စစ်ခုံရုံးဖြင့် သေဒဏ်ချမှတ်ခြင်း ခံထားရသည့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို သေဒဏ် အတည်ပြု လိုက်ပြီ ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် သတင်းမီဒီယာများအား ပြောသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် တို့နှင့် အတူ လှိုင်သာယာမြို့နယ် အတွင်း အမျိုးသမီး ၁ ဦးအား ဒလန်ဟုဆိုကာ သတ်ဖြတ်ခဲ့သူ ကိုလှမျိုးအောင် (ခ) ဝက်ကြီးဆိုသူနှင့် ကိုအောင်သူရဇော် (ခ) ကတုံး (ခ) သူရတို့၏ သေဒဏ်အယူခံအား ပယ်ချကာ အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
သို့သော် စစ်ခေါင်းဆောင်၏ သေဒဏ်အတည်ပြုမှုအား မည်သည့်နေ့ရက်တွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ကို စစ်ကောင်စီ ပြောခွင့်ရှိသူ အနေဖြင့် ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။
ကိုဂျင်မီ (ခ) ကိုကျော်မင်းယု အနေဖြင့် ၂၀၂၁ အောက်တိုဘာတွင် မြောက်ဒဂုံမြို့နယ် ပင်လုံအိမ်ရာ၌လည်းကောင်း၊ ကိုဖြိုးဇေယျာသော် (ခ) မောင်ကျော် အနေဖြင့် ၂၀၂၁ နိုဝင်ဘာ ၁၈ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာနှင်းဆီအိမ်ရာ၌ လည်းကောင်း လက်နက်များနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၂၀၂၂ ဇန်နဝါရီ ၂၁ ရက်တွင် စစ်ကောင်စီက စစ်ခုံရုံးဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော်သူများအား အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုများ ပြုလုပ်ပြီးနောက် ၂၀၂၁ မတ် ၁၄ ရက်မှ စတင်ပြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပ မြို့နယ်တို့အား စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ကာ စစ်ခုံရုံးဖြင့် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။
စစ်ခုံရုံးဖြင့် ပြစ်ဒဏ်ချမှတ်မှုများမှာ အယူခံပိုင်ခွင့် မရှိဘဲ သေဒဏ်ပြစ်ဒဏ်အား အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ထံသို့ ပြစ်ဒဏ်ချအပြီး ၁၅ ရက်အတွင်း ပြင်ဆင်မှု လျှောက်ထားနိုင်ကြောင်း ဖော်ပြထားကာ အခြားပြစ်ဒဏ်များအား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေထံ ပြင်ဆင်မှု လျှောက်ထားရမည် ဖြစ်သည်။
ယင်းအတွက် စစ်ခုံရုံးဖြင့် သေဒဏ်ချမှတ်ခံထားရသူများအပေါ် သေဒဏ် အတည်ပြုမပြုအား အာဏာသိမ်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တဦးတည်းသာ ဆုံးဖြတ်နိုင်သည်။
ယခုကဲ့သို့ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးအား သေဒဏ် အတည်ပြုလိုက်ပြီ ဖြစ်သည့်အတွက် ဆက်လက် လုပ်ဆောင်ရမည့် တာဝန်များအား အကျဉ်းဦးစီးဌာနက လုပ်ထုံးလုပ်နည်းများအရ ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားသည်။
လတ်တလောတွင် သေဒဏ် အတည်ပြုပြီးသူများအား ယမန်နေ့က ပြစ်ဒဏ်စီရင်ကြောင်း သတင်းများ ထွက်ပေါ်နေသော် လည်း အကျဉ်းဦးစီးဌာန တာဝန်ရှိသူတဦးက မည်သည့် စီရင်ဆောင်ရွက်ချက်မျှ မရှိသေးကြောင်း ပြောသည်။
ကိုဂျင်မီသည် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး ကိုဖြိုးဇေယျာသော်သည် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်ကာ နာမည်ကျော် ဟစ်ပ်ဟော့ဂီတအဖွဲ့ ACID ၏ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်အသင်း (AAPP) ၏ ယနေ့ ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးချိန်မှ ဇွန် ၃ ရက်ထိ အသက် ၁၈ နှစ်အောက် ကလေး ၂ ဦး အပါအဝင် ၇၃ ဦး သေဒဏ် ချမှတ်ခံထားရပြီး မျက်ကွယ်သေဒဏ် အနေဖြင့်လည်း ၁၂၀ ဦး ချမှတ်ခံထားရသောကြောင့် စစ်ကောင်စီ လက်အောက်တွင် သေဒဏ် ချမှတ်ခံထားရသူ ၁၁၄ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။