အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) ခေါင်းဆောင် များနှင့် တဖွဲ့ချင်းသီးသန့်တွေ့ဆုံဆွေးနွေးနေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် အမှန်တကယ် ငြိမ်းချမ်းလိုခြင်းကြောင့် မဟုတ်ဘဲ ဟန်ပြလုပ်ဆောင်နေသည့် ဆွေးနွေးပွဲသာ ဖြစ်ကြောင်း မြန်မာ့အရေး လေ့လာသူများက ထောက်ပြကြသည်။
နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောကလည်း အာဏာသိမ်းစစ်ကောင်စီ ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် အတုအယောင်သာဖြစ်ပြီး နှုတ်အားဖြင့်သာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်မည်ဟု ပြောနေခြင်းဖြစ်ကြောင်းဆိုသည်။
ဒေါက်တာ လှကျော်ဇောက “အတုအယောင်ပါပဲ။ ဒီမိုကရေစီကိုလက်ခံပါတယ်ဆိုရင် လုပ်ပေးလေ။ တိုင်းရင်းသားတွေကိုလည်း ဖက်ဒရယ်အခွင့်အရေး ပေးလေ။ သူက ပါးစပ်က ဖက်ဒရယ်သာပြောတာ ပါးစပ်ကပဲ ပြောလို့မရဘူးဗျ။ စနစ်တကျ ဖက်ဒရယ်ဆိုတာက ဘာ။ အားလုံးက Definition ပေါ့။ အဓိပ္ပာယ်ဖွင့်ဆိုချက်။ သေချာဆွေးနွေးရဦးမှာဗျ။ ဖက်ဒရယ်ကိုသူလည်း ထောက်ခံတယ်။ ဒီမိုကရေစီကို သူလည်း ထောက်ခံတယ်ဆိုရင် သူထောက်ခံတာက ဘာလဲဆိုတာ သိရမှာပေါ့” ဟု ဆိုသည်။
စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၂၀ ရက်မှ စတင်ကာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) နှင့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ခေါင်းဆောင်များအား တဖွဲ့ချင်းစီတွေ့ဆုံခဲ့သည်။
ထိုတွေ့ဆုံပွဲများတွင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး အပါအဝင် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ လုပ်ဆောင်ရန် သဘောတူကြောင်း စစ်ကောင်စီက ဝါဒဖြန် မီဒီယာများမှတဆင့် ထုတ်ပြန်သည်။ သို့သော်လည်း ထိုအချက်များသည် ရေရာခြင်းမရှိဘဲ လတ်တလော နိုင်ငံရေး အမြတ်ထုတ်ရန် ယေဘုယျ သဘောတူချက်မျိုးသာ ဖြစ်ကြောင်း တိုင်းရင်းသား အရေး စောင့်ကြည့်သူများက သုံးသပ်ကြသည်။
တိုင်းရင်းသား အရေးစောင့်ကြည့် လေ့လာသူတဦးကလည်း စစ်ကောင်စီသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အရေး ဖော်ဆောင်ရန် အကောင်းဆုံး အင်စတီးကျူးရှင်းအဖြစ် ၎င်းတို့ကိုယ်ကို ပုံဖော်လိုသောကြောင့် ယခုကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရန် သဘောတူခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာမှ တဆင့် ဝါဒဖြန့်နေခြင်း ဖြစ်ကြောင်းပြောသည်။
၎င်းက “အဓိကတော့ လုပ်ပွဲပဲ နိုင်ငံရေးအရ နိုင်ငံတကာကို သူ ငြိမ်းချမ်းရေးလုပ်တယ်လို့ပြတယ်။ တဖက်က ပြည်တွင်းမှာ PDF (ပြည်သူ့ကာကွယ်ရေးတပ်) တွေကို ဖိတိုက်လို့ရအောင် ကျန်တဲ့ EAO တွေကို အချိန်ဆွဲဖို့ လုပ်တယ်။ ဒါပါပဲ။ ဝ လိုအဖွဲ့တွေက NCA (တနိုင်ငံလုံးအပစ်ရပ်စာချုပ်) တောင်ထိုးတာမဟုတ်ဘူးလေ။ NCA မထိုးတဲ့အဖွဲ့တွေနဲ့ ဘယ်လမ်းကြောင်းသွားမှာလဲဆိုတာ သူ့မှာ ရှင်းရှင်းလင်းလင်း