စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်များကြား တိုက်ပွဲများ ပြင်းထန်နေသလို စစ်တပ်က ကျေးရွာ ၁၀ ရွာထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
မေလ ၂၆ ရက်ကစ၍ စစ်ကောင်စီတပ်များသည် ကုန်းကြောင်းမှ ဝင်လာသလို ရေကြောင်းမှလည်း ချင်းတွင်းမြစ် အထက်ပိုင်းမှ စုန်ဆင်းလာသည့် ရေယာဉ် ၆ စီးဖြင့်လည်း ရောက်လာသဖြင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်း ဖြစ်သည်။
ယင်း ရေယာဉ်အုပ်စုကို လုံခြုံရေးပေးရန် မြစ်အနောက်ဘက်ကမ်းအတိုင်း ခြေလျင် ချီလာသော အင်အား ၈၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို မေ ၃၁ ရက်က PDF ပူးပေါင်း အဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် အများအပြား သေဆုံးမှုရှိကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။
နံနက် ၈ နာရီခန့်က စတင် ဖြစ်ပွားခဲ့သည့် အဆိုပါ ထိုက်ပွဲ၌ စစ်တပ်က ဒရုန်းတွင် ဗုံးသီးများ တပ်ကာ တိုက်ခိုက်ခဲ့ သော်လည်း ထိခိုက်များလာသဖြင့် နေ့လယ် ၁၂ နာရီခန့်တွင် ရဟတ်ယာဉ်ဖြင့်ပါ လာရောက် ပစ်ခတ်ကြောင်း လည်း သိရသည်။
အဆိုပါ စစ်ကြောင်းသည် ကနီမြို့နယ်အတွင်းက ချင်းတွင်းမြစ်ကြောင်း တလျှောက်ရှိ အထက်ကင်း၊ အောက်ကင်း၊ ပန်းဆိုင်း၊ ငါးဖျက်၊ နတ်ကြီး၊ ဝါးချောင်းလေး အစရှိသည့် ကျေးရွာ ၁၀ ရွာထက်မနည်းကို မီးရှို့ကာ တန်ဖိုးရှိ ပစ္စည်းများ ကိုလည်း ယူဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတဦးက “မြစ်ကြောင်းတလျှောက် ဒေသခံတွေက လုပ်စားရတယ်ကို မရှိဘူး။ ငြိမ်ငြိမ်နေရတယ်လို့လည်း မရှိ ဘူး။ တစ်ခါတလေ ၁ ပတ် ၁၀ ရက်အတွင်းကို ၂ ခါ လောက် ပြေးနေကြရတာ။ သူတို့က လက်နက်ကြီးတွေနဲ့ပဲ ပစ် တဲ့အခါကျတော့ လက်နက်ကြီး ထိမှန်မှာ ကြောက်ရတာနဲ့ကိုပဲ မြစ်ကမ်းဘေးရွာတွေက ပြေးရတာ သူတို့ဘက်က လူတွေ ထိလေ ပိုဆိုးလေပဲ” ဟု ပြောသည်။
ကနီမြို့ထဲသို့ မရောက်ခင် မင်းကင်းမြို့နယ်တွင်လည်း ချင်းတွင်းမြစ်တွင်း မောင်းနှင်လာသည့် အဆိုပါ ရေယာဉ်တန်း ဖြင့် PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာအချို့ မီးရှို့ဖျက်ဆီးခံခဲ့ကြောင်း သိရသည်။
မင်းကင်းမြို့နယ်အတွင်း အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များ ရောက်နေသည်မှာ ၁၀ရက်ခန့်ရှိပြီဖြစ်ပြီး တိုက်ပွဲတွင် ၄ ဦးခန့် သေဆုံး ခဲ့ပြီး PDF တပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိကြောင်း မင်းကင်းမြို့နယ် ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “သင်္ဘောတွေမှာ သံပြား အပြည့်တွေ ကပ်ပြီး သေချာကို လုပ်လာတာ။ သဲအိတ်တွေရော Speacial ကပ်ပြီး လာတာ။ လက်နက်ကြီးနဲ့လည်း မဲမဲမြင်ရာ ပစ်တာ။ တခုခုဆို သူတို့က လေကြောင်းက လာတော့ ကျနော်တို့က ဘာမှ လုပ်လို့ မရဘူး။ သင်္ဘောက ၆ စီး လာတာ။ ကျောက်စိမ်း သယ်တာ။ ကျောက်စိမ်းသယ်တာမို့လို့ အသားကုန်ပစ်ပြီး လေယာဉ်နဲ့ ဝဲပျံနေတော့ ကျနော်တို့မှာ ပစ်စရာ လက်နက်လည်း မရှိတော့ ဘာမှ မလုပ်နိုင်တော့ ပြေးဖို့ပဲ ရှိတာပဲ” ဟု ဆိုသည်။
မင်းကင်း၊ ကနီတို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ မြို့နယ်ကာကွယ်ရေးအဖွဲ့များ ပူးပေါင်း တိုက်ပွဲဝင်နေကြခြင်း လည်း ဖြစ်သည်။
အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်အထိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၁,၄၁၇ လုံးခန့် ပျက်စီးခဲ့ကြောင်း သုတေသန အဖွဲ့တခုဖြစ်သည့် Data For Myanmar အဖွဲ့က ထုတ်ပြန်ချက်အရ သိရသည်။
You may also like these stories:
ရှမ်းနှင့် ကချင်၌ ၆ လအတွင်း စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော် သေဆုံး
ကလေး နတ်ချောင်းရွာတိုက်ပွဲ စစ်ရှောင် ၄ ဦး လက်နက်ကြီးထိမှန်
မြောင်မြို့နယ်တွင် စစ်ကောင်စီတပ် လေယာဉ်ဖြင့်ပါ တိုက်ခိုက်လာ