သတင်း

လောင်စာဆီ အကျပ်အတည်းကြောင့် ကုန်စည်ပို့ဆောင်ရေး ခက်ခဲလာ

စစ်ကောင်စီ၏ ကန့်သတ်ထိန်းချုပ်မှုများကြောင့် လောင်စာဆီဈေများ မြင့်လာကာ ဝယ်ရခက်လာသဖြင့် လူမှုကူညီ ရေးလုပ်ငန်းများမှစ၍ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတိုင် အခက်အခဲများ ဖြစ်လာကြောင်း သိရသည်။

နိုင်ငံတဝှမ်း ဧပြီလမှ စ၍ စက်သုံးဆီ ဝယ်ယူရာတွင် အခက်အခဲများ ရှိခဲ့ရာ ဈေးနှုန်းများမှာလည်း မြင့်လာသဖြင့် ယခုအခါ ဓာတ်ဆီ ၁ လီတာ မှာ ၂၂၀၀ ကျပ် မှ တချို့သော နေရာများတွင် ကျပ် ၃၀၀၀ ကျော် အထိ ဖြစ်နေသည်။

မြန်မာနိုင်ငံ အဝေးပြေး သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင် တဦးက “အခုကာလ ကုန်ရှားတယ်။ အရောင်းအဝယ်ပါးတဲ့ အချိန် အလုပ်မကောင်းဘူး။ စက်သုံးဆီဈေးက ထပ်တက်တော့ပိုဆိုးတယ်၊ စားသုံးသူတွေ ဒုက္ခရောက်တာပေါ့။ ကျနော်တို့ ကုန်စည်တင်တဲ့ ကားခက ချက်ချင်းတက်လို့ မရပေမယ့် တဖြေးဖြေးတော့ တက်လာမှာ။ အာဏာသိမ်းပြီး ထဲက စီးပွားရေး ကောင်းနိုးကောင်းနိုးနဲ့ တောင့်ထားပေမယ့် အခု ကြာလာတော့ မခံနိုင်တော့ဘူး။ စက်သုံးဆီဈေးတွေ တက်လာတာက မကြာခင်တော့ လုပ်ငန်းရပ်သွားမှာပဲ”ဟု ဧရာဝတီသို့ ပြောသည်။

အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံရေးအခြေအနေများကြောင့် လမ်းပန်းခရီးများ ခက်ခဲကာ သယ်ယူပို့ဆောင်ရေး လုပ် ငန်းတွင် နှောင့်နှေးမှုများ ရှိနေရာ ယခုကဲ့သို့ လောင်စာဆီဈေး မြင့်ခြင်း၊ ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတဝှမ်း စက်သုံးဆီ ဝယ်ရန် ခက်လာခြင်းတို့က ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ရပ်ဆိုင်းရမည့် အခြေအနေနှင့် ရင်ဆိုင် နေရသည်ကိုပြနေကြောင်း ၎င်းက ရှင်းပြသည်။

“အခက်အခဲတွေက အခုက အကုန်လုံးဖြစ်နေတဲ့ အချိန်မှာမှ အခြေခံ အကျဆုံးဖြစ်တဲ့ စက်သုံးဆီဈေးက မြင့်ပြီး ဝယ် မရတော့ ပိုဆိုးတာပေါ့။ ဒီဂယက်ကတော့ စားသုံးသူပေါ်မှာ သွားထိမှာ ကျနော်တို့ လုပ်ငန်းတွေကတော့ မကိုက်ရင် ရပ်ထားလိုက်ဖို့ပဲ ဆုံးဖြတ်ထားတယ်” ဟု သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်က ရှင်းပြသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း စက်သုံးဆီ ဈေးမြင့်လာခင်းနှင့်အတူ နိုင်ငံရေး အခြေအနေများကြောင့် စစ်ပွဲများ နေ့စဉ် ရက်ဆက်ဖြစ်ပွားနေသော စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းတချို့ ရပ်နား ခဲ့ခြင်းများ ရှိခဲ့သည်။

