ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ၆ လ တာကာလအတွင်း အရပ်သား ၂၁ ဦး သေဆုံးပြီး ၃၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်း နိုင်ငံ (KWAT) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၁ နိုဝင်ဘာမှ ၂၀၂၂ ဧပြီလထိ ၆ လအတွင်း အရပ်သားနယ်မြေများတွင် စစ်ကောင်စီသည် လေကြောင်း တိုက် ခိုက်မှု ၅ ကြိမ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၁၃ ကြိမ်၊ ရမ်းသမ်းပစ်ခတ်မှု ၁၃ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
၂၀၂၂ ဇန်ဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အတွင်း စစ်ကောင်စီသည် အရပ်သားများနေထိုင်သည့် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ဆွမ်ပီယန်ရွာ၊ ဖားကန့်မြို့နယ် ဂေါ့လူယန်ခိုင်ရွန်းရွာ၊ စစ်ကိုင်းတိုင်းမြောက်ပိုင်း ကသာမြို့နယ် မိုးဒါးကြီး ရွာ၊ မှတ်တိုင်ရွာတို့ကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ၂ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၂ ဖေဖော်ဝါရီ ၅ ရက် ညနေ ၃ နာရီတွင် တိုက်လေယာဉ် ၂ စီးသည် ကပ်မော်ဇွတ်ရွာကို ဗုံးကြဲတိုက် ခိုက်ရာ အသက် ၈၂ နှစ်အရွယ် အဘိုး ၁ ဦး နေရာတွင် သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်အမျိုးသမီး ၁ ဦးကို မြစ်ကြီးနား ဆေးရုံသို့ပို့ရာ လမ်းခရီးတွင် အဆင့်ဆင့် တားဆီးစစ်ဆေး မေးမြန်းမှုများကြောင့် ဆေးရုံရောက်ချိန် နောက်ကျသဖြင့် ကုသချိန်မမီဘဲ အသက်ဆုံးပါးခဲ့ရသည်ဟု ဆိုသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည့် နေရာများသာမက၊ စစ်ရှောင် စခန်းများ၊ ကျေးရွာများနှင့် လူနေရပ်ကွက်များပါမကျန် ဗုံးခိုကျင်းများ တူးထားကြရသည်ဟုလည်း KWAT မှ ပြောရေး ဆိုခွင့်ရှိသူ မွန်းနေလီက ပြောသည်။
“တချို့ ဗုံးခိုကျင်း တူးလို့မရတဲ့ နေရာတွေမှာဆိုရင် ကျောက်ကမ်းပါးတွေမှာ ပုန်းခိုနေရတာတွေ ရှိပါတယ်။ ဗုံးခိုကျင်း ထဲ ပြေးဝင်လိုက်၊ အိမ်မှာနေလိုက်ပေါ့။ လေယာဉ်သံ ကြားပြီဆိုတာနဲ့ ပြေးကြရတာပဲ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် အဆိုပါ ဒေသများတွင် စစ်ကောင်စီ၏ တိုက်ခိုက်ရေး တပ်မများဖြစ်သည့် တပ်မ ၃၃၊ ၈၈ နှင့် ၉၉ တပ်ဖွဲ့များက အရပ်ဘက် နယ်မြေများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခဲ့မှုကြောင့် ပြီးခဲ့သည့် ၆ လတာအတွင်း ဒေသခံရွာသား ၈ ဦး သေဆုံးပြီး ကလေး ၆ ဦး အပါအဝင် ပြည်သူ ၂၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း KWAT ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများသည် ပြည်သူများနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက် များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် စစ်ကောင်စီက တိုက်ခိုက်ခဲ့ခြင်းမှာ ပေါ်လွင်ကြောင်း KWAT က အစီရင်ခံစာ မထုတ်ပြန်ခင် စုံစမ်းဖော်ထုတ်မှုများအရ သိရှိရသည်ဟု ဆိုထားသည်။
