သတင်း

စစ်တပ်က အလံဖြူထောင်ပြီး စစ်ဘေးရှောင်များကို ရိက္ခာလာဝေ

လက်နက် လူအင်အားအပြည့်ဖြင့် ချီတက်လာသော စစ်ကောင်စီတပ်သည် အလံဖြူထောင်ပြီး မကွေးတိုင်းနှင့် ချင်းပြည်နယ်နယ်စပ် ကျောက်ထုမြို့နယ်ရှိ စံကျေးရွာမှ စစ်ဘေးရှောင်များအား ရိက္ခာများ လာရောက်ဝေသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ဇွန် ၂ ရက်က ကျောက်ထုလေယာဉ်ကွင်းတွင် စခန်းချထားသည့် စစ်ကောင်စီတပ် အင်အား ၂၀၀ နီးပါးသည် စစ်ကြောင်း နှစ်ကြောင်းခွဲကာ စံကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိလာပြီး ရိက္ခာများ လာရောက်ပေးခဲ့သည်ဟု ဆိုသည်။

သို့သော် စစ်ကောင်စီတပ်သည် အင်အားအများအပြား ပါသည့်အပြင် လက်နက်ကြီးများဖြင့်ပါ စစ်ကြောင်းချီလာသည့်အတွက် စံ၊ ကျေး၊ ထင်းချောင်း၊ ဝမ်းမတူး စသည့် ကျေးရွာ ၇ ရွာခန့်မှ ဒေသခံများမှာ စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ ကြကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီထံမှ သိရသည်။

ယင်းကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူက “သူတို့ ရိက္ခာဝေဖို့ပုံစံနဲ့ လာတာမဟုတ်ဘူး။ ခါတိုင်း စစ်ကြောင်းထိုးတဲ့ ပုံစံမျိုး ခြင်းကျားကြီးတွေ အကုန်လွယ်ပြီးမှ ၆၀ မမ၊ ၈၀ မမ တွေ ပါပြီးတော့မှ လာကြတယ်။ စံရွာထဲမှာရှိတဲ့ စစ်ဘေးရှောင်တွေကို ဆန်တွေဝေသွားတယ်လို့ ကြားမိတယ်။ ဒီလောက် အင်အားအများအပြား၊ လက်နက်အပြည့်အစုံနဲ့ လာတယ်ဆိုတာ စစ်ကြောင်းထိုးရုံအပြင် အကြောင်းရင်း မရှိဘူးဆိုပြီး ရွာထဲကလူတွေက ပြေးကြတာ” ဟု ပြောသည်။

ထိုသို့ ရိက္ခာလာဝေရာတွင် စစ်ကောင်စီတပ်က အလံဖြူထောင်ပြီး ဝင်ရောက်လာခြင်း ဖြစ်သည်ဟု သိရကြောင်း၊ ၎င်းတို့ လာဝေသည့် ရိက္ခာများထဲတွင် ဆန်၊ ဆီများ ပါဝင်သည်ဟု သိရသော်လည်း မည်သည့် ပစ္စည်းအမျိုးအစားများနှင့် အရေအတွက် မည်မျှပါဝင်သည်ကိုမူ အသေးစိတ် မသိရပေ။

ရိက္ခာများဝေပေးပြီးနောက် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ကျောက်ထုလေယာဉ်ကွင်းသို့ ပြန်သွားခဲ့သော်လည်း ဒေသခံများမှာ စိတ်မချသဖြင့် ကျေးရွာများသို့ ပြန်မဝင်သေးဘဲ တောတောင်ထဲတွင် ရှောင်တိမ်းနေကြဆဲ ဖြစ်ကြောင်း သိရသည်။

