စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ မြန်မာယန်စီ တရုတ်ကြေးနီစီမံကိန်း ကုမ္ပဏီဝန်ထမ်းအချို့အား ဒေသပြည်သူ့ ကာကွယ်ရေး တပ်များနှင့် ပတ်သက်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီး၊ သတ်ဖြတ်မှုများ ရှိနေကြောင်း ဒေသခံ ပြောက်ကျားတပ်ဖွဲ့များထံက သိရသည်။
တရုတ်ကြေးနီ စီမံကိန်းများအား ရပ်တန့်ထားရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့များက သတိပေး ထုတ်ပြန်ပြီး နောက် စီမံကိန်းအနီး ကျေးရွာများအား စစ်ကောင်စီတပ်များက ရှာဖွေ စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်လာလျက်ရှိရာ ပြီးခဲ့သည့် မေလ ၂၅ ရက်က မြန်မာယန်စီကုမ္ပဏီမှ CDM ပြုလုပ်ထားသည့် ဝန်ထမ်းနှစ်ဦးအား ဖမ်းဆီးသတ် ဖြတ်ခဲ့ကြောင်း နယ်စည်းမခြား ဇာမဏီ ပြောက်ကျားတပ်ဖွဲ့က ပြောသည်။
သတ်ဖြတ်ခံရသူ နှစ်ဦးသည် ဆားလင်းကြီးမြို့နယ်၊ ရွာသာကျေးရွာမှ ကိုကျော်ငြိမ်း (Process ဌာန)နှင့် ကိုချစ်သိန်း ဇော်(ခ) ဖားကြီး (Mining ဌာန) တို့ ဖြစ်ကြောင်းလည်း သိရသည်။
၎င်းတို့အနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကျေးရွာများအတွင် ဝင်ရောက်စီးနင်းစဉ် ထွက်ပြေးရာမှ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတော ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး သတ်ဖြတ်ခံထားရသည့် ၎င်းတို့ရုပ်အလောင်းများအား ကံကုန်း ကျေးရွာ သုသာန်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့က အတည်ပြုပြောကြား သည်။
ယင်းပြင် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ကလည်း မြန်မာယန်စီကုမ္ပဏီမှ သတ္ထုတူးဖော်ရေးဌာနတွင် လုပ်ကိုင်နေသူ ဌာနမှူး ဦးသိန်းနိုင်အား စစ်ကောင်စီတပ်များက ဖမ်းဆီးကာ စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း သိရသည်။
ဦးသိန်းနိုင်အား ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်စာမျက်နှာများတွင် ဦးသိန်းနိုင်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် ပတ်သက်ဆက်နွယ်နေသည်ဟုဆိုကာ ဖမ်းဆီး အရေးယူ ခြင်းဖြစ်ကြောင်းလည်း စွပ်စွဲဖော်ပြထားကြသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့ရှိ တရုတ်ကြေးနီစီမံကိန်းများမှာ စစ်ကောင်စီအတွက် အဓိက ဝင်ငွေရလမ်း ထောက်တိုင်များဖြစ်သဖြင့် စီမံကိန်းအား ရပ်တန့်ထားရန်နှင့် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ငန်း လည်ပတ်ပါက နည်းမျိုးစုံဖြင့် တိုက်ခိုက်မည်ဖြစ်ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဧပြီ ၂၀ ရက်က သတိပေး ထုတ်ပြန်ထားသည်။
ယင်းသို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ သတိပေးထုတ်ပြီးနောက် တရုတ်ကြေးနီစီမံကိန်း ကုမ္ပဏီများဘက်က လည်း ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပြီး ၎င်းတို့ ဝန်ထမ်းများနှင့် မိသားစုများ ခြိမ်ခြောက်ခံရသည့် အခြေအနေအပေါ် စိုးရိမ်ကြောင်း ဆိုထားသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်- ဆားလင်းကြီးမြို့နယ်များတွင် စစ်ကောင်စီအနေဖြင့် ကျေးရွာများအား စီးနင်းတိုက်ခိုက်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများဖြင့် ပြင်းထန်စွာဖိနှိပ်လျက်ရှိသော်လည်း ဒေသခံပြည်သူများ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ ယနေ့တိုင် ထွက်ပေါ်လျက် ရှိနေသည်။
ယမန်နေ့ ဇွန်လ ၅ ရက် ည ၁၀ နာရီခန့်ကလည်း ဆားလင်းကြီး မြို့မရဲစခန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားရာ နေရာများအား ဒေသတွင်း ကာကွယ်ရေး အဖွဲ့များ ပူးပေါင်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ဗိုလ် အဆင့်ရှိသူ နှစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဘက်က ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆားလင်းကြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (S.P.D.F) က ယနေ့ သတင်း ထုတ်ပြန်ထားသည်။
You may also like these stories:
တရုတ်ကြေးနီစီမံကိန်းများ ဆက်လုပ်ပါက တိုက်ခိုက်မည်ဟု PDF များ သတိပေး
အမေရိကန် ဒေါ်လာသန်း ၅၀ ကျော်တန်ဖိုးရှိ သတ္တုပစ္စည်းများ စစ်ကောင်စီထုတ်ရောင်း