စစ်တပ် အာဏာသိမ်းပြီးနောက် ချေပခွင့် မရှိသည့် စစ်ခုံရုံးဖြင့် သေဒဏ်ချထားသူ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးအား သေဒဏ်အတည်ပြု ကွပ်မျက်ရန် စစ်ကောင်စီ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန် ကြေညာနေကြလျက် ရှိသည်။
ကုလသမဂ္ဂနှင့် အာဆီယံတို့က စစ်တပ် အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် အကျပ်အတည်း ဖြေရှင်းရေးအတွက် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ အကြမ်းဖက်မှုများ လျော့ချရေး အစဉ်တစိုက် တောင်းဆိုနေသော်လည်း အာ ဏာသိမ်း စစ်ခေါင်းဆောင်သည် ၎င်းတို့ ဖမ်းဆီးကာ သေဒဏ်ချထားသူများစွာအနက် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်နှင့် အခြားသူ နှစ်ဦးအား သေဒဏ် အတည်ပြု ကွပ်မျက်ရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။
စစ်ကောင်စီ၏ နိုင်ငံရေး အကျဉ်းသားများအား သေဒဏ်စီရင်ခြင်းသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံတည် ငြိမ်ရေးအား စိန်ခေါ်ဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပြင်းပြင်း ထန်ထန် ဆန့်ကျင် တားမြစ်ရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) က တောင်းဆိုလိုက် သည်။
AAPP က “စစ်အုပ်စုအနေဖြင့် နိုင်ငံရေး အကျဉ်းသားများကို ကွပ်မျက်ရေး လုပ်ဆောင်နေမှုသည် သမိုင်းဆိုင်ရာ ခွင့်လွှတ် ၍ မရနိုင်သော လုပ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိရေး ကြိုးစားဆောင်ရွက်နေ သော နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံရေးအကျပ်အတည်းကို သဘောတူညီချက် ၅ ချက်ဖြင့် ဖြေရှင်းရန် ကြိုး စား အဖြေရှာနေသည့် အာဆီယံနိုင်ငံများ၏ သဘောထားနှင့် လုံးဝ ကိုက်ညီမှု မရှိကြောင်း ထင်ရှားသည့် သက်သေပြ ချက်ပင် ဖြစ်သည်” ဟု ပြောသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီ(ခ) ကိုကျော်မင်းယုနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်(ခ) မောင်ကျော်တို့သည် ရန်ကုန်မြို့တွင် လက်နက် များနှင့် ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၉(က)၊ ၅၀(ဈ)၊ ၅၀ (ည)တို့နှင့် ၂၀၂၂ ခုနှစ် ဇန်န ဝါရီ ၂၁ ရက်တွင် စစ်ခုံရုံးဖြင့် သေဒဏ် ချမှတ်ခံထားရခြင်း ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များအတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင် သူများအား အယူခံခွင့်၊ ခုခံချေပခွင့် မပေးဘဲ စစ်ခုံရုံးဖြင့် သေဒဏ်အပါအဝင် အမြင့်ဆုံး ထောင်ဒဏ်များ ချမှတ်လျက်ရှိပြီး သေဒဏ်အပေါ်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တဦးတည်းသာ ပယ်ဖျက်ခြင်း/အတည်ပြုခြင်း ဆုံးဖြတ်ခွင့်ရှိကြောင်း ကြေညာထားသည်။