မင်းတပ်မြို့နယ် ဒေသခံတဦးက “စစ်ကောင်စီကို လုံးဝ အယုံအကြည် မရှိဘူး။ သူတို့ဘက်က တကယ့်စေတနာသာ ရှိမယ်ဆိုရင် အိမ်တွေဘာတွေ သူတို့ ဖျက်ဆီးစရာအကြောင်းလည်း မရှိဘူး။ အိမ်တွေလည်း ဖျက်ဆီးတယ်၊ ရှိသမျှ ပစ္စည်းတွေလည်း ယူတယ်။ တချို့အိမ်တွေဆို မီးရှို့ခဲ့တယ်။ အဲဒီလို လုပ်ချင်ရာလုပ်ပြီးမှ ဆန်၊ ဆီ၊ ဆားလေး လာပေး တာက ပြည်သူတွေအနေနဲ့က လက်ခံစရာ အကြောင်းမရှိဘူး” ဟု ပြောသည်။

ယခုလို စစ်တပ်က ဆန်များလာဝေရခြင်း အကြောင်းရင်းကို မသိရသေးသော်လည်း အာဆီယံ အထူးကိုယ်စားလှယ် နေပြည်တော် လာရောက်ခါနီးချိန်နှင့် တိုက်ဆိုင်နေပြီး ရန်ကုန်ရှိ လူသားချင်းစာနာမှု အကူအညီများအတွက် အာဆီယံ ညှိနှိုင်းဆောင်ရွက်ရေးစင်တာ ASEAN Coordinating Centre for Humanitarian Assistance on disaster management မှတဆင့် စစ်ကောင်စီထံ အကူအညီများ ပေးရန် ရှိနေသည်။

နိုင်ငံတကာမှ ပံ့ပိုးမည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အာဏာသိမ်း စစ်ကောင်စီ မှတဆင့် စီးဆင်းမည့် အစီအစဉ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နှင့် လူမှုကူညီရေးအဖွဲ့များက ကန့်ကွက်လျက် ရှိသည်။

စစ်ကောင်စီထံမှတဆင့် စီးဆင်းမည့် ပံ့ပိုးမှုများသည် အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံ ရောက်ရှိလာမည် မဟုတ်ကြောင်းနှင့် စစ်ဘေးဒဏ်ခံနေရသည့် ပြည်သူများအား ကူညီပေးမှုများကိုလည်း စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များက အနှောင့်အယှက်များ ပြုနေကြောင်း လူမှုကူညီရေးအဖွဲ့များက ဆိုသည်။

စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းသွားလာသော ကုန်ပစ္စည်းတင်ကားများကို စစ်ဆေးပြီး စစ်ဘေး ရှောင် ပြည်သူများထံ သွားရောက်မည်ဟု ယူဆပါက ပစ္စည်းများကို သိမ်းယူလိုက်ခြင်းမျိုး ရှိသလို ပစ္စည်းသယ်ဆောင် လာသူများကိုလည်း ဖမ်းဆီးသည်အထိ လုပ်ဆောင်မှုများ ရှိနေကြောင်း ၎င်းတို့က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည့် အချက်အလက်များအရ နေရပ်စွန့်ခွာထွက်ပြေးနေရ သည့် ပြည်သူ ၅ သိန်းခွဲကျော် ရှိလာပြီး ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မကွေး‌ဒေသများသည် ထိခိုက်မှုအများဆုံးဖြစ် ကြောင်း သိရသည်။

ထို့ပြင် စစ်တပ်က အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ ဧပြီ ၃၀ ရက်ထိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများ ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၁,၄၁၇ လုံးခန့် ပျက်စီးခဲ့ကြောင်း လွတ်လပ်သော သုတေသနအဖွဲ့တခုဖြစ်သည့် Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

You may also like these stories:

ဒုက္ခသည်တွေ ကူညီမှာလား၊ စစ်ကောင်စီကို ကူညီမှာလား

လူသားချင်းစာနာမှု အကူအညီများ စစ်ကောင်စီသို့ မပေးရန် NUG နှင့် မဟာမိတ်များ ကန့်ကွက်

မြန်မာကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ထိုင်းက နယ်စပ်ဖြတ်ကျော်ခွင့်ပေးပါ

ဦးကိုကိုလှိုင် ဘယ်သူလဲ

Loading