သတင်း

မန္တလေး ဈေးကြီးများရှိ ဆိုင်ခန်းများ ပြန်မဖွင့်ပါက သိမ်းမည်ဟု စည်ပင်ခြိမ်းခြောက်

မန္တလေးမြို့၏ အထင်ကရ ဈေးကြီးများဖြစ်သည့် ဈေးချိုတော်၊ ရတနာပုံဈေးနှင့် မန်းမြန်မာ ပလာဇာတို့ရှိ ဆိုင်ခန်းများ အား ဇွန်လ ယခုအပတ်အတွင်း ပြန်လည် ဖွင့်လှစ်ခြင်း မရှိပါက သ်ိမ်းဆည်းသွားမည်ဟု စည်ပင်က အကြောင်းကြား လာကြောင်း ဈေးသူဈေးသားများထံက သိရသည်။

အဆိုပါ ဈေးကြီးများကို စစ်ကောင်စီ၏ မန္တလေးမြို့တော်၊ စည်ပင်သာယာရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်တွင် စတင် ဖွင့်လှစ်ခဲ့သော်လည်း၊ ဆိုင်ခန်းတချို့မှာ ပြန်လည် ဖွင့်လှစ်ခြင်း မရှိသေး သည့်အတွက် မန္တလေးစည်ပင်က မေလနောက်ဆုံး အပတ်က ထိုသို့ စာထုတ် အကြောင်းကြားလာခြင်းဟု သိရသည်။

“အဓိကတော့ မဖွင့်ဘဲ ဒီအတိုင်းထားတဲ့ ဆိုင်ခန်းတွေကို အခု အပတ်ထဲမှာ ဆိုင်ပြန်ဖွင့်ဖို့နဲ့၊ မဖွင့်ခဲ့ရင် ဆိုင်ခန်းတွေကို သိမ်းဆည်းသွားမယ်လို့ ပါတာပေါ့နော်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ဈေးတွေ ပြန်ဖွင့်ပေးတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် အခုအချိန်ထိ မဖွင့်သေးတဲ့ ဆိုင်တွေလည်း ရှိနေတာပေါ့။ အဲဒါကြောင့် အခုလို စည်ပင် ကနေ ထပ်ပြီး စာထွက်လာတာ၊ ပြောရမယ်ဆိုရင် စာထုတ်ပြီး ခြိမ်းခြောက်တာပဲ” ဈေးချိုတော်မှ အမည်မဖော်လိုသူ ဆိုင်ခန်းပိုင်ရှင် တဦးက ပြောသည်။

မန္တလေးမြို့မှာ ပုံမှန်အတိုင်း စည်ကားနေသည် ဆိုသည့် ပုံရိပ်ကို ပြသလိုသဖြင့် စစ်ကောင်စီက ဈေးများကို ပြန်လည် ဖွင့်လှစ်ပေးထားသော်လည်း ဆိုင်ခန်းပိုင်ရှင်အချို့မှာ အွန်လိုင်းစနစ်ဖြင့်သာ အရောင်းအဝယ် ပြုလုပ်နေကြခြင်းနှင့် လုံခြုံရေး အခြေအနေကို စိုးရိမ်ကြ၍ ဆိုင်ပြန်မဖွင့်လိုသူများလည်း ရှိနေကြောင်း သိရသည်။

“ဆိုင်ခန်းတွေမှာ မဖွင့်ကြတာက အချို့က အွန်လိုင်းကနေပဲ အော်ဒါကောက်ပြီး အရောင်းအဝယ်လုပ်နေကြတာ ဈေး မှာ ဆိုင်မဖွင့်ပေမယ့် ဖုန်းအဆက်အသွယ်နဲ့ အွန်လိုင်းကနေ လုပ်တာ အဆင်ပြေနေတော့ ပြန်မဖွင့် ချင်ကြတော့ဘူး။ ဈေးထဲမှာ ဆိုင်ပြန်ဖွင့်ပါပြီတဲ့၊ တခုခုဆိုရင် ဘယ်သူမှ တာဝန်ယူမှာ မဟုတ်ဘူး၊ ဒါကြောင့် ပြန်မဖွင့်ရဲသေးတာ” ဟု ရတနာပုံဈေးတွင် အထည်ဆိုင် ဖွင့်လှစ်ထားသည့် ဆိုင်ပိုင် ရှင်တဦးက ပြောသည်။

မန္တလေးမြို့တွင် COVID-19 ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်းကြောင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အဆိုပါ ဈေးကြီးများကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်ပိုင်းက ပိတ်သိမ်းထားခဲ့ပြီးနောက်၂၀၂၁ ခုနှစ် မတ်လ ၂၁ ရက်တွင် မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြန်လည် ဖွင့်လှစ်စေခဲ့သည်။

ထို့နောက် ကိုဗစ် တတိယလှိုင်းကြောင့် ဇူလိုင်လလယ်မှ စ၍ ပြန်ပိတ်ခိုင်းခဲ့ပြီး အောက်တိုဘာလဆန်းပိုင်းတွင် အဆိုပါ ဈေးကြီးများမှ ဆိုင်ခန်းရှင်များအား ဈေးအတွင်းရှိ ပစ္စည်းများ ပြန်ထုတ်ယူခွင့်ပေးခဲ့ရာ ဈေးဆိုင်ခန်းပိုင်ရှင်များက ပစ္စည်းများအား နေအိမ်များသို့ ရွှေ့ပြောင်း၍ အွန်လိုင်းကနေ ရောင်းချမှုများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“အခုကတော့ ဘိုးဘွားတွေ လက်ထက်ကတည်းက ပိုင်ဆိုင်လာတဲ့ ဆိုင်ခန်းလေး အသိမ်းခံရမှာ စိုးရိမ်လို့ ပြန်တော့ ဖွင့်ပေးရမယ်ပေါ့။ အရင်လိုတော့ လူတွေ အများကြီးနဲ့ မလုပ်တော့ဘူး။ လက်ရှိမှာက ဝင်ငွေ ထွက်ငွေ ချိန်ဆနေရ တာ။ အိမ်ကနေ အရောင်းအဝယ် လုပ်တာတောင် အလုပ်သမားက ၃ ယောက်လောက်ပဲ ခေါ်ထားတာ” ဟု ဈေးချိုတော်မှ ဆိုင်ခန်းပိုင်ရှင် တဦးက ပြောသည်။

မန္တလေး ဈေးချိုတော်တွင် ဆိုင်ခန်းပေါင်း ၃ ထောင်ကျော်ရှိသည့်အနက် လုံးဝပြန်မဖွင့်သည့် ဆိုင်ခန်းအရေအတွက်မှာ ၈၀၀ ကျော်ရှိပြီး၊ မန်းမြန်မာ ပလာဇာတွင် မဖွင့်သည့် ဆိုင်ခန်းအရေအတွက် ၂၀၀ ကျော်ရှိပြီး၊ ရတနာပုံဈေးမှာလည်း မဖွင့်သည့် ဆိုင်ခန်းအရေအတွက်မျာ အနည်းဆုံး ၃၀၀ ကျော် ရှိကြောင်း သိရသည်။

Loading