ယခုနှစ် ကျောင်းအပ်ရာသီတွင် စစ်ကောင်စီလက်အောက် စာသင်ကျောင်းများ၌ ကျောင်းသား ၄ သန်းခွဲခန့် ကျောင်းအပ်နေပြီဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသော်လည်း အာဏာသိမ်းမှုကြောင့် ပြီးခဲ့သည့် ၂ နှစ်အတွင်း ကျောင်းမတက်နိုင်သည့် ကလေး ၂ ဆကျော်တိုးလာကြောင်း Save the Children အဖွဲ့မှ ထုတ်ပြန်သည်။
မြန်မာနိုင်ငံ၏ တချို့သောဒေသများတွင် ကျောင်းအပ်နှံမှုမှာ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး အနည်းဆုံး ကလေး ၇.၈ သန်းမှာ ကျောင်းပြင်ပသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ယနေ့ ဇွန်လ ၁ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်များ၏ စာရင်းများအရ မြန်မာတနိုင်ငံလုံးတွင် အခြေခံပညာသင်ယူနိုင်သည့် ကျောင်းသားဦးရေ ၁၀ သန်းအထိ ရှိပြီး အာဏာသိမ်းပြီးနောက် ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ်တွင် ၅.၃ သန်းခန့် ကျောင်းအပ်နှံခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် Save the Children ထုတ်ပြန်ချက်ပါ ကိန်းဂဏန်းများနှင့် စစ်ကောင်စီ ထုတ်ပြန်ချက်ပါ ကိန်းဂဏန်းများ သန်းချီကွာဟနေသည်။ Save the Children အဖွဲ့သည် ကလေးသူငယ်အခွင့်အရေး ကာကွယ်ရေးနှင့် ဖွံ့ဖြိုးရေး အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့ကြီး ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ရုံးဖွင့်ထားပြီး လုပ်ငန်းလည်ပတ်လျက်ရှိသည်။
၂၀၂၀ ခုနှစ်အစောပိုင်းတွင် ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာတဝှမ်းရှိ ကျောင်းများကို ပိတ်ခဲ့ရပြီး မြန်မာနိုင်ငံတွင်လည်း ကိုဗစ်ကရောဂါရိုက်ခတ်မှုကြောင့် ကျောင်းများအပြည့်အဝပိတ်ခြင်း သို့မဟုတ် တစိတ်တပိုင်းအနေဖြင့် ၁၅ လကြာ ပိတ်ခဲ့ရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ပဋိပက္ခသည် ပိုမိုအရှိန်မြင့်လာခဲ့ပြီးနောက် စာသင်ကျောင်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများအတွက် အကျပ်အတည်းပိုဖြစ်လာခဲ့သလို စာသင်အရွယ်ကလေးများ စာသင်ခန်းသို့ ပြန်ဝင်ရန် ကြောက်ရွံ့မှုများ ရှိနေကြပြီး တချို့ဒေသများတွင် ကျောင်းအဆောက်အဦးများ မရှိတော့ခြင်းကြောင့် ဟု Save the Children ကြေညာချက်တွင် ပါရှိသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ Save the Children အဖွဲ့က ကျောင်းများနှင့် ကလေးများကို ကာကွယ်ပေးကြရန် တောင်းဆိုမှုပြုလုပ်ထားသည်။