ယင်းအတွက် ၎င်းတို့ စစ်ခုံရုံးဖြင့် သေဒဏ်ချထားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ လေးဦးအား သေဒဏ်အတည်ပြုလိုက်ပြီဖြစ်ပြီး ကွပ်မျက်ရန် အကျဉ်းထောင်ဘက်က ဆက်လက်လုပ်ဆောင်မည် ဖြစ် ကြောင်း စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇွန်လ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ သေဒဏ် စီရင်မည့် စစ်ကောင်စီ ဆုံးဖြတ်ချက်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောခွင့်ရှိသူ Stephane Dujarric က ဝေဖန်ရှုတ်ချခဲ့ပြီး အထူး စိတ်အနှောင့်ယှက်ဖြစ်ရကြောင်းနှင့် သေဒဏ်အပြစ်ပေးမှုအား ပယ်ဖျက်ရန်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေးကိုလည်း တောင်းဆိုခဲ့သည်။
၎င်းက “သေဒဏ် စီရင်ချက်ချခံထားရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ နှစ်ယောက်ကို ကွပ်မျက်မယ့်အစီအစဉ်ကို ဆက် လုပ်ဖို့ မြန်မာစစ်တပ်က ဆုံးဖြတ်လိုက်တဲ့အပေါ် အထူး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒါဟာ နိုင်ငံတကာ လူ့အခွင့် အရေး ကြေညာစာတမ်းရဲ့ အပိုဒ် ၃ မှာ ဖော်ပြထားတဲ့ ဘဝရှင်သန်မှု၊ လွတ်လပ်မှုနဲ့ လုံခြုံရေးဆိုင်ရာ အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်ပါတယ်” ဟု နယူးယောက်ရုံးချုပ်၌ ဇွန်လ ၃ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။
ယင်းပြင် အတိုက်အခံ ခေါင်းဆောင်များအား ကွပ်မျက်ရန် ဆုံးဖြတ်သည့် မြန်မာ စစ်အာဏာရှင်အဖွဲ့ အနေဖြင့် လူ့အခွင့် အရေးနှင့် တရားဥပဒေစိုးမိုးရေးအား ဂရုမစိုက်ကြောင်း သာဓကပြလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် ပြင်း ထန်စွာ ရှုတ်ချကြောင်းနှင့် မတရား ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရှိသူ နက်ဒ် ပရိုက်စ်က ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကလည်း ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးအား ကွပ်မျက်ရန် ဆုံးဖြတ်မှု သည် နှစ် ၃၀ ကျော် သေဒဏ်ဆိုင်းငံ့ထားမှုအား ဖောက်ဖျက်ကာ ကြီးမာသော ဆုတ်ယုတ်မှုတခုဖြစ်ပြီး ရက်စက်ကြမ်း ကြုတ်သော ဆုံးဖြတ်ချက်တခု ဖြစ်ကာ လွတ်လပ်မှုအား ခုခံကာကွယ်သူများအပေါ် နောက်တကြိမ် ထပ်မံ ပစ်မှတ်ထားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
“တရားမဝင်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်၍ ထောက်ခံသွားပါမည်” ဟုလည်း ပြင်သစ်သံရုံးက ဆိုထားသည်။
နိုင်ငံအသီးသီးရှိ မြန်မာလူမှုအဖွဲ့အစည်း ၁၉၉ ဖွဲ့ကလည်း အာဏာသိမ်း စစ်ကောင်စီ သေဒဏ်စီရင်မည့် အမိန့်အပေါ် ကန့်ကွက် ရှုတ်ချခဲ့ပြီး တရားမျှတမှုနှင့် လေစားမှုပေးရန်၊ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးပြီး အကြမ်း ဖက်မှုများ ရပ်တန့်ကာ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရန်တို့အား ကြေညာချက် ထုတ်ပြန် တောင်း ဆိုခဲ့ကြသည်။
အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) ၊ ဒုတိယ ဒါရိုက်တာ Phil Robertson က “ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်နှစ်ဦးကို ကွပ်မျက်ဖို့ ရှေ့တိုး လုပ်လိုက်တဲ့ စစ်အစိုးရ၏ ဆုံးဖြတ်ချက်သည် တိုင်းပြည်တွင် ရေပန်း စားနေတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးမီးကို ဓာတ်ဆီလောင်း သလိုပါပဲ” ဟု ပြောသည်။
