စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ရွာစဉ်ပတ်ပြီး မီးရှို့ဖျက်ဆီးနေသောကြောင့် မီးဘေးရှောင်၊ စစ်ဘေးရှောင် ဒေသခံ ၇၀၀၀ ကျော်မှာ နေရပ်မပြန်ရဲတော့ဘဲ တိမ်းရှောင်နေရပြီး ယခုအခါ စားနပ်ရိက္ခာနှင့်ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
တန့်ဆည်ကူညီထောက်ပံ့ရေးအဖွဲ့-Taze Support Organization (TSO) မှ တာဝန်ရှိသူတဦးက “လက်ရှိကာလက မိုးရာသီဆိုတော့ စစ်ဘေးရှောင်၊ မီးဘေးရှောင် ပြည်သူတွေအတွက် နေစရာ ခိုင်ခိုင်ခန့်ခန့် မဟုတ်တောင် လုံလုံခြုံခြုံဖြစ်ဖို့ လိုအပ်လာပါပြီ။ ပြီးတော့ စားရေရိက္ခာနဲ့ ဆေးဝါးပိုင်းကအစ လိုအပ်နေပါတယ်။ ဒေသတွင်း အကူအညီနဲ့ လုံလောက်မှု မရှိတော့ဘူး။ အရေးပေါ်အကူအညီ လိုအပ်နေတာမို့ အချိန်မီသာမရခဲ့ရင် စစ်ဘေးရှောင်၊ မီးဘေးရှောင်နေရတဲ့အထဲ အငတ်ဘေးပါ ရင်ဆိုင်ကြရတော့မယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်သည် တန့်ဆည်မြို့နယ်အတွင်းသို့ စစ်ကြောင်း ၂ ကြောင်းခွဲ၍ စစ်ကြောင်းထိုးနေပြီး ကျေးရွာများအတွင်း မကြာခဏ ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ တန်ဖိုးကြီးပစ္စည်းများအား ခိုးယူဖျက်ဆီးခြင်း၊ ဒေသခံ အရပ် သားများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသဖြင့် ဒေသခံများမှာ နေရပ်သို့ မပြန်ရဲကြခြင်း ဖြစ်ကြောင်း သိရသည်။
ကာပေါင်းကျကျေးရွာမှ ဒေသခံ တဦးက “သူတို့ (စဈကောငျစီတပျ) က ရွာကိုဝင်တာနဲ့ တွေ့တဲ့သူဖမ်း။ အိမ်တွေကို မီးရှို့နေတာဆိုတော့ သူတို့နဲ့ တွေ့ကိုမတွေ့ချင်တော့တာ။ အဲဒါ ကြောင့် ရွာကိုမပြန်ရဲကြဘူး။ ပြီးတော့ ပြန်ရင်လည်း နေစရာအိမ် မရှိတော့ဘူးလေ။ ရွာကလည်း ရွာပျက်ကြီးလို ဖြစ်သွား ပြီ။ ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်ကတည်းက ရွာကထွက်လာတာ အခုထိ မပြန်နိုင်သေးတာ” ဟု ဧရာဝတီသို့ ပြောသည်။
တန့်ဆည်မြို့နယ်အတွင်းရှိ ကာပေါင်းကျကျေးရွာကို ၂၀၂၁ မေလ ၂၂ ရက်ကတည်းက စတင်ပြီး စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်း မီးရှို့မှုများ ပြုလုပ်ခဲ့မှုကြောင့် ထွက်ပြေးနေရသည့် ဒေသခံများမှာ ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေး ခြင်း ဖြစ်သည်။
ချောင်းရိုးကျေးရွာသားတဦးကလည်း “စစ်တပ်က ရွာကိုဝင်လာပြီဆိုရင် တပ်စွဲတာတွေ လုပ်တယ်။ ပြီးရင် လက်နက်ကြီး တွေနဲ့ ပစ်တာတွေ လုပ်တယ်။ မီးရှို့ခံရတဲ့ ရွာတွေကိုလည်း မထင်ရင်မထင်သလို ပြန်ပြန်ဝင်နေတာဆိုတော့ ကိုယ့်ရပ်ကိုယ့် ရွာကို မပြန်ရဲကြသေးတာ။ ဘယ်သူမဆို ကိုယ့်ရပ်ကိုယ့်ရွာမှာပဲ အေးအေးဆေးဆေး နေချင်ကြတာပေါ့။ အခုကတော့ ဘယ်အချိန်မှ ပြန်နိုင်မလဲ မသိတော့ဘူး” ဟု ပြောဆိုသည်။
ထိုသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကျေးရွာများသို့ ဝင်ရောက်စီးနင်းရာတွင် နေအိမ်များအား မီးရှို့ခြင်းအပြင် တချို့သော အိမ်များ၏ အိမ်တိုင်များကို ချိန်းဆောများဖြင့် လှီးဖြတ်ခြင်း၊ အိမ်ထရံများအားခွာခြင်း စသည့် ဖျက်ဆီးမှုများကိုလည်း ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
စိမ်းစားကျေးရွာသားတဦးက “သူတို့ မီးရှို့သွားလို့ ပြာကျသွားတာကို ရှင်းပြီးတော့ ရှိတာလေးနဲ့ အိမ်အသစ်ပြန် ဆောက်တယ်။ နောက်တခါ ထပ်ဝင်လာ တော့ ထပ်ပြီးမီးရှို့လို့ အိမ်က မီးထဲပါသွားပြန်ရော။ မီးမရှို့ရင်တောင် ရာစရာမရှိအောင် ဖျက်ဆီးပစ်ကြတာ။ အဲဒီတော့ အသစ် ထပ်မဆောက်ရဲကြတော့ဘူး” ဟုလည်း ပြောသည်။
လက်ရှိတွင် ဒေသခံများ အနေဖြင့် စစ်တပ်နှင့် ဝေးမည်ထင်သည့် တခြားသောကျေးရွာများရှိ ဆွေမျိုးအိမ်များတွင် သွား ရောက်ခိုနေကြရကြောင်း၊ အချို့ကလည်း တောထဲတွင် ဖြစ်သလို နေနေကြရကြောင်း၊ ရောက်သည့်ရပ်ရွာက ဝေသည့် ထမင်းထုပ်၊ ရေဗူးများကိုသာ အားပြုစားသောက်နေရကြောင်း ၎င်းက ပြောပြသည်။
ချောင်းရိုးကျေးရွာသားတဦးက “မိဘ၊ ဘိုးဘွားတွေ ခေါင်းချခဲ့ကြတဲ့ ကိုယ့်ဒေသကို မီးရှို့နေတာသိလျက်နဲ့ ထိုင်ကြည့်နေရတဲ့ ခံစားချက်ကတော့ ပြောမပြ တတ်အောင်ပါပဲ။ ရွာသူရွာသားတွေလည်း ဘယ်မှာနေလို့နေရမှန်း မသိတော့ဘူး။ ရွာကြီးကလည်း ရွာပျက်ကြီးလိုကို ဖြစ် သွားပြီ။ လုပ်ကိုင်စားသောက်ဖို့အတွက် ဘာမှမကျန်တော့ဘူးဆိုတော့ ဖြစ်သလို ရုန်းကန်ကြရတော့မှာပေါ့” ဟုလည်း ဆိုသည်။
တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ကျေးရွာ ၅၀ ခန့်မှ နေအိမ် ၁၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၁၂၀၀၀ ခန့်မှာ ဘေးလွတ်ရာ ပြေးနေရကြောင်း၊ ၎င်းတို့အနက် ၇၀၀၀ ခန့်မှာ ယနေ့အချိန် ထိ နေရပ်သို့မပြန်နိုင်ကြသေးကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
“သူတို့က ကြောက်မလားထင်ပြီး ရွာတွေကို မီးတိုက်တာ။ သူတို့ လုပ်တာက ကြောက်မသွားတဲ့အပြင် နာကျည်းချက်တွေ၊ ခံစားချက်တွေ ပိုမြှင့်ပေးလိုက်သလိုပဲ။ အခုဆိုရင် လူငယ်တော်တော်များများက သူတို့ကို ပြန်ခုခံဖို့ပဲ အားသန်လာကြ တယ်။ တော်လှန်ရေးမပြီးမချင်း တိုက်ပွဲဝင်ကြမယ်ဆိုတာမျိုး ဖြစ်နေကြပြီ။ ဒါက နောက်ထပ် တော်လှန်ရေးရေချိန်တခု မြင့်တက်လာတယ်လို့ ပြောရမှာပေါ့။ မီးလောင်တိုက်သွင်းလို့ ပြာကျမယ့်အထဲမှာ တော်လှန်ရေးစိတ်ဓာတ်တွေ မပါဘူး ဆိုတာ သိသွားစေတာပေါ့လေ” ဟု Taze People’s Defence Force တပ်ဖွဲ့ဝင် တဦးက ပြောသည်။