သဘောထားမရှိဘူး။ အရင် လာတဲ့အဖွဲ့တွေကို NCA ထိုးထားတော့ NCA အတိုင်းပဲ စကားပြောတာပေါ့” ဟု မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်သည် ၎င်းတို့ အာဏာသိမ်းပြီးတိုင်းတွင် ကျဆင်းသွားသည့် ၎င်းတို့၏ ပုံရိပ်ကို မြှင့်တင်ရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ခေါ်လေ့ရှိပြီး စစ်တပ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တော်လှန်ရေးအင်အားစုများအား စိတ်ဝမ်းကွဲပြားရန် သွေးထိုးလေ့ရှိကြောင်း ဒေါက်တာလှကျော်ဇောက ပြောသည်။
၎င်းက“အခုလည်း ဘာမှမထူးဘူး။ သူ့အရှေ့အဆက်ဆက်စစ်အုပ်စုတွေလုပ်ခဲ့တဲ့ လမ်းအတိုင်းပဲ။ သူတို့ကို လူတွေ သိပ်မုန်းလာတဲ့အခါမှာ ငြိမ်းချမ်းရေးခေါ်မယ်။ အဲဒီလူတွေကို ခမ်းခမ်းနားနားနဲ့ ခေါင်းဆောင်နေရာပေးမယ်။ အချင်းချင်းကြားကွဲအောင်ပြဲအောင် လုပ်မယ်။ ၈၈ တုန်းကလည်း ကိုးကန့်ကို အဲဒီလိုပဲ လုပ်ခဲ့တာပဲ” ဟု ပြောသည်။
မြန်မာ့အရေးကို နှစ်ပေါင်း ၄၀ ကျော် လေ့လာရေးသားလာသည့် ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလ်လစ်တနာကမူ ပုံမှန်အားဖြင့် နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အစိုးရသည် ၎င်းတို့၏ ဆန္ဒကို ကြေညာရပြီး အဆိုပါ သဘောထားကို EAOs များက တုံ့ပြန်ကာ တွေ့ဆုံဆွေးနွေးကြရကြောင်း ၊ ယင်းနောက် နိုင်ငံရေး သဘောတူညီချက် ရမှသာ သဘောတူညီချက်ကို လက်မှတ်ထိုးကြရခြင်းဖြစ်ကြောင်း ပြောသည်။
သို့သော်လည်း လက်ရှိမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ထိုကဲ့သို့ မဟုတ်ဘဲ လက်မှတ်အရင်ထိုးခိုင်းပြီးမှ နိုင်ငံရေးဆွေးနွေးသည့် ပုံစံ၊ ပြောင်းပြန် ဖြစ်နေသဖြင့် အလုပ်ဖြစ်မည်မထင်ကြောင်း ဧရာဝတီနှင့် သီးသန့် အင်တာဗျူးတွင် ပြောသည်။
ဘာတေးလ်လစ်တနာ က “လက်နက်ကိုင်အုပ်စုတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ် ခေါ်တယ် ဘာညာဆိုတာကတော့ စစ်အစိုးရကနေပြီး တရားဝင်မှုယူဖို့ ကြိုးပမ်းမှုတစ်ခုပါပဲ။ ကျနော်ထင်တယ်။ ဒီ မှာကျတော့ လူတိုင်း မဆွေးနွေးခင်မှာ ဒီ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို အရင်လက်မှတ် လာထိုးဆိုတာမျိုးဖြစ်နေတယ်။ မြင်းနောက်မှာ လှည်းမရှိပဲ၊ လှည်းက မြင်းရှေ့ရောက်နေသလိုဖြစ်နေ တယ်။ ဆိုတော့ ဒါ ဘယ်တော့မှ အလုပ်ဖြစ်မှာ မဟုတ်ဘူး” ဟု ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် NCA လက်မှမထိုးထားသည့် EAO များအနေနှင့်လည်း နိုင်ငံရေးသဘောတူညီချက် တိတိပပ မရရှိသေးဘဲ စစ်ကောင်စီကိုင်စွဲထားသည့် NCA စာချုပ်ကို လက်မှတ်ရေးထိုးကြလိမ့်မည် မဟုတ်ကြောင်း ဘာတေးလ်လစ်တနာက ထောက်ပြသည်။
စစ်ကောင်စီနှင့် ဆွေးနွေးရန် စာရင်းပေးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ စုစုပေါင်း ဆယ်ဖွဲ့ရှိပြီး
နောက်ထပ်တွေ့ဆုံမည့် အဖွဲ့များထဲတွင် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ဖြစ်သည်။