စစ်ကောင်စီအနေဖြင့် စာသင်ကျောင်းများကို ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ယခုနှစ်အတွက် ကျောင်းအပ်လက်ခံသည့် အချိန်ကာလအနေဖြင့် မေလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းဖွင့်လှစ်မည့် ဇွန်လ ၂ ရက်နေ့အတွင်းလည်း ကျောင်းအပ်လက်ခံမည်ဖြစ်ကြောင်း စစ်ကောင်စီအခြေခံပညာဦးစီးဌာနမှ သိရသည်။
ရန်ကုန်မြို့ရှိ ကျောင်းသားမိဘတဦးက “အခုကျောင်းအပ်ကြတော့ ဘယ်လိုဖြစ်လဲဆိုရင် မနှစ်က မတက်ထားတဲ့ကလေးတွေကို ပြောဆိုနေတာ။ ဘာလို့မတက်တာလဲ ဘာလဲ ညာလဲနဲ့ပြောဆိုနေတာ။ ဆရာမတွေရော ကျောင်းသားတွေရော အများကြီးပဲ။ ကျောင်းသားတွေလည်း ပလူကို ပျံနေတာပဲ။ မနှစ်ကဆို ၁၀ ယောက်မှ ၅ယောက်လောက်ပဲ အပ်တယ်။ ဒီနှစ်ကျတော့ ၁၀ ယောက်မှာ ၉ယောက်လောက်ကို အပ်နေတာ” ဟု ပြောသည်။
ကျောင်းသားမိဘများမှာ ယခုနှစ်အတွက် ကျောင်းထားရန် ဝေခွဲမရမှုများရှိနေပြီး ကလေးများအနေဖြင့် ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် ကျောင်းတက်ရောက်ပညာသင်ကြားနိုင်ခြင်း မရှိသည်မှာ ၃ နှစ်တာရှိတော့မည် ဖြစ်သည့်အတွက် စိုးရိမ်လျက်ရှိကြောင်း ဆိုကြသည်။
စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများတွင် တက်ရောက်ရန်အတွက် ရန်ကုန်မြို့ရှိ ရပ်ကွက်များအတွင်းတွင် ကျောင်းတက်ရောက်မည့် ကျောင်းသားစာရင်းအား လိုက်လံမေးမြန်းလျက်ရှိပြီး တချို့နီးစပ်ရာ ဆရာ၊ ဆရာမများမှတဆင့်လည်း ကျောင်းတက်ရန် တိုက်တွန်းပြောဆိုခြင်းများလည်း ရှိနေကြောင်း သိရသည်။
တောင်ဒဂုံမြို့နယ်အတွင်းနေထိုင်သူ ကျောင်းသားမိဘတဦးက “ ကလေးကို ကျောင်းကဆရာမတယောက်က ဘယ်လောက်ထိတောင် ကျောင်းတက်ဖို့ လာပြောလဲဆိုရင် ကျောင်းတက်တာကို တခြားသူတွေသိမှာစိုးရင် တခုခုဖြစ်မှာစိုးရင် ကျောင်းလာတဲ့အခါ ကျောင်းဝတ်စုံမဝတ်လာဘဲနဲ့လည်း လာလို့ရတယ်။ ကျောင်းထဲရောက်မှလဲပေါ့” ဟု ပြောသည်။
စစ်ကောင်စီဖွင့်လှစ်သည့် ကျောင်းများကို တက်ရောက်ခြင်းမပြုကြစေရန်အတွက် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG ) ကြားကာလပညာသင်ကြားနိုင်ရေးအတွက် အွန်လိုင်းမှတဆင့် ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများကို ဖွင့်လှစ်သလို တိုက်ပွဲပြင်းထန်သည့် ဒေသများတွင်လည်း ကိုယ်ထူကိုယ်ထပညာရေး အစီအစဉ်များ လုပ်နေကြသည်။
ယခုကာလအတွင်း စစ်ကောင်စီမှ ဖွင့်လှစ်သည့် အခြေခံကျောင်းများတွင် မတက်ရောက်လိုသည့် ကျောင်းသား ၊ ကျောင်းသူ များ အနေဖြင့် အမျိုးသားညီညွှတ်ရေးအစိုးရ NUG မှ အသိအမှတ်ပြုထားသည့် ကျောင်းများမှာ Free Online Educational Institution Myanmar
