြီး ပန်းဆိုးတန်းလမ်းထိပ်နှင့် အနော်ရထာ လမ်းထောင့်မှစ၍ လမ်းများကို ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။