တန့်ဆည်မြို့ခံ TazeNews သတင်းအဖွဲ့က စာရင်းပြုစု ထုတ်ပြန်ထားချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စိမ်းစား၊ ကာပေါင်းကျ၊ စည်းသာ၊ ချောင်းရိုး၊ ကျွန်းတောကုန်း၊ ခပေါင်းကြိုင်၊ ဒယ်ရောက် စသည့် ကျေးရွာများ အပါအဝင် ကျေးရွာ ပေါင်း ၅၀ ခန့် မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။
ထိုသို့ ဖျက်ဆီးခံရသည့် ကျေးရွာအများစုမှာ တိုက်ပွဲဖြစ်ခြင်း မရှိဘဲ အကြောင်းမဲ့ မီးရှို့ခံရခြင်း ဖြစ်ကြောင်း၊ အင်ပင်သာ၊ ရွှေကျင်၊ ချောင်းရိုး၊ စိမ်းစား၊ တပ်ကုန်း၊ ဖန်းခါးဇင်း စသည့် ကျေးရွာများမှာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
ချောင်းကျေးရွာမှ နေအိမ် ၃၀၀ ကျော်၊ ကာပေါင်းကျရွာမှ နေအိမ် ၁၀၀ ကျော်၊ စိမ်းစားကျေးရွာမှ နေအ်ိမ် ၇၀ ကျော်၊ တောဂျင်၊ အင်တောရိုးကျေးရွာများမှ နေအိမ် ၅၀ ကျော်၊ မြေခု၊ ရေရှင်ကုန်းနှင့် အင်ပင်သာကျေးရွာများမှ နေအိမ် ၄၀ ကျော် မီးရှို့ခံထားရကြောင်း သိရသည်။
အဆိုပါ ကျေးရွာများအနက် ကာပေါင်းကျကျေးရွာမှာ ၁၁ ကြိမ်အထိ မီးရှို့ခံထားရပြီး ဂရိတ်နှင့် လိပ်ခြံကျေးရွာများမှ နေအိမ် ၃၀ ကျော်သည် လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးခဲ့ရကြောင်း၊ တန့်ဆည်မြို့နယ်အတွင်းမှ အရပ်သားပြည်သူ ၅၀ ကျော်ထိလည်း စစ်ကောင်စီ၏ သတ်ဖြတ်ခြင်း ခံထားရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
ယခုအခါ တန့်ဆည်မြို့နယ်တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်မှာ ၃ လကျော် ရှိနေပြီဖြစ်ပြီး ကျေးရွာ များကို အကြမ်းဖက်စီးနင်းခြင်း၊ လူသတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ နေအိမ်များအား မီးရှို့ခြင်း၊ ပစ္စည်းများလုယက်ယူငင်ခြင်း၊ ဖမ်းဆီးနှိပ်စက်ပြီး ငွေညှစ်ခြင်းများအထိ စိတ်ရှိတိုင်း ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် မေ ၃၀ ရက်က အိမ်ခြေ ၂၀၀ ခန့်ရှိ အောင်ချမ်းသာကျေးရွာ မီးရှို့ခံခဲ့ရပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့သလို ဇွန် ၁ ရက်ကလည်း ရွာရှည်(မ) ကျေးရွာအား မီးရှို့ခဲ့ကြသဖြင့် ရွာရှည်(မ) ဘေးပတ်လည်ရှိ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံပြည် သူများကလည်း ကြိုတင်ရှောင်တိမ်းနေရကြောင်း သိရသည်။
ထို့အတူ ယနေ့တွင်လည်း ကုန်းအိုင်ကျေးရွာနှင့် ထန်းပင်ဆိပ်ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ထုကာ ဝင်ရောက်ပြီးနောက် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသလို အနီးဝန်းကျင်ရှိ ကွမ်းခြံများကိုလည်း ဖျက်ဆီးနေ ကြောင်း ဒေသခံများက ပြောသည်။