သတင်း

အကြမ်းဖက်မှုဖြင့် တရားစွဲခံ ရခိုင်ရွာသားများအမှု အမိန့်မချဘဲ ကြန့်ကြာနေ

ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်သည်ဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် နှစ်ရှည်တရားရင်ဆိုင်နေရ သည့် ရခိုင်ရွာသားများအမှုမှာ ယနေ့တိုင် တရားရုံးက အမိန့်ချခြင်း မရှိသေးဘဲ ကြန့်ကြာနေကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ရွာသား ဦးမောင်စောအေးနှင့် ကိုနိုင်လင်းဌေးတို့ အား ၂၀၂၀ခုနှစ်ကတည်းက ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် တရားစွဲထားရာ စစ်တွေခရိုင် တရားရုံးက အမှုကိုစစ်ဆေးပြီး ၂၀၂၁ ဧပြီ ၁၉ ရက် တွင် အမိန်ချမည်ဆိုသော်လည်း ရုံးချိန်းများ အကြိမ်ကြိမ် ချိန်းကာ ယနေ့တိုင် အမိန့်ချခြင်း မရှိသေးကြောင်း မိသားစုဝင် များက ပြောသည်။

တရားရင်ဆိုင်နေရသည့် ဦးမောင်စောအေး၏ဖခင် ဦးမောင်ဖြူချေက “အမိန့်ချရန်၊ အမိန့်ချရန်ဆိုပြီး ရုံးချိန်းပေါင်းများစွာ ကြာနေပြီ။ ဒီလို လုပ်နေတာတွေက မိသားစုတွေ အတွက်လည်း စိတ်ဆင်းရဲရတယ်။ ကာယကံရှင်တွေ အတွက်လည်း နစ်နာတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ အမိန့်ချရန် အကြိမ်ကြိမ် ရုံးချိန်းနေသည့်အတွက် ပြီးခဲ့သော မေလအတွင်းက ရုံးချိန်းတွင် တရားရင်ဆိုင်နေရသည့် ဦးမောင်စောအေးနှင့် ကိုနိုင်လင်းဌေးတို့က ယခုလိုလုပ်နေလျှင် နောက်ထပ်တရားခွင်သို့ မလာနိုင်တော့ကြောင်း တရားသူ ကြီးကို မေးမြန်းခဲ့သော်လည်း ခရိုင်တရားသူကြီးက မည်သည့်စကားမှ ပြန်မပြောကြောင်း ဦးမောင်ဖြူချေက တရားခွင် အတွင်း အခြေအနေများကို ရှင်းပြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာသား ဦးမောင်စောအေးနှင့် ကိုနိုင်လင်းဌေးတို့မှာ ပြီးခဲ့သည့် ၂၀၂၀ မတ် ၆ ရက်တွင် စစ်တွေမြို့မှ ၎င်းတို့ကျေးရွာသို့ ဆိုင်ကယ်နှင့် ပြန်လာစဉ် စစ်တွေမြို့နယ်အတွင်း ကျောက်တန်းစစ်ရေးဂိတ်၌ အဖမ်းခံရပြီး ၎င်းတို့ ဖုန်းထဲတွင် AA တပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံများ တွေ့ရှိသည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် စစ်တပ်က ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသား ၅ ဦး အမှုမှာလည်း ၂၀၂၀ ဧပြီ ၁၉ ရက်ကတည်းက ဆီးခံခဲ့ရ ပြီးနောက် အမှုစစ်ဆေးရာတွင် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သလို အမိန့်ချမည့် ရုံးချိန်တွင်လည်း အမိန့်မချဘဲ ရုံးချိန်းပြန် ပေးပြီးသာ အချိန်ကုန်နေကြောင်း မိသားစုဝင်များက ပြောသည်။

