ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် နိုင်ငံတဝှမ်းမှ စက်သုံးဆီဆိုင်အများစုတွင် ဓာတ်ဆီပြတ်လပ်မှုများ ကြုံတွေ့နေရပြီး ဈေးနှုန်းများလည်း ရက်ပိုင်းအတွင်း မြင့်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ရန်ကုန်ဈေးကွက် တွင် စက်သုံးဆီ ၁ လီတာလျှင် မေလနောက်ဆုံးပတ်ထက် ၆၅ ကျပ်နီးပါး မြင့်တက်နေသလို ကျန် သည့် တိုင်းနှင့်ပြည်နယ်များ၌လည်း သယ်ယူစရိတ်ကြောင့် ရန်ကုန်ဈေးထက် ပိုမြင့်တက်နေပြီး ချင်းပြည်နယ်တွင် ဓာတ်ဆီ ၁ ဂါလံလျှင် ကျပ် ၁ သောင်းကျော်ထိ ပေးဝယ်နေရကြောင်း သိရသည်။
ချင်းပြည်နယ်မှ ဒေသခံတဦးက “ကျနော်တို့ဆီမှာ ဓာတ်ဆီကတော့ ၁ ဂါလံကို ကျပ် ၁၂၀၀၀ နီးပါး ရှိတယ်။ ဈေးတွေ ကတော့ အဆမတန် မြင့်တယ်။ လိုသလောက်ကတော့ ဝယ်မရဘူးပေါ့။ နောက်တခုက တိုက်ပွဲဆိုတာထက် ကျနော် တို့ဆီမှာ မိုးကျလာတော့ လမ်းပြိုမြေပြိုရင် ကုန်စည်တွေက တော်တော်နဲ့ ရောက်မလာနိုင်တော့ ပိုဆိုးမှာ” ဟု ပြော သည်။
ထိုသို့ ဈေးနှုန်းများ မြင့်တက်နေသည့်အပြင် ဓာတ်ဆီ 92 နှင့် 95 မှာ သုံးစွဲသူများ အနေဖြင့် လိုအပ်သည့် ပမာဏ ကိုပင် ဝယ်ယူမရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်မှာလည်း ၁ ပတ်ကျော် ကြာမြင့်လာပြီ ဖြစ်ကြောင်း စက်သုံး ဆီ သုံးစွဲသူများက ပြောသည်။
ပြည်တွင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချနေသော ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက “စက်သုံးဆီက မဝင်တာ မဟုတ်ဘူး ဝင်တယ်။ စစ်ကောင်စီက ခွဲတမ်းနဲ့လျှောက်ခွဲနေတာ။ အဲဒါကြောင့် တိုင်းနဲ့ပြည်နယ်တွေမှာ အကုန်ပြတ်နေ တာ။ ရောင်းပေးလို့မရဘူး ဖြစ်နေတာ။ စစ်ကောင်စီက စက်သုံးဆီဈေးကွက်ကို ထိန်းချုပ်တာထက် ခြယ်လှယ်နေတာ ပေါ့။ ဟိုလူ့ကို ဘယ်လောက်ပေးလိုက်၊ ဒီလူ့ကို ဘယ်လောက်ပေးလိုက်ပေါ့။ အဲဒီတော့ ဈေးကွက်ထဲ လိုအပ်သ လောက် မရောက်တော့ဘူး။ ဈေးတက်တာကတော့ ကမ္ဘာ့ဈေးလည်းတက်တော့ တက်လာတာ” ဟု ဧရာဝတီသို့ ပြော သည်။