မွန်းနေလီက “ရွာထဲမှာကို ပစ်ချတာတွေ။ အိမ်တွေကို ပစ်တာတွေ။ လေယာဉ်သံ ကြားပြီဆိုတာနဲ့ ပြေးကြရတာပဲ။ ဘာလို့လဲဆိုတော့ ဘယ်မှာ ဗုံးကြဲလိုက်မယ်ဆိုတာ ပြောလို့မရဘူးလေ” ဟု ပြောသည်။
ထို့ပြင် အဆိုပါ ကာလအတွင်း အရပ်သား ၂၃ ဦးကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) သို့မဟုတ် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ဆက်နွယ်မှု ရှိသည်ဟုဆိုကာ ဥပဒေမဲ့ တရားလက်လွတ်ဖမ်းဆီးပြီး နှိပ်စက်မှုများ ပြုလုပ်ခဲ့ သည့်အပြင် ရွာသား ၃၄ ဦးကို လူသားဒိုင်းအဖြစ် အဓမ္မလုပ်အားခိုင်းစေ အသုံးပြုခဲ့ကြောင်းလည်း အစီရင်ခံစာအရ သိရသည်။
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူများအနက် ၇ ဦးမှာ ပြင်းထန်စွာနှိပ်စက်ခံရပြီး အမျိုးသမီး ၁ ဦးလည်း ပါဝင်နေ ကြောင်း၊ ထို့အတူ မိုးမောက်၊ ဖားကန့်နှင့် နမ္မတူတို့မှ အမျိုးသမီးများ အပါအဝင် ရွာသား ၂၈ ယောက်သည် စစ်ကောင် စီတပ်သားများ၏ လူသားဒိုင်းအဖြစ် အတင်းအဓမ္မ လမ်းလျှောက်ခိုင်းစေခြင်းများကို ကြုံတွေ့ခဲ့ရကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီ ၁၂ ရက်က ခမရ ၃၃၆ မှ စစ်သား ၁ ယောက်သည် ကွတ်ခိုင်မြို့နယ်၊ ဟူနောင်ရွာမှ အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သော်လည်း ရပ်ရွာကသိ၍ တားဆီးခဲ့မှုကြောင့် အထမမြောက် ခဲ့ကြောင်း၊ ထိုသို့ ကြိုးပမ်းမှုတွင် အဆိုပါ အမျိုးသမီးအား ဦးခေါင်းရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း ၂၀၂၂ ဖေဖော်ဝါရီမှ ဧပြီလထိ ၄ လတာအတွင်း ဒေသခံပြည်သူ ၁၀ ဦး အသတ်ခံခဲ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ထုတ်ပြန်ထားသည့် အချက်အလက်များကလည်း ဆိုသည်။
အဆိုပါ သေဆုံးသူများထဲမှ ၉ ဦးမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ယိင်းလျန်းဟန်က “ပြည်သူတွေကို တရားလက်လွတ် သတ်ဖြတ်တာတွေ ကြုံနေရတယ်။ သူတို့ကို ဆန့်ကျင်တယ်လို့ထင်တဲ့ ပြည်သူတွေရဲ့ နေအိမ်ကို မီးရှို့တယ်။ ပစ္စည်းတွေကို အဓမ္မယူသွားတာတွေ ကြုံနေရ တယ်။ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူနိုင်ဖို့ ကျမတို့ ဝိုင်းပြီး မှတ်တမ်းတွေ ယူထားဖို့ လည်း လိုတယ်။ စစ်ကောင်စီကို ပြည်သူတွေအကုန်လုံးက စုစည်းပြီး ဆက်တော်လှန်နေဖို့လည်း လိုပါတယ်” ဟု ပြောသည်။
၂၀၂၁ နိုဝင်ဘာမှ ၂၀၂၂ ဧပြီလအတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ လားရှိုးနှင့် နမ္မတူ မြို့နယ်များအတွင်းမှ ဒေသခံပြည်သူ ၅,၇၃၇ ဦးမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။
You may also like these stories:
မြေလှန်မီးတိုက် အစုလိုက် အသတ်ခံရမှုများကြောင့် အိမ်မပြန်ရဲကြတော့သူများ