ထိုင်းနိုင်ငံ ဟတ်ရိုင်မြို့တွင် ထိုင်းလူမျိုးတဦး အသတ်ခံရမှုနှင့် ပတ်သက်၍ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၀၀ ဝန်းကျင်ခန့် ဖမ်းဆီးထားသည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်က ဟတ်ရိုင်မြို့နယ်ထဲရှိ သစ်တော ဧရိယာတွင် ပါးစပ်ပိတ်ဆို့၍ ကြိုးတုတ်ကာ အသတ်ခံ ထားရသည့် အသက် ၄၀ အရွယ် ရှိ ထိုင်းအမျိုးသားတဦးကို တွေ့ပြီးနောက် သစ်တောအတွင်း ရောက်နေသည့် တရားမဝင်မြန်မာ ၉ ဦးကို ဖမ်းမိရာမှစ၍ အထောက်အထားမဲ့များ သာမက တရားဝင် အလုပ်သမားများ နေထိုင်သည့် တန်းလျားနေအိမ်များပါမကျန် ဝင်ရောက် ဖမ်းဆီးရာ ယခုဆိုလျှင် ၄၀၀ခန့် ရှိပြီ ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ယက် MWRN ထံမှသိရသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) မှ ဟတ်ရိုင်မြို့တာဝန်ခံ ဦးဘရီက “ဒီပြဿနာ မဖြစ် ခင်ကဆို အဲဒီတောထဲမှာ မလေးရှားကိုဝင်မယ့် ရွှေ့ပြောင်းလုပ်သားတွေဆီကနေ ဖုန်းတွေ ဘတ်ငွေ အမျိုးသမီးတွေ ဝတ်ထားတဲ့ နားကပ်တွေကအစ လုတယ်။ အဲဒီနောက်ပိုင်းမှာ ပိုဆိုးလာတာက ဒေသခံ ထိုင်းတွေက လုယက်တာ လောက်နဲ့ မတင်းတိမ်ဘဲ မတရားမုဒိမ်းကျင့်မှုတွေ ဖြစ်လာတယ်။ တခါနှစ်ခါမဟုတ် အနိုင်ကျင့်မှုတွေဖြစ် လာတဲ့ အခါမှာ ၃၁ ရက်နေ့ကျတော့ မုဒိမ်းကျင့်ဖို့ ဆွဲသွားတဲ့အခါမှာ မခံမရပ်နိုင်ဘဲနဲ့ သည်းမခံနိုင်ဘဲနဲ့လူသတ်မှု တခုဖြစ် တယ်လို့လည်း သိရတယ်”ဟုဆိုသည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် မြန်မာနိုင်ငံသားများအပေါ် တစုံတရာ အကာ အကွယ်ပေးရန် လိုအပ်ပြီး မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများ ပေါ်ပေါက်လာနိုင်သည့်အတွက် အမှုမှန် ပေါ် ပေါက်စေရန် ဘက်ပေါင်းစုံမှ ကူညီသင့်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာလူမှုအသိုင်းအဝိုင်းများမှ တောင်းဆိုသည်။
“လိပ်ကျွန်း လူသတ်မှုမှာ တရားခံ မစစ်မှန်ဘဲနဲ့ စွပ်စွဲပြီးတော့ အမှုတခုခိုင်မာအောင် လုပ်ဖို့အတွက် ရွှေ့ပြောင်း လုပ်သားတွေကို အတင်းအဓမ္မဝန်ခံခိုင်းတာ လက်မှတ်ထိုးခိုင်းတာတို့ ရှိခဲ့တော့ တဖက်ကလည်း စိုးရိမ် တာပေါ့။ အဲဒီလိုမဖြစ်အောင်လို့ ကျနော်တို့တွေ နိုင်တဲ့ဘက်နေ ကူညီဖို့အတွက် စီစဉ်ထားပါတယ်”ဟု ဦးဘရီက ဆိုသည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း တစုံတရာ ပြန်လည် ဖြေကြားခြင်း မရှိပါ။
လက်ရှိတွင် အဆိုပါ ဖမ်းဆီးခံရသူများကို ဟတ်ရိုင်မြို့ ရဲစခန်းတွင် ထားရှိပြီး စားဝတ်နေရေး အခက်အခဲရှိသည့် အတွက် ထိုင်းရောက် မြန်မာလူမှုအသိုင်းအဝိုင်းမှ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက
“ဒီနယ်မြေ က နယ်မြေကောင်းမျိုးလည်း မဟုတ်ဘူး။ ထိုင်းနိုင်ငံသားကို မြန်မာနိုင်ငံသားကနေ တကယ့်တကယ်တမ်း သတ်မိတယ်ဆိုရင်လည်း ဒီလိုဖြစ်ရပ်ကို ရှုတ်ချတယ်။ ထိုင်းမှာရှိနေပြီးသား မြန်မာတွေရော နောက်ထိုင်းနဲ့ မြန်မာ ကူးချည်သန်းချည် လုပ်နေတဲ့ မြန်မာတွေအတွက်ပါ ဘေးကျပ်နံကျပ် ဖြစ်စေတယ်။ ဘယ်သူကနေ ဘယ်သူ့ကို သတ် တယ် ဆိုတာမျိုး မဖြစ်စေချင်ဘူး” ဟု ဦးမိုးကြိုးက ပြောသည်။
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် နှစ်များက လိပ်ကျွန်း လူသတ်မှု၊ ထိုင်း- မြန်မာ နယ်စပ် ရနောင်းမြို့ လူသတ်မှုများတွင် မြန်မာလူမျိုးများ စွပ်စွဲခံခဲ့ရပြီး ဖမ်းဆီးထောင်ချခဲ့သည့် အမှုအခင်းများလည်း ရှိခဲ့သည်။
You may also like these stories:
MoU ဖြင့် လုပ်သားများ ခေါ်နေသော်လည်း ထိုင်းသို့ တရားမဝင်လာသူ များနေဆဲဟုဆို
ထိုင်းအချုပ်ခန်းများ၌ ဖမ်းဆီးခံ မြန်မာများဖြင့် ပြည့်နေ
MoU စနစ်ဖြင့် မြန်မာလုပ်သား ၂၈၀ ကျော် ထိုင်းနိုင်ငံမှ ပြန်လည်ခေါ်ယူ
စစ်အာဏာသိမ်းပြီးနောက် ထိုင်းရောက် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရမှု ပိုဆိုးလာဟုဆို