နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းများကြောင့် မန္တလေးတိုင်းအတွင်းရှိ ပုဂ္ဂလိကစာသင်ကျောင်းအချို့ မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။
ဧရာဝတီက စုံစမ်းသိရသည့် အချက်အလက်များအရ မန္တလေးတိုင်းအတွင်း ဖွင့်လှစ်ခွင့်ပြုထားသည့် ပုဂ္ဂလိကကျောင်း ၂၄၀ ကျော်ရှိပြီး မန္တလေးမြို့တွင် ၁၄၀ ခန့် ရှိရာ ယခုစာသင်နှစ်၌ ကျောင်း ၆၀ ခန့်မှာ ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း သိရသည်။
မန္တလေးမြို့မှ ပုဂ္ဂလိကကျောင်းပိုင်ရှင်တဦးက ကိုဗစ်-၁၉ ကာလကတည်းက ပိတ်ထားခဲ့ရသည့် ၎င်း၏ကျောင်းအား ယခု နှစ်တွင်လည်း စီးပွားရေး၊ နိုင်ငံရေး အခြေအနေများကြောင့် ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း ပြောဆိုသည်။
“ကျောင်းတွေ မဖွင့်ဖြစ်ရင်တော့ ဖွင့်လှစ်ခွင့် ပြုထားတာကို ပိတ်တာတွေဘာတွေ လုပ်လာနိုင်တာပေါ့။ လက်ရှိ အထိတော့ ဘာမှ မလာသေးပါဘူး။ နာမည်ကြီး ကျောင်းကြီးတွေကတော့ အကုန်လုံးနီးပါး ဖွင့်ကြတယ်။ ကျောင်းအသေးလေးတွေ ကတော့ တော်တော်များများ မဖွင့်နိုင်ကြဘူး” ဟုလည်း ၎င်းက ဆိုသည်။
ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကကျောင်းများတွင်လည်း ပိုက်ဆံရှိ သားသမီးများသာ တက်နိုင်ကြတော့သဖြင့် ယခင်နှစ်များ ထက် ကျောင်းအပ်သူ နည်းပါးကြောင်း သိရသည်။
ကျောင်းဖွင့်မည့် ပုဂ္ဂလိကကျောင်းပိုင်ရှင်တဦးက “ပုဂ္ဂလိကကျောင်းမှာ ထားတာက ငွေသုံးနိုင်တဲ့သူတွေပေါ့။ အရင်က တော့ သာမန်အလယ်အလတ်တန်းစား မိဘတွေကလည်း ထားကြတယ်။ လက်ရှိအချိန်က စီးပွားရေးတွေ မကောင်းကြ တော့ ပိုက်ဆံရှိသားသမီးတွေပဲ ထားကြတာ ပိုများတယ်။ တော်ရုံကျောင်းမှာဆိုရင်တောင် အလယ်တန်း ကျောင်းသား တယောက် ကုန်ကျစရိတ်က ၁ နှစ်ကို သိန်း ၂၀ အထက်မှာ ရှိနေတာဆိုတော့ ဒီနှစ် ကျောင်းအပ်တဲ့သူက နည်းတယ်” ဟု ရှင်းပြသည်။
ပုဂ္ဂလိကကျောင်းများကို ၂၀၁၂-၁၃ ပညာသင်နှစ်မှ စတင် ဖွင့်လှစ်ခွင့်ပြုပေးခဲ့ပြီး သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံပါက အများဆုံး ၅ နှစ်သက်တမ်းအထိ နှစ်စဉ်ကြေးများ တလုံးတခဲတည်း ပေးသွင်း၍ ဖွင့်လှစ်ခွင့်ပြုပေးထားကာ ရန်ကုန်၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့များတွင် ပုဂ္ဂလိကကျောင်း အများဆုံးဖွင့်ထားကြောင်း သိရသည်။