ယခုကဲ့သို့ စစ်ကောင်စီ၏ ထိန်းချုပ်မှုအတိုင်းသာ ဆက်သွားနေလျှင် စက်သုံးဆီဈေးကွက်သည် မကြာခင် ပြတ်လပ်မှု ဖြစ်ပေါ်လာမည် ဖြစ်သလို ပိတ်သိမ်းရမည့်ဆိုင်များလည်း များလာနိုင်ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “အခုကတော့ စစ်ကောင်စီက စက်သုံးဆီကို ခွဲတမ်းနဲ့ပေးတာတောင် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်ပဲ။ ကျန်တဲ့နေရာတွေ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး။ အခု နေပြည်တော်မှာပြတ်လို့ အသံထွက်လာတာ။ ဈေးကွက်ကတော့ အခုတိုင်းသွားရင် မှောင်ခိုဈေးကွက်တွေ ပေါ်တော့မှာ” ဟု ပြောသည်။
စစ်ကောင်စီက အမေရိကန်ဒေါ်လာလဲလှယ်နှုန်းကို ထိန်းချုပ်ပြီးနောက် သွင်းကုန်လုပ်ငန်းရှင်များ လိုအပ်သည့် ဒေါ်လာ ပမာဏအား ပြန်ပေးနိုင်ခြင်း မရှိသဖြင့် တင်သွင်းထားသော စက်သုံးဆီကို ထိန်းချုပ်ရောင်းချပေးနေရာမှ ဈေးကွက်၏ သုံးစွဲမှုကို လုံလောက်အောင် မဖြည့်တင်းနိုင်တော့ဘဲ ဆီပြတ်လပ်မှု ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခြေအနေများကြောင့် ယခင် စစ်အစိုးရလက်ထက်များကကဲ့သို့ပင် အာဏာရှိသူများက ဈေးကွက်ကို ထိန်း ချုပ်ထားပြီး ထိုသူများနှင့် နီးစပ်သူများကတဆင့် ပြန်ရောင်းချပေးခြင်းတို့ကြောင့် သုံးစွဲသူများထံ ကုန်ပစ္စည်း တိုက် ရိုက်မရောက်ဘဲ ပြည်သူများမှာ တန်းစီ၍ ဆီတိုး၊ ဆန်တိုးရသည့်အဖြစ်သို့ ရောက်ရှိလာမည် ဖြစ်ကြောင်း ကုန်သည် များက သုံးသပ်မှတ်ချက်ပြုသည်။
ထိုကြောင့် လက်ရှိ စက်သုံးဆီဈေးကွက်မှာ မှောင်ခိုဈေးကွက်ဆီသို့သာ ဦးတည်၍လာနေသည်ဟုလည်း စက်သုံးဆီ လုပ်ငန်းရှင်များက ဆိုသည်။
ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းတဦးက “92 ကတော့ မနက်ပိုင်းပဲ ဝယ်လို့ရတယ်။ ညနေဆို မသေချာဘူး။ တချို့ ဆီဆိုင်တွေက ထည့်ခါနီးမှ ကုန်ပြီဆိုပြီး လုပ်တာ။ ဆိုင်းဘုတ်မှာကျတော့ ဈေးရေးထားတယ်။ ထည့်မှ မရှိတော့တာ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ၏ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဧပြီ ၂၀ ရက်မှစတင်၍ ပြည်တွင်း စက်သုံးဆီ တင်သွင်းရောင်းချသူများကို သတ်မှတ်ဈေးများဖြင့်သာ ရောင်းချရန် ကြေညာခဲ့သည်။
ယင်း သတ်မှတ်ဈေးနှုန်းမှာ ရန်ကုန်မြို့တွင် ဓာတ်ဆီ 92 တလီတာ ၂၂၄၀ ကျပ်၊ ဓာတ်ဆီ 95 တလီတာ ၂၃၃၀ ကျပ်၊ ဒီဇယ် တလီတာ ၂၄၅၀ ကျပ်နှင့် ပရီမီယမ်ဒီဇယ် တလီတာ၂၄၈၀ ကျပ်နှုန်းနှင့် ကြေညာထားကာ ပြည်နယ်နှင့်တိုင်း အလိုက် ဈေးနှုန်းများကို သတ်မှတ်ထားခြင်း ဖြစ်သည်။
