ဒေါက်တာ ဇော်မြင့်မောင်၏ အဂတိမှုများ ဇွန် ၈ရက် အပြီးသတ် လျှောက်လဲချက် ပေးမည်
စစ်ကောင်စီက မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် စွဲထားသည့် အမှုများကို ဇွန်လ ၈ ရက် အပြီးသတ် လျှောက်လဲချက် ကြားနာသွားမည်ဟု အကျိုးဆောင်ရှေ့နေအဖွဲ့ထံမှ သိရသည်။
ဒေါက်တာ ဇော်မြင့်မောင်သည် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်က ဆေးကုသစရိတ်နှင့် ပါတီရုံး မြေနေရာကိစ္စ၊ စီမံကိန်း ဧရိယာနှင့် ဆက်စပ် လက်ယာမြေများကို အခြားနည်း သုံးစွဲခွင့်ရရှိရေးနှင့် စီမံကိန်းလုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ရေး ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှု ရှိခဲ့သည် ဟုဆိုကာ အဂတိလိုက်စားမှု တိုက် ဖျက်ရေး ဥပဒေ ပုဒ်မများဖြင့် အမှု ၅ မှု တရားစွဲဆိုထားခြင်း ဖြစ်သည်။
“ဒေါက်တာ ဇော်မြင့်မောင်ကို စွဲထားတဲ့ အဂတိအမှုတွေ အားလုံးကို ၈ ရက်မှာ အပြီးသတ် လျှောက်လဲချက် ကြား နာမယ်။ အဲဒီနေ့မှာ ကျနော်တို့က ဖိုင်နယ် လျှောက်လဲချက်ပေးရမှာပေါ့၊ ပြီးရင်တော့ အမိန့်ချမှာပေါ့၊ ဆရာဇော်က ကျန်းမာရေး ကောင်းပါတယ်။ မျက်စိခွဲထားတာလည်း တော်တော်လေးကို ကောင်းပါတယ်” ဟု အကျိုးဆောင် ရှေ့နေအဖွဲ့က ပြောသည်။
အဆိုပါ အမှုများကို စစ်ကောင်စီခန့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားလိုပြုလုပ်၍ မန္တလေးတိုင်း တရားလွှတ်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ စစ်ကောင်စီခန့် မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက တရားလိုလုပ်၍ အမရပူရမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁ (စ)၊ အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုထားခြင်းများ ကို လည်း ရင်ဆိုင်နေရသည်။
အဆိုပါ အမှုနှစ်ခုအနက် အမရပူရမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁ (စ)အရ စွဲဆိုထားသော အမှုကို ဇွန်လ ၃ ရက်က ထောင် ၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
“အမရပူရမြို့နယ်မှာ စွဲဆိုထားတဲ့ ရွေးကောက်ပွဲကိစ္စ ဇွန်၃ ရက်က ထောင်ဒဏ် ၁ နှစ် အမိန့်ချတယ်၊ အောင်မြေ သာစံမြို့နယ်မှာ စွဲထားတဲ့ ရွေးကောက်ပွဲအမှုက သက်သေ စစ်စရာ ၂ ယောက်ရှိသေးတော့ အမိန့်မချသေးဘူး။ အဲဒီ အမှုကလည်း မနက်ဖြန် ဆက်စစ်မယ်” ဟု အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက် ပေးနေသည့် ရှေ့နေအဖွဲ့က ပြောသည်။
ဒေါက်တာ ဇော်မြင့်မောင်ကို အောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅/၃၀(က)တို့ဖြင့် တရားစွဲထားမှုကို ထောင်ဒဏ် ၄ နှစ် ကျခံစေရန်နှင့် ပုဒ်မ ၅၀၅ (ခ) အတွက် ချုပ်ရက်ခံစားခွင့် မရှိကြောင်း၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်က အမိန့်ချမှတ်ထားပြီး ဖြစ်သည်။