“ကျောင်းတွေအပ်ခံပြီး ကျောင်းတွေ ဖွင့်တယ်လို့သာဆိုတယ် ကျောင်းသားက မရှိဘူး။ သင်ပေးရမယ့် ၁၀ တန်း ကျောင်း သား ၆ ယောက်ပဲရှိတော့ ဘာမှလုပ်မရဘူး။ အဲဒီလို အခြေအနေနဲ့ ဘယ်လိုမှ အလုပ်လုပ်လို့မရတော့ ကျနော်တို့ကိုလည်း အခုထိ ပြန်မခေါ်သေးဘူး။ ပုံစံကတော့ ကျနော်တို့ အတန်းပြတွေကို မခေါ်တော့ဘဲ သူတို့ဘာသာ သင်တော့မယ့် သဘော မျိုးပဲ။ ပြီးတော့ အပြင်ကျုရှင်တွေလည်း တခုမှ မဖွင့်ကြသေးဘူး။ လောလောဆယ်အထိတော့ အလုပ်လက်မဲ့ပေါ့” ဟု ပုဂ္ဂလိကကျောင်းတခုတွင် ရူပဗေဒသင်ကြားပေးနေသည့် မန္တလေးမြို့ခံ ကျောင်းဆရာတဦးက ပြောသည်။
ဖွင့်လှစ်နိုင်ခြင်း မရှိသော ကိုယ်ပိုင်ကျောင်းများတွင် အထက်တန်းကျောင်း အများဆုံးဖြစ်ပြီး ကျောင်းတည်ထောင်သူများ အများစုမှာ ကျောင်းအတွက်ကုန်ကျမည့် ငွေကြေး အခက်အခဲကြောင့် မဖွင့်လှစ်နိုင်ကြခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆို သည်။
“ကိုယ်ပိုင်ကျောင်းသေးတွေက အစကတည်းက ငွေအင်အား တောင့်တောင့်တင်းတင်းနဲ့ ဖွင့်တာမျိုးမဟုတ်တော့ ပိုးဆိုး တာပေါ့။ တချို့ကျောင်းတွေက ကျောင်းဆရာ၊ ဆရာမတွေနဲ့ အငြိမ်စားဝန်ထမ်းတွေက စုဆောင်းထားတာလေးတွေကို မတည်ပြီး ပြင်ပစီးပွားရေးလုပ်ငန်းရှင်တွေ ရှယ်ယာခေါ်လုပ်ကြတာမျိုးတွေ။ ကိုဗစ်ရယ်၊ နိုင်ငံရေးရယ် နှစ်ခုပေါင်းလိုက် တော့ ကျောင်းသားတွေဘက်ကလည်း စိတ်မဝင်စား၊ မိဘတွေကလည်း မအပ်ရဲကြပေါ့။ အဲဒီလို ကျောင်းမျိုးတွေက စွန့်စားပြီးဖွင့်ရင် အရှုံးကို ထည့်တွက်ကြရမှာဆိုတော့ လက်ရှိ အခြေအနေတွေကြောင့် ဆက်မဖွင့်နိုင်ကြတော့ဘူး” ဟု ပြင်ဦးလွင်မြို့မှ ပုဂ္ဂလိကကျောင်းတည်ထောင်သူတဦးက ရှင်းပြသည်။
မန္တလေးမြ်ို့ခံ အငြိမ်စားကျောင်းဆရာတဦးကလည်း “အကယ်၍ ကျောင်းဖွင့်ဖို့ ဆရာ၊ ဆရာမတွေ ငှားပြီး မျှော်မှန်းသ လောက် ကျောင်းသားအရေအတွက် မရခဲ့ရင် အခြေအနေက ပိုဆိုးသွားနိုင်တယ်။ ငွေကြေး အရင်းအနှီးကြီးတဲ့ ပညာရေး လုပ်ငန်းဆိုတော့ မစွန့်စားကြတဲ့ သဘောပါပဲ။ အချို့ ကျောင်းအသေးလေးတွေဆိုရင် စွန့်စားပြီး ကျောင်းအပ် လက်ခံကြ တာမှာ ထင်သလောက်မရကြတော့ ဖွင့်ဖြစ်မလား၊ မဖွင့်ဖြစ်ဘူးလား စောင့်ကြည့်ရမယ့် အခြေအနေပဲ” ဟု ပြောသည်။
သို့သော် မိမိတို့၏ သားသမီးများအား အတန်းတက်လိုခြင်းထက် စာတတ်စေချင်သည့် ပိုက်ဆံရှိ မိဘများကမူ ပုဂ္ဂလိက ကျောင်းများတွင်သာ ထားကြမည်သာဖြစ်ရာ မန္တလေးမြို့တွင် ဖွင့်လှစ်သည့် နာမည်ကြီးကျောင်းများတွင် ကျောင်းသားဦး ရေ များနိုင်ကြောင်း ပုဂ္ဂလိကကျောင်းဖွင့်လှစ်ထားသည့် အငြိမ်းစားပညာရေး ဝန်ထမ်းတဦးက သုံးသပ်ပြောဆိုသည်။
