ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ အဘောင်သားကျေးရွာမှ ဒေသခံတချို့ကို စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ အဘောင်သား ကျေးရွာအနီးတွင် မေလ ၂၆ ရက်က စစ်ကောင်စီတပ်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မေလ ၃၀ ရက်က စစ်ကောင်စီ စစ်ကြောင်းတခု ကျေးရွာအတွင်းသို့ ဝင်ရောက်၍ ရွာ သားများကို ဖမ်းဆီး စစ်ဆေးနေခြင်းဖြစ်ကြောင်း ယင်းရွာသားတဦးက ဆိုသည်။
၎င်းက “စစ်ကြောင်းလာကတည်းက ကျနော်တို့ ရှောင်ထွက်လာတော့ ရွာမှာ ဘယ်လိုဖြစ်နေလဲဆိုတာ သတင်း အတိ အကျ မရဘူး။ ရွာထဲကို ဝင်ပြီး စုံစမ်းဖို့ကလည်း စစ်တပ်က ရွာမှာထဲမှာ အခုထိ ရှိသေးတော့ မသွားရဲဘူး။ သတင်း ကြားတာကတော့ ရွာသားတွေကို ဖမ်းဆီးစစ်ဆေးပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသား ၅ ယောက်ကို မျက်နှာဖုံး စွပ်ပြီး ခလ၇ ၂၈၉ တပ်ရင်းထဲကို ခေါ်သွားတယ်။ အဲဒီမှာ စစ်ကြောရေး လုပ်နေတယ်လို့ ပြောကြတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
အဆိုပါ အဘောင်သား ကျေးရွာသည် ပလက်ဝမြို့နှင့် ၅ မိုင်ခန့်အကွာ ရုပ်ချောင်းဝဖျား ဆူးပုတ်တောင်ခြေအနီးတွင် တည်ရှိပြီး ချင်းတိုင်းရင်းသားများနှင့် ရခိုင်တိုင်းရင်းသားတို့ နေထိုင်ကာ အိမ်ခြေ ၁၀၀ ကျော် ရှိကြောင်း သိရသည်။
ပလက်ဝမြို့နယ်နေ ချင်းတိုင်းရင်းသား တဦးက “အဘောင်သားက အထက်ရွာ၊ အောက်ရွာ ရှိတယ်။ အထက် ရွာက ချင်းခူမီး တိုင်းရင်းသားတွေ နေထိုင်တယ်။ အောက်ရွာက ရခိုင်ရွာ၊ အခု စစ်တပ်က ရွာထဲမှာနေပြီးတော့ ရွာသား တွေကို ဖမ်းဆီး ရိုက်နှက်ပြီးတော့ စစ်ဆေးနေတယ်လို့ သတင်း ကြားရတယ်။ အဓိကတော့ AA အကြောင်း စုံစမ်း တာပေါ့။ AA ဘယ်နေရာမှာ ရှိတယ်ဆိုတာ သူတို့ သိနေတာပဲ။ ရွာသားတွေကို ဒုက္ခပေးပြီးတော့ စစ်ဆေးနေစရာမှ မလိုတာ” ဟု ဧရာဝတီသို့ ပြောသည်။
ပလက်ဝမြို့ တဖက်ကမ်းတွင် တည်ရှိသည့် ခလရ ၂၈၉ တပ်ရင်းထဲတွင် စစ်ဆေးခံနေရသည့် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် အဘောင်သား ကျေးရွာ ဒေသခံတချို့အနက် ၂ ဦးမှာ ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်၊ ဦးကြာအောင်နှင့် ဦးစံချစ် တို့မှာ ပြန်လွတ်လာခြင်း မရှိသေးဘဲ ယမန်နေ့က ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားကြောင်းလည်း ပလက်ဝမြို့နယ်အတွင်းက ချင်းတိုင်းရင်းသားများက ပြောသည်။
ပြန်လည် လွတ်မြောက်လာသည့် ကျေးရွာသား ၂ ဦးမှာလည်း ရွာထဲတွင် စစ်ကောင်စီတပ်သားများ ရှိနေ၍ ရွာ မပြန်ရဲတော့ဘဲ တခြားနေရာသို့ တိမ်းရှောင်နေသည့်အတွက် အဆက်အသွယ် ပြတ်တောက်ကာ ရွာသားများ အဖမ်းခံရသည့် ဖြစ်စဉ် အသေးစိတ်ကို သိရှိရန် အခက်ကြုံနေရကြောင်းလည်း ပလက်ဝမြို့နယ်အတွင်းက ချင်း တိုင်းရင်းသား လူမှုအဖွဲ့အစည်းများက ပြောသည်။
မေလ ၂၆ ရက်က ဆူးပုတ်တောင်ခြေတွင် အခြေချ နေထိုင်သည့် စစ်ကောင်စီ ရှေ့တန်းစခန်းသို့ ကျောက်တော်အ ခြေစိုက် ခမရ ၃၇၅ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ အင်အားဖြည့်တင်းရန် သွားရောက် အဘောင်သား ကျေးရွာအနီးတွင် AA ကြားဖြတ် တိုက်ခိုက်သည့်အတွက် စစ်ကောင်စီ တပ်သားတချို့ သေဆုံး ဒဏ်ရာရရှိမှုများ ရှိကြောင်းလည်း ဒေသခံ များထံမှ သိရသည်။
ထိုသို့ တိုက်ပွဲ ဖြစ်ပွားသည့် နောက်ပိုင်းမှ လက်ရှိအချိန်အထိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ပလက်ဝမြို့ ပတ်ပတ် လည် နေရာယူထားကာ မြို့အဝင် မြို့အထွက်ကို ကန့်သတ်ပိတ်ဆို့ထားကြောင်း မြို့ခံများက ပြောသည်။
ပလက်ဝမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် AA တို့ကြား စစ်ရေး တင်းမာမှုကြောင့် ပလက်ဝ- ကျောက် တော်ရေလမ်းကြောင်းကို မေလဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်သားများက သွားလာခွင့် မပြုဘဲ ကန့်သတ် ပိတ်ပင်ထားကြောင်းလည်း သိရသည်။
အာဏာသိမ်း စစ်တပ်နှင့် AA တို့သည် အောက်ခြေတွင် စစ်ရေး တင်းမာမှုရှိနေပြီး စစ်ကောင်စီက ရခိုင်ပြည်နယ်ထဲသို့ စစ်အင်အားများ ဖြည့်တင်းမှု ပြုလုပ်နေသလို ယခုရက်ပိုင်းအတွင်းကလည်း ကျောက်ဖြူမြို့နယ်၊ ဓညဝတီ ရေတပ် စခန်းသို့ ရေငုပ်သင်္ဘော အပါအဝင် စစ်ရေယာဉ်များကိုလည်း ရခိုင်ပင်လယ်ပြင်သို့ ပို့ဆောင်ထားသည်ကို တွေ့ရ သည်။
You may also like these stories:
ကျောက်တော်ရှိ စစ်ရှောင်စခန်းများကို စစ်တပ်မှပစ်ခတ် ခြိမ်းခြောက်
တိုက်ပွဲဖြစ်ပြီးနောက် ပလက်ဝ မြို့အဝင်အထွက်ကို စစ်ကောင်စီ ပိတ်ထား
ပလက်ဝ၌ အာဏာသိမ်းစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်နေ