(FOEIM) ၊ Kaung For You Education ၊ Yangon Federal School ၊ Interim Basic Education School – Thingangyun ၊ New Myanmar Education ၊ Nway Oo Federal School ၊ Home-Based Learning Hlaing Thayar Township ၊ Mandalay Federal School ၊ Ayeyarwaddy Federal School တို့တွင် တက်ရောက်နိုင်ကြောင်း ကြေညာထားသည်။
သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျောင်းသားမိဘတဦးက “တချို့ကကျတော့ အခုကျောင်းတွေမှာ ကျောင်းအပ်ထားတယ်။ ကျောင်းက ဆရာမနဲ့ ပိုင်ရင်တော့ တခြား အင်တာနေရှင်နယ်ကျောင်းပဲထားထား ကိုယ်ပိုင်ကျောင်းတွေပဲထားထား ထားလိုက်ကြတယ်။ စစ်ကောင်စီကျောင်းတွေမှာတော့ အထားပြတာပေါ့။ ဆရာမတွေနဲ့ လက်ဝါးရိုက်ပြီးတော့” ဟု ပြောသည်။
စစ်ကောင်စီဖွင့်လှစ်သည့် ကျောင်းများတွင် ထားရှိသည့်အတွက် နောင်တချိန် စစ်အာဏာရှင်ပြုတ်ကျသွားသည့်အခါတွင် ၎င်းတို့၏ သားသမီးများ အမည်ပျက်စာရင်းဝင်မည်ကိုလည်း စိုးရိမ်မှုများရှိနေကြောင်း မိဘများက ဆိုသည်။
၂၀၂၁ ခုနှစ် မေလမှ ယခုနှစ် ဧပြီလအထိ ကာလအတွင်း စာသင်ကျောင်းများတွင် တိုက်ခိုက်မှု အကြိမ် ၂၆၀ ရှိခဲ့ပြီး၊ ထိုထဲတွင် ကျောင်း ၁၉၀ မှာ စာသင်ကျောင်းအတွင်းနှင့် အနီးပတ်ဝန်းကျင်တွင် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အတူ စာသင်ကျောင်းအတွင်း ဖောက်ခွဲရေးပစ္စည်းတွေ့ရှိမှု လေးကြိမ် ၊ စာသင်ကျောင်းအဆောက်အဦးများ မီးရှို့ခံရမှု ၃၃ ကြိမ်၊ ဆရာနှင့် ပညာရေးဝန်ထမ်းများ တိုက်ရိုက်တိုက်ခိုက်မှု ၁၀ ကြိမ် ၊ ယခုနှစ် မတ်လနှင့် မေလအတွင်း စာသင်ကျောင်းများကို လက်နက်ကိုင်တပ်ဖွဲ့များက သိမ်းပိုက်ပြီး ဝင်ရောက်တပ်စွဲမှု ၁၀ ကြိမ်ရှိခဲ့ကြောင်း Save the Children ၏ ကြေညာချက်တွင် ပါရှိသည်။
စာသင်ကျောင်းပြင်ပရောက်နေသည့် ကလေးငယ် သန်းပေါင်းများစွာကို ကျောင်းပြန်တက်နိုင်အောင် မလုပ်ပေးနိုင်ပါက အဓမ္မလုပ်အားပေးခိုင်းစေမှု အပါအဝင် ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျသွားခြင်းများ ဖြစ်နိုင်ကြောင်း သတိပေးထားပြီး ၊ လက်နက်ကိုင်အဖွဲ့များအနေဖြင့် စာသင်ကျောင်းများကို တိုက်ခိုက်မှုများ လုံးဝရပ်တန့်ရန် Save the children က တောင်းဆိုထားသည်။
You may also like these stories:
စစ်ဘေးရှောင်များ စားနပ်ရိက္ခာ လိုအပ်ချက်အပြင် ရာသီဥတုဘေးပါ ရင်ဆိုင်နေရ
ဒုက္ခသည်တွေ ကူညီမှာလား၊ စစ်ကောင်စီကို ကူညီမှာလား
ဝန်ကြီးပြောင်းလည်း လျှပ်စစ်မီးမှန်အောင် မပေးနိုင်
မြန်မာကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ထိုင်းက နယ်စပ်ဖြတ်ကျော်ခွင့်ပေးပါ