စစ်ကောင်စီကြောင့် ကချင်အရပ်သား ထောင်ချီ ထွက်ပြေးနေရ
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှ ယခုနှစ် ဧပြီလအထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် လူပေါင်း ၆ ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ကောင်စီတပ်များက လူအနည်းဆုံး ၂၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တခုဖြစသည့် ထိုင်းနိုင်ငံ ကချင်အမျိုးသမီးများ အစည်းအရုံး (KWAT) ၏ အဆိုအရ သိရသည်။
အရပ်သားကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်မှုများ၊ အမြောက်များဖြင့် ပစ်ခတ်မှုများနှင့် အဓမ္မပြုကျင့်ခြင်းများကို လက်နက်အဖြစ် အသုံးပြုနေပြီး စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများမြောက်ကြောင်း KWAT က ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည့် “လေကြောင်းမှ ခြိမ်းခြောက်မှုသစ်များ” အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အမည်ဆိုးကျော်ကြားသော ခြေမြန်တပ်မများဖြစ်သည့် တပ်မ ၃၃၊ ၈၈ နှင့် ၉၉ တို့သည် ကချင်ပြည်နယ်မှ အရပ်သားများကို လေကြောင်းပစ်ကူနှင့်အတူ အမြောက်များနှင့် ပစ်ခတ်သောကြောင့် လူ ခန့်မှန်းခြေ ၂၁ ဦး သေဆုံးပြီး ၄၀ ခန့် ဒဏ်ရာရသည်ဟု အထက်ပါအစီရင်ခံစာက ဖော်ပြသည်။
“တိုက်ပွဲမရှိတဲ့ နေရာတွေမှာ နေအိမ်တွေကို လေကြောင်းက တိုက်ခိုက်မှု၊ အမြောက်တွေနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတွေ သတ်ဖြတ်ခံနေရပြီး ဒဏ်ရာတွေ ရနေကြောင်း ခိုင်မာတဲ့ အထောက်အထားတွေ တွေ့နေရတယ်” ဟု KWAT ပြောခွင့်ရသူ မွန်းနေလီက ပြောသည်။
စစ်ကောင်စီတပ်များသည် ရှမ်းပြည်နယ်မှ မူဆယ်၊ နမ့်ခမ်းနှင့် လားရှိုးမြို့နယ်များ၊ ကချင်ပြည်နယ်မှ ဖားကန့်၊ မိုးမောက်နှင့် ရွေကူမြို့နယ်များတွင် အရပ်သားများ နေထိုင်ရာနေရာများကို အမြောက်များဖြင့် ပစ်ခတ်ပြီး ခန့်မှန်ခြေ ရွာသား ၈ ဦးကို သေဆုံးစေပြီး ကလေး ၆ ဦးအပါအဝင် ၂၀ ခန့်ကို ဒဏ်ရာရစေသည်ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် စစ်ကောင်စီတပ်များက သိမ်းကျုံးပစ်ခတ်မှုကြောင့် အိပ်ယာထဲတွင် ပစ်သတ်ခံရသည့် အသက် ၇ နှစ်အရွယ် ကလေးတဦး အပါအဝင် အရပ်သား ၁၁ ဦး သတ်ဖြတ်ခံရပြီး ၇ ဦး ဒဏ်ရာရသည်ဟုလည်း အစီရင်ခံစာက ဖော်ပြသည်။
၂၀၂၂ ခုနှစ် အစောပိုင်းတွင် ဧရာဝတီမြစ်ကြောင်း တလျှောက်မှ ပူတာအိုနှင့် ဖားကန့်မြို့နယ်များတွင် လေကြောင်း တိုက်ခိုက်မှုများကြောင့် ရွာသား ၂ ဦးသေဆုံးပြီး ၆ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် ၁၃ ဦး ဒဏ်ရာရသည်။
“၂၀၂၁ ခုနှစ် အာဏာမသိမ်းမီက မြစ်ကြီးနားလို မြို့ကြီးတွေမှာ အန္တရာယ်ကင်းသေးတယ်။ အခုတော့ တောရော မြို့မှာပါ ညဘက်အပြင် မထွက်ကြတော့ဘူး” ဟု မွန်းနေလီက ပြောသည်။
အရေးယူခံရမည်ကို စိုးရိမ်စရာမလိုဘဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို မည်သို့ ကျူးလွန်နေသည်ကို အစီရင်ခံစာတွင် ဖော်ပြထားပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၂၂ ခုနှစ် ဧပြီလတို့တွင် တပ်ရင်းတခုတည်းမှ စစ်သား ၂ ဦးသည် အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။
အရပ်သားများကို လူသားတံတိုင်းများအဖြစ် အသုံးပြုခြင်း၊ အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက်ပြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) သို့မဟုတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ဖွဲ့ဝင်ဖြစ်ကြောင်း ဝန်ခံခိုင်းခြင်းများကိုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
KIA သည် ၂၀၁၁ ခုနှစ်တွင် စစ်အုပ်စုကို တိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့သည့် ကချင်ပြည်နယ်မှ အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။
ယခုနှစ် လက်ရှိအချိန်အထိ ခန့်မှန်းခြေ ဒေသခံကျေးရွာသား ၅,၇၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးကြပြီး ကချင်ပြည်နယ်မှ ရှိပြီးသား စစ်ဘေးရှောင် ၁ သိန်းတွင် ပိုမိုများပြားသွားစေကြောင်း KWAT က ဖော်ပြသည်။ ၎င်းတို့သည် စခန်းများ၊ သစ်တောများနှင့် ဆွေမျိုးများထံတွင် ခိုလှုံနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်ဘေးရှောင်အရပ်သား အရေအတွက်သည် ပထမဆုံးအကြိမ်အဖြစ် ၁ သန်းကျော် သွားသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှု ညှိနှိုင်းရေးရုံး (OCHA) က ဇန်နဝါရီလ ၂ ရက်နေ့တွင် ကြေညာသည်။
You may also like these stories:
UWSA ၏ “ဝ” ပြည်နယ်တောင်းဆိုချက် စစ်ကောင်စီ သတ်မှတ်ပေးမှာလား
ကျောက်တော်ရှိ စစ်ရှောင်စခန်းများကို စစ်တပ်မှပစ်ခတ် ခြိမ်းခြောက်
အာဏာသိမ်း စစ်ကောင်စီနှင့် ဆွေးနွေးသည့် မွန်ပြည်သစ်ပါတီ ဝေဖန်ခံနေရ
နှစ်ပေါင်းသုံးဆယ်ကျော် အကြာမှာ ပြန်တိုက်ယူနိုင်ခဲ့တဲ့ သေ့ဘော့ဘိုး စခန်း