စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကြိုးကြာကျေးရွာအုပ်စုအတွင်းရှိ မင်းကုန်း(ခ) ကျေးရွာမှ နေအိမ် ၆၀ ခန့်ကို ပျုစောထီး အဖွဲ့များက ၁ အိမ်လျှင် ငွေကျပ် ၁ သိန်းနှုန်း ဆက်ကြေးကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ပျူစောထီးများ အားကောင်းသည့် ရွာတရွာ ဖြစ်ကြောင်း၊ စစ်ကောင်စီက သင်တန်းများပေးကာ လက်နက်များ တပ်ဆင်ပေးထားပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးမှ ဦးဆောင်ပြီး နေထက်လင်း၊ ရွှေသဲ၊ ခင်မောင်ဝင်း၊ ဗိုလ်နိုင် စသူတို့ ခေါင်းဆောင်သော ပျူစောထီး အင်အား ၄၀ ခန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူ ၅၈ အိမ် ကို တအိမ်လျှင် ၁ သိန်းနှုန်းဖြင့် ဆက်ကြေးကောက်ခံနေခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ကျေးရွာအတွင်းက NLD ကို မဲပေးတယ်ဆိုတဲ့လူတွေကို ၁ အိမ် ၁ သိန်း ဆက်ကြေးပုံစံမျိုးနဲ့ အတင်းအဓမ္မ ခွဲတမ်း ကောက်နေတယ်။ အဲဒီမှာ သူတို့နဲ့ အရင်ကတည်းက အဆင်မပြေ၊ မတည့်တဲ့ အိမ်တွေဆိုရင် ၅ သိန်းလောက်ထိ တောင်း နေကြတာ။ မကြာမကြာလည်း အိမ်တိုင်းစေ့ ၁ အိမ် ၅၀၀၀ လောက် အနည်းဆုံးတောင်းနေလို့ ပေးနေကြရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ပျုစောထီးအဖွဲ့သည် မင်းကုန်း(ခ) ကျေးရွာအဝင်အထွက်တွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ဂိတ်ဖွင့်ထားပြီး ကျေးရွာအတွင်းရှိ ဦးသောင်းဉာဏ် နေအိမ်၌လည်း ဘန်ကာများ တည်ဆောက်ကာ စခန်းချထားကြောင်း သိရသည်။
ထိုသို့ စခန်းချထားသော ပျုစောထီးအဖွဲ့က မင်းကုန်း(ခ) ကျေးရွာရှိ NLD ပါတီ ရပ်ကျေးစည်းရုံးရေးမှူး၏ အိမ်ကိုလည်း ဝင်စီးပြီး လုယက်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သလို နွား ၂ ကောင်ကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။
“ကျနော့်အိမ်က NLD ပါတီ ရပ်ကျေးရုံးအနေနဲ့လည်း ဖွင့်ထားတယ်။ အိမ်ကို ထင်သလို ရချင်တာယူ၊ ရိုက်ခွဲပြီးတော့ လုပ် ချင်တိုင်းကို လုပ်သွားကြတာ။ ကျနော်က ရှောင်နေရတော့ ဘယ်လောက်ထိ ဖျက်ဆီးသွားသလဲဆိုတာ အသေးစိတ်တော့ မသိရဘူး။ အိမ်ကို စောင့်ရှောက်ဖို့ တူမလေး လင်မယားကို ထားခဲ့တာကို မနေရဘူးလို့ ခြိမ်းခြောက်ပြီးတော့ နွားတွေကို အတင်းအဓမ္မဆွဲယူပြီး ရောင်းစားပစ်လိုက်ကြတာ။ ခိုင်းနွား တရှဉ်းပေါ့။ ကျေးရွာက ပျူစောထီးအဖွဲ့တွေက လုပ်သွားကြ တာပဲ” ဟု မင်းကုန်း(ခ) ကျေးရွာ NLD ပါတီ ရပ်ကျေးစည်းရုံးရေးမှူး ဦးညွန့်ဝင်းနိုင်က ပြောသည်။
ထို့ပြင် ကျေးရွာအတွင်း ပျုစောထီးများ သောင်းကျန်းနေခြင်းကြောင့် ဒေသခံပြည်သူ ၁၀၀ ကျော်မှာလည်း ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။