ရန်ကုန်နှင့် ပဲခူးကို Daewoo Intercity Bus များနှင့် ပြေးဆွဲနေသည့် မြန်မာကုန်သွယ်မှု စင်တာကုမ္ပဏီကလည်း ၎င်းတို့အနေဖြင့် အရှုံးခံပြေးဆွဲသော်လည်း ထပ်မံမြင့်လာသည့် စက်သုံးဆီဈေး ဒဏ်ကို မခံနိုင်တော့သဖြင့် ယခု ဇွန် ၁၀ ရက် မှ စတင်ကာ ပြေးဆွဲမှုကို ခေတ္တရပ်နားမည် ဖြစ်ကြောင်း ဇွန်လ ၃ ရက်က ကုမ္ပဏီမှ ကြေညာ ထားသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အငှားယာဉ်မောင်းတဦးက “အခုက စီးပွားရေးက ကြပ်တော့ တချို့ ပုံမှန် တက္ကစီ စီးသူတွေတောင် လိုင်းကားပြောင်းစီးလာကြတာ။ အဲ့အချိန်မှာ အခုလို စက်သုံးဆီဈေးက တက်တယ်။ လိုသလောက် ဖြည့်လို့မရဘူး။ ဆီဖြည့်ချင်ရင် ဆိုင်ပတ်ရှာရတယ်။ ဒါတွေကြောင့် တခါတလေ အုံနာကြေးတောင် မပေးနိုင်ဘူး။ တခြား အလုပ်ပြောင်းမယ်ဆိုတော့လည်း လုပ်စရာကမရှိ။ အရင်က ကျပ် ၁ သောင်းရရင် အခု ကျပ် ၃ ထောင်၊ ၄ ထောင်ဆိုတော့ အိမ်စရိတ်က မလောက်တော့ဘူး ကြပ်တည်းကုန်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းအခြေအနေများကြောင့် လတ်တလောတွင် ပိုင်ရှင်ထံ ကားပြန်အပ်ကာ တခြားအလုပ်အကိုင်များ လိုက်လံ ရှာဖွေနေကြောင်း ၎င်းက ဆိုသည်။

ကုန်စည်နှင့် သယ်ယူပို့ဆောင်ရေးဘက်တွင်သာ ခက်ခဲနေသည်မဟုတ် လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့များပင် လောင်စာစာဈေးမြင့်ခြင်းနှင့် ဝယ်မရခြင်းကြောင့် လူမှုရေးလုပ်ငန်းများ ရပ်ဆိုင်းရမည့် အခြေအနေနှင့် ရင်ဆိုင်နေရ ကောင်း သိရသည်။

မူဆယ်မြို့ရှိ လူမှုကူညီရေး အသင်း တာဝန်ခံတဦးက “ရပ်ထားမလားဆိုတာ စဉ်းစားနေရပြီ လူထုက ဒုက္ခရောက် တော့လည်း မကူညီပဲနဲ့ မနေနိုင်။ အရင်က မူဆယ်- မန္တလေးကို ကျပ် ၂ သိန်းဆိုရင် အလှူငွေရော၊ ဆီဖိုးရော၊ စား စရိတ်ရော လောက်တယ်၊ အခု ၃ သိန်းခွဲလောက်ကုန်တယ်။ ဒါရုံး အလှူငွေ မပါတော့ဘူး။ လူနာတွေကလည်း အခု အခြေအနေအရ အဆင်ကမပြေ ဆီဈေးတွေကတက် နောက်တခု ပိုဆိုးတာက ဆီက ဝယ်မရဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ယခုလို စက်သုံးဆီ ပြတ်လပ်လာခြင်းက လူမှုဘဝအတွက် အခက်အခဲများ ဖြစ်လာကြောင်း ၎င်းက ပြောသည်။

မူဆယ်မြို့တွင် ဓာတ်ဆီ အဓိက ပြတ်နေပြီး တလီတာလျှင် ကျပ် ၂၆၀၀ ကျော်အထိ ဖြစ်နေကာ ဆီဆိုင်အများစုက လိုအပ်သလောက် ဝယ်ယူ၍ မရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်သုံးဆီအခက်အခဲက သယ်ယူပို့ဆောင်ရေး သာမက စက်မှုကုန်ထုတ်လုပ်ငန်းများ၊ စားသောက်ကုန်လုပ် ငန်းများ၊ ကုန်ပစ္စည်းများ အစရှိသည့်တို့တွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ထိခိုက်မှုများ ရှိနေသဖြင့် စက်သုံး ဆီဈေးကို မှီ၍ အခြေခံကုန်ပစ္စည်းများလည်း ဈေးမြင့်လာနေသည်။

လတ်တလောတွင် စစ်ကောင်စီက လျှပ်စစ်မီး မပေးနိုင်သဖြင့် လောင်စာဆီကိုသာ အားထားလည်ပတ်နေရသည့် လုပ်ငန်းဖြစ်သော Alpine သောက်ရေသန့်ပင် အဖက်ဖက်မှ တိုးလာ သည့် ကုန်ကျစရိတ်များနှင့် ဆီဈေးနှုန်းများ ကြောင့်ဆိုကာ Alpine 20 Litre ဗူးများကို ယခုဇွန်လ ၁၀ ရက်နေ့မှ စတင်၍ ယခင်ထက် ၅၀ ကျပ် တိုးမြှင့် သွား မည် ဖြစ်ကြောင်း ကြေညာထားသည်။

You may also like these stories:

ကုန်ပစ္စည်းတင်ဆောင်ခွင့် ကန့်သတ်ချက်များကြောင့် မန္တလေးအခြေစိုက် ယာဉ်လိုင်းတချို့ ရပ်နားလာကြ

စစ်ကောင်စီ ဆွမ်းဆန်စိမ်းလောင်းပွဲ သပိတ်မှောက်ဖို့ မန္တလေး သံဃသမဂ္ဂ လှုံ့ဆော်

Loading