ဒေါက်တာ ဇော်မြင့်မောင်သည် စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၉ ခုနှစ်မှ စကာ သွေးကင်ဆာရောဂါ ခံစားခဲ့ရသဖြင့် ထိုင်း နိုင်ငံသို့ သွားရောက် ဆေးကုသမှု ခံယူခဲ့ရပြီး ကင်ဆာဆေးဝါးများ ယနေ့အချိန်ထိ သောက်သုံးနေရဆဲဟု သိရသည်။
ထို့ပြင် စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေါက်တာ ဇော်မြင့်မောင်၏ ရှေ့နေအဖွဲ့ဝင်တဦးဖြစ်သည့် တရား လွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင်၏ အမှုကိုလည်း ဇွန်လ ၉ ရက်တွင် စတင် စစ်ဆေးသွားမည်ဟု သိရသည်။
ဒေါ်ရွက်နုအောင်ကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) များအား ထောက်ပံ့ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ဖမ်းဆီး၍ တရားစွဲထားခြင်း ဖြစ်သည်။
“မရွက်နုအောင် အမှုကိစ္စနဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုဆိုတာ မသိရသေးဘူး။ အခုလာမယ့် ၉ ရက် ရုံး ထုတ်ရင်တော့ သိရမယ်။ သူ့ကို စွဲထားတဲ့အမှုကို ၉ ရက်မှာ စပြီး စစ်မယ်။ ထောင်တွင်းမှာပဲ စစ်ဖ်ို့ များမယ်၊ အခု ထိတော့ ခရိုင်ရုံးမှာ ရုံးထုတ်ပြီး စစ်မလား၊ ထောင်မှာပဲ စစ်မလားဆိုတာ မေးလို့ မရသေးဘူး၊ နောက်ပြီးတော့ တိုင်ချက်တွေကို ကူးခွင့်တင်ထားတာလည်း ကူးခွင့်မပေးသေးဘူး၊ အဲဒီလို ဖြစ်နေတယ်” ဟု ဒေါ်ရွက်နုအောင်နှင့် နီးစပ်သည့် ရှေ့နေတဦးက ပြောသည်။
တရား လွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်သည် ဧပြီ ၂၇ ရက်က မန္တလေးအိုးဘိုထောင်အတွင်းရှိ အထူးတရားရုံးတွင် ဒေါက်တာ ဇော်မြင့်မောင်၏ အမှုများအား ရုံးထုတ်စစ်ဆေးပြီး အပြန်၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် NLD မှ ထိပ်တန်း ခေါင်းဆောင်များ၊ ပါတီဝင်များ၊ ပါတီ ထောက်ခံသူများအပါအဝင် စုစုပေါင်း ၉၀၀ ကျော် အထိ ဖမ်းဆီးထိန်းသိမ်းထားပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက် ရေး ဥပဒေပုဒ်မများဖြင့် ဖမ်းဆီး တရားစွဲဆို၍ ထောင်ဒဏ်များ ချမှတ်လျက်ရှိသည်။
You may also like these stories:
စစ်ကောင်စီ ဖမ်းဆီး စွပ်စွဲ ထောင်ချထားသည့် NLD အစိုးရ အဖွဲ့ဝင်များ
ဒေါ်အောင်ဆန်းစုကြည်အား ပေးသည်မှာ အလှူငွေဟု ဦးမောင်ဝိတ် ထွက်ဆို
ဒေါက်တာ ဇော်မြင့်မောင် မျက်စိခွဲစိတ်မည်ဖြစ်၍ ရုံးချိန်းများ ရွှေ့ဆိုင်း
ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၏ ရှေ့နေ ဒေါ်ရွက်နုအောင် ဖမ်းဆီးခံရ
ဒေါက်တာ ဇော်မြင့်မောင်၏ အဂတိမှု ဒေါ်အောင်ဆန်းစုကြည် သက်သေထွက်ဆိုရန် အခက်ကြုံနေ