ဒေသခံတဦးက “PDF နဲ့ အဆက်အသွယ် ရှိတယ်၊ ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လုပ်ကြံဖန်တီး တိုင်တာတွေ ကြောင့် စစ်တပ်က လာလာပြီး အိမ်တွေလည်း ဝင်မွှေနေကြတော့ ကြောက်ပြီး ပြေးကြရတာမျိုးတွေပေါ့။ နောက်ပြီး ဖမ်းခံ ရပြီးရင် သတ်ခံရတာတွေလည်း ရှိနေတော့ ကြောက်ကြတာလည်း ပါတယ်” ဟု ဆိုသည်။
လက်ရှိအချိန်တွင် စိုက်ပျိုးထားသည့် စပါးများ ရိတ်သိမ်းချိန် နီးလာပြီ ဖြစ်သောကြောင့် အောင်ရေပေးရန် လိုအပ်လာချိန်၌ ပျုစောထီးများက စိုက်ပျိုးလယ်ယာများအတွင်း ရေမသွင်းရန်နှင့် ရိတ်သိမ်းခွင့် မပြုနိုင်ဟုဆိုကာ ခြိမ်းခြောက်ပြောဆိုထား ကြောင်း ဒေသခံများက ပြောသည်။
“လက်ရှိမှာကို တောင်သူတွေရဲ့ လယ်တွေကို ရိတ်သိမ်းခွင့် မပြုနိုင်ဘူးလို့ ခြိမ်းခြောက်ထားကြတယ်။ သဘောကတော့ ပျူစောထီး ရန်ပုံငွေဆိုတဲ့ခေါင်းစဉ်နဲ့ သူတို့အပိုင် သိမ်းမယ်ပေါ့။ ကျေးရွာသားအချင်းချင်း မလုပ်သင့် မလုပ်အပ်တာတွေကို လုပ်နေကြတာလို့ပဲ မြင်တယ်။ တရွာထဲနေ၊ တရေထဲသောက် ဆွေရပ်မျိုးရိပ် မကင်းကြတဲ့သူတွေပဲ။ အချို့ဆိုရင် ဆွေမျိုး အရင်းကြီးတွေပါ။ ပြီးတော့ ကျနော်တို့ရပ်ရွာမှာ ဘာ PDF မှလည်းမရှိဘဲ အေးအေးချမ်းချမ်း နေကြတဲ့သူတွေ များတယ်” ဟု ဦးညွန့်ဝင်းနိုင်က ပြောသည်။
မင်းကုန်း(ခ) ကျေးရွာ အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုများ မရှိဘဲ ဒေသခံပျုစောထီးများက ကြီးစိုးနေခြင်း ဖြစ်ကြောင်း၊ ကျေးရွာသား ၃ ဦးကိုလည်း ပျူစောထီးများက ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းပြန်မရခဲ့ကြောင်း ဒေသခံများက ပြော သည်။
“အခုက ဘာအကြောင်းကိစ္စမှ မရှိဘဲကို ထင်တိုင်းကြဲနေကြတာ။ အနီ၊ အစိမ်း ပြဿနာအပေါ် ရမယ်ရှာပြီး ပုဂ္ဂိုလ်ရေး မုန်း တီးမှုတွေနဲ့ သက်သက်မဲ့ကို အနိုင်ကျင့်နေကြတာ။ စစ်တပ်က စစ်ကြောင်းထိုးတာ၊ နေအိမ်ကို မီးရှို့တာမျိုးတော့ မရှိဘူး။ ပျူစောထီးတွေကြောင့် တောင်သူတွေရဲ့ စပါးခင်းတွေ မီးရှို့ခံရ၊ သိမ်းခံရတာတွေ ရှိတယ်။ ပြီးခဲ့တဲ့လလောက်က လူငယ် လင်မယား ၂ ယောက်ကို ကားပေါ်ဆွဲတင်သွားပြီး သတ်ပစ်လိုက်ကြတယ်။ ပြီးတော့ ဦးရှမ်းမောင်ကိုလည်း ထန်းကုန်းက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့အချိန် ဝင်ဖမ်းပြီး သတ်ပစ်လိုက်ကြတာ။ အလောင်းတောင် ပြန်မရခဲ့ဘူး” ဟု ဒေသခံ တဦးက ပြောပြသည်။
You may also like these stories:
မင်းကင်းတွင် ပျူစောထီးအဖွဲ့က အာဏာသိမ်းတပ်ကို စစ်ကူပေးနေဟုဆို
ပုလဲတွင် ပျူစောထီးရွာများကို PDF ဝင်တိုက် ၄၀ ကျော်သေဆုံး