မန္တလေးမြို့ခံ ကျောင်းသားမိဘတဦးက “ကျမ သားလေးကို အရင်ကတော့ ကိုယ်ပိုင်ကျောင်းမှာ ထားခဲ့တာ။ ဒီနှစ်တော့ မထားနိုင်တော့ပါဘူး။ အိမ်က အမျိုးသားရဲ့ အလုပ်ကလည်း သိပ်အဆင်ပြေကြီး မဟုတ်တော့ဘူးလေ။ ပြီးတော့ ကုန်ကျ စရိတ်တွေကလည်း အရင်ကထက် နှစ်ဆလောက် တက်နေတာဆိုတော့ ချွေတာနေရတာလည်း ပါတယ်။ ဒီနှစ်တော့ ကျောင်းဆက်မထားရင် အတန်းနောက်ကျတော့မှာ။ အဲဒါကြောင့် အစိုးရကျောင်းမှာထားပြီး အွန်လိုင်းကနေပဲ ဂိုက်နဲ့ သင်ပေးတော့မယ်။ ကျောင်းကတော့ အပ်ထားပြီ” ဟု ပြောသည်။
တဖက်တွင်လည်း စစ်ကောင်စီသည် ပုဂ္ဂလိကကျောင်းများတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများအား ခန့်ထားခြင်း ရှိမရှိ စစ်ဆေးရန် စီစဉ်နေသလို တချို့သော ပုဂ္ဂလိကကျောင်းများရှိ ဆရာ၊ ဆရာမ၊ ဝန်ထမ်း အင်အားစာရင်းနှင့် နေရပ်လိပ်စာများကိုပါ တောင်းယူထားကြောင်း သိရသည်။
ထို့ပြင် ပုဂ္ဂလိကကျောင်းများတွင် သင်ကြားနေသည့် ဆရာ၊ ဆရာမများကိုလည်း အသိအမှတ်ပြု သင်ကြားရေးလက်မှတ် မရှိဘဲ သင်ကြားခြင်းမျိုး မရှိစေရန်ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက သင်တန်းများ ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖွင့်လှစ်ပေးသည်မှာ ကျောင်းဖွင့်ချိန်တွင် CDM ဆရာ၊ ဆရာမများ ဝင်ရောက်စာသင်ပေးခြင်း မရှိစေရန် ရည်ရွယ် ကာ ဖွင့်လှစ်ပေးခြင်း ဖြစ်နိုင်ကြောင်း ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် အခြေခံပညာစာသင် ကျောင်းများ တွင် မေ ၂၆ ရက်မှ ဇွန် ၁ ရက်ထိ ကျောင်းအပ်လက်ခံခဲ့ပြီး ယနေ့ ဇွန် ၂ ရက်တွင် ကျောင်းများ စတင်ဖွင့်ပြီ ဖြစ်သည်။
ထို့ပြင် စစ်ကောင်စီသည် CDM အခြေခံပညာရေးဝန်ထမ်းများအား တာဝန်ပျက်ကွက်ခဲ့သည့် ကာလများကို လစာမဲ့ခွင့် အဖြစ် သတ်မှတ်၍ ကြီးလေးသော ရာဇဝတ်မှု ကျူးလွန်သူများမှအပ တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေး ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ဖိတ်ခေါ်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့်လည်း ကြားကာလပညာသင်ကြားရေးစနစ်ကို ဖော်ဆောင်ပေးနေပြီး တချို့ ဒေသများတွင် စာသင်ကျောင်းများ ဖွင့်လှစ်ပေးထားသလို ဖက်ဒရယ်စာသင်ကျောင်းများ ဖွင့်လှစ်ကာ အွန်လိုင်းသင်ကြား ရေးစနစ်ဖြင့် သင်ကြားပေးနိုင်ရန်အတွက်လည်း ကျောင်းအပ်လက်ခံမှုများ စတင်နေပြီ ဖြစ်သည်။