လတ်တလောတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့အား ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့်အတူ လက်တွဲကာ ခုခံ တိုက်ခိုက်နေသည့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်ကလည်း “ကျနော့်အနေနဲ့ တရား စီရင်ရေး အကြောင်း ပြောလိုတာ မဟုတ်ပါ။ ဘယ်သူကမှန်ပြီး ဘယ်သူက မှားတယ်လို့ ပြောနေတာလည်း မဟုတ်ပါ၊ နောင်တချိန်မှာ ခွင့်မလွှတ်နိုင်လောက်မယ့် အမှားမျိုးတွေ ရှောင်ရှားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်” ဟု လူမှုကွန်ရက်က တဆင့် ရေးသား သတိပေးထားသည်။
အာဏာသိမ်းပြီးချိန်မှစ၍ ဇွန်လ ၅ ရက်အထိ စစ်ကောင်စီ၏ အကြမ်းဖက် ပစ်ခတ်မှုများကြောင့် သေဆုံးသူ ၁၈၈၇ ဦး ရှိပြီ ဖြစ်ပြီး လူဦးရေ တသောင်းကျော် ဖမ်းဆီးခံထားရကာ အသက်မပြည့်သေးသူ ကလေးငယ် နှစ်ဦး အပါအဝင် သေဒဏ် ချ မှတ်ခံထားရသူ ၁၁၄ ဦး ရှိပြီဖြစ်ကြောင်း AAPP က သတင်း ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းကာလ မြန်မာနိုင်ငံတွင် သေဒဏ်ချမှတ်မှုနှုန်းမှာလည်း စိုးရိမ်ဖွယ်မြင့်တက်လာနေကြောင်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (Amnesty International) အဖွဲ့က သတိပေးထားပြီး ယခင်နှစ်များထက် ၈ ဆနီးပါး မြင့်တက် လာခြင်းဖြစ်ကြောင်းလည်း ၂၀၂၁ ခုနှစ်အတွက် ကမာ္ဘတဝှမ်း သေဒဏ်ပေးမှုများအပေါ် စောင့်ကြည့်လေ့လာသည့် အစီ အရင်ခံစာတွင် ဖော်ပြခဲ့သည်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တရားရေး ဝန်ကြီးဌာနက စစ်ကောင်စီလက်အောက် တရားစီရင်မှုအားလုံးသည် တရားမဝင်ကြောင်း၊ တည်ဆဲတရားဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများအား ပြောင်ပြောင်တင်းတင်း ချိုးဖောက် ကာ ဥပဒေမဲ့ အငြိုးအတေး အာဃာတများဖြင့် တရားစီရင်ရေးအား စိတ်ထင်ရာ တဖက်သတ် လုပ်ဆောင်ခြင်းနှင့် သေ ဒဏ်အား အတည်ပြု လုပ်ဆောင်ခြင်းသည် ကြီးလေးသော ပြစ်မှုကျူးလွန်ခြင်း ဖြစ်ကြောင်း ပြောထားသည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရ လက်ထက် ၁၉၈၉ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး ရာဇဝတ်မှုများအပေါ် သေဒဏ်ချမှတ်မှုရှိသော် လည်း အမှန်တကယ် ကြိုးပေး ကွပ်မျက်ခြင်း မရှိဘဲ ဆိုင်းငံ့ထားခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ပြီ ဖြစ်ပြီး ယခုကဲ့သို့ အာ ဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဆုံးဖြတ်ချက်အရ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးမှာ ပထမဆုံး ပြန်လည် ကွပ်မျက်ခံရသူများ ဖြစ်ဖွယ်ရှိနေသည်။
You may also like these stories:
ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်ကို ကွပ်မျက်ရန် စစ်ခေါင်းဆောင် ဆုံးဖြတ်
ရှမ်းနှင့် ကချင်၌ ၆ လအတွင်း စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော် သေဆုံး
အာဏာသိမ်းမှုနောက်ပိုင်း သေဒဏ်ပေးမှု လွန်စွာမြင့်မား
လုံခြုံမှုကို ခြိမ်းခြောက်လာတဲ့ အငြိုးထားသတ်ဖြတ်မှုများ