သို့သော် ထိုဆီဆိုင်ကြီးများမှာ ဆီကုန်နေသည်ကများသဖြင့် ပြင်ပဈေးကွက်မှ ဝယ်ယူလိုပါက စစ်ကောင်စီ သတ်မှတ် ဈေးထက် ပို၍ပေးရပြီး လိုသလောက်လည်း ဝယ်ယူ၍ မရသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
နေပြည်တော်ရှိ ဒေသခံတဦးက “စက်သုံးဆီ ပြတ်တာတော့ ၁ ပတ်လောက် ရှိပြီ။ အဓိကတော့ ဓာတ်ဆီပြတ်တာ။ 92 နဲ့ 95 က ဝယ်မရဘူး။ ကားဆီဖြည့်ချင်ရင် ပတ်ပြီးရှာဝယ်နေရတယ်။ ဆီပြတ်တယ်ဆိုတာလည်း ဆိုင်တွေက ဈေးနှုန်း တော့ တင်ထားတယ်။ တန်းစီလို့ ဆိုင်ထဲရောက်ပြီး ဖြည့်မယ်ဆိုမှ ကုန်နေတယ်လို့ ပြောတာ။ ရှေ့တပတ်က ဆီဆိုင် ၅ ဆိုင်မှာ ၄ ဆိုင်လောက်က ဆီရပေမယ့် အခုကတော့ ၅ ဆိုင်မှာ ၂ ဆိုင်၊ ၃ ဆိုင်လောက်က ဆီပြတ်နေတယ်” ဟု ဆိုသည်။
စစ်ကောင်စီ၏ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ဇွန် ၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် “စက်သုံးဆီ လုံလောက်မှုက (ဇွန်) ၁၆ ရက်နေ့ထိ ဓာတ်ဆီ၊ ဒီဇယ် အပြည့်အစုံ တင်သွင်းပြီး ဖြစ်ပါတယ်။ သို့သော် သိထား တာက လမ်းခရီးမှာ နှောင့်နှေးကြန့်ကြာနေတာတော့ ရှိပါတယ်’’ ဟု ပြောဆိုခဲ့သည်။
ထိုသို့ စစ်ကောင်စီက စက်သုံးဆီ လုံလောက်သည်ဟု ပြောဆိုနေသော်လည်း လက်ရှိတွင်မူ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပါအဝင် တိုင်းနှင့်ပြည်နယ်များရှိ ဆိုင်အများစုမှာ စက်သုံးဆီ ပြတ်လပ်မှုကြောင့် စက်သုံးဆီ ၄ မျိုး ရောင်း ချနေသည့်အစား တချို့ဆိုင်များတွင် ၂ မျိုး၊ တချို့ဆိုင်များတွင် ၃ မျိုးနှင့် တချို့ဆိုင်များတွင် ဆီမရှိသဖြင့် ပိတ်ထားရ သည့် အခြေအနေများ ဖြစ်ပေါ်နေသည်။
အထက်ပါ အခြေအနေများကြောင့် လက်ရှိ မော်လမြိုင်ဈေးကွက်အထိ မြိတ်၊ ကော့သောင်း၊ ရနောင်းဘက်မှတဆင့် စက်လှေများဖြင့် မှောင်ခိုဝင်နေသော ထိုင်းဆီများမှာ ဈေးကွက်အတွင်း ရောက်ရှိနေကြောင်းလည်း ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။
You may also like these stories:
စက်သုံးဆီပြတ်လပ်မှု SME လုပ်ငန်းများ ဝန်ပိုပိ
သင်္ဘောများ ရောက်လာဟု ဆိုသော်လည်း ဆိုင်များတွင် စက်သုံးဆီပြတ်နေဆဲ
စစ်ကောင်စီ ထိန်းချုပ်မှုကြောင့် စက်သုံးဆီ ရှားပါးနေ