အဆိုပါ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ ဖမ်းဆီးခံ ကျေးရွာသားများ၏ အမှုအား လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွန့်မောင်က ၎င်းအမှုလိုက်သက်တမ်းတွင် ယခုကဲ့သို့ အမိန့်မချဘဲ ကြာမြင့်နေသည့် အမှုမျိုး မတွေ့ဖူး သေးကြောင်း ပြောဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က “မိသားစုဝင်တွေဘက်က နစ်နာမှုရှိတယ်လို့ ပြောတာမှန်တယ်။ ပထမ တရားသူကြီးက အထက်ညွှန်ကြားချက်ကြောင့် ရုံးချိန်းတယ်။ အခု တရားသူကြီးက အမိန့်ချရန် အမှုတွဲ လေ့လာနေဆဲ ဆိုပြီး ချိန်းတယ်။ ကျနော် အမှုလိုက်သက်တမ်း နှစ်ပေါင်း ၂၀ ကျော်မှာ အမှုတွဲလေ့လာဖို့ ၁ နှစ်ကျော် ကြာတယ်ဆိုတာ မတွေ့ဖူးဘူး။ ၁ နှစ်ကျော် ရုံးချိန်းတယ်ဆိုတာလည်း မတွေ့ဖူးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ် ကျေးရွာသားများကို စစ်တပ်က ဖမ်းဆီးခဲ့စဉ်က ရွာသား ၃၈ ဦးထိ ဖမ်းဆီးထိန်း သိမ်းခံခဲ့ရပြီး စစ်ရေယာဉ်ပေါ်တွင် ရိုက်နှက်ထိုးကြိတ်ခဲ့သည့် ဗွီဒီယိုဖိုင်တခုလည်း ထွက်ပေါ်ခဲ့သည်။

ယင်းရွာသား ၃၈ ဦးကို ပုဏ္ဏားကျွန်းအခြေစိုက် ခမရ (၅၄၀) တပ်ရင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း ရွာသား ၃၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ၅ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂ (က) ဖြင့် စစ်ကောင်စီ တပ်က တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့သည်။

စစ်ရေယာဉ်တွင် ကျောက်ဆိပ်ရွာသားများကို ရိုက်နှက်ထိုးကြိတ်သည့်ကိစ္စနှင့် ပတ်သက်ပြီး ထိုစဉ်က စစ်ကောင်စီ ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျူးလွန်သူ စစ်ကောင်စီတပ်သားများကို အပြစ်ပေးအရေးယူမည်ဟု သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော်လည်း လက်ရှိအချိန်ထိ အပြစ်ပေးအရေးယူသည်ကို မတွေ့ရပေ။

ထို့ပြင် အကြမ်းဖက်မှုနှင့် တရားစွဲခံရသည့် တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာနှင့် ချက်ပေါက်ကျေးရွာမှ ဒေသခံရွာသား ၆ ဦးမှာလည်း သံတွဲခရိုင်တရားရုံးတွင် ၂ နှစ်ကျော်ကြာသည်ထိ တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

၎င်းတို့ ၆ ဦးကို ပြီးခဲ့သည့် ၂၀၂၀ ဇွန်လအတွင်း စစ်ကောင်စီ တပ်သားများက ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှု တိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ဈ) ဖြင့် တရားစွဲခံထားရသည်။

ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “AA ကို အကြမ်းဖက်အဖွဲ့ ပယ်ဖျက်လိုက်တဲ့ အခါကတည်းက အကြမ်းဖက်ဥပဒေနဲ့ တရားစွဲတယ်ဆိုတာ မဖြစ်သင့်တော့ဘူး။ တရားသူကြီးတွေ၊ ဥပဒေအရာရှိတွေဘက်ကလည်း ဒီအပေါ်မှာ အထက်ကို ပြတ်ပြတ်သားသား မေးသင့်တယ်။ အထက်က တစုံတရာ အရိပ်အမြွက် ပြောထားလို့ မလွတ်သေးတာလား။ အဲဒါဆိုရင် လည်း ဥပဒေအကြောင်းအရာ တော်တော်လွဲချော်သွားပြီ။ ဥပဒေဘက်တော်သားတွေ ကိုယ်တိုင်က ဥပဒေကို ချိုးဖောက် နေတာနဲ့ တူတယ်” ဟု မှတ်ချက်ပြုသည်။

စစ်ခေါင်းဆောင်များသည် အာဏာသိမ်းမှု နောက်ပိုင်းတွင် အကြမ်းဖက်မှုဖြင့် တရားစွဲခံထားရသည့် AA စစ်ဦးစီးချုပ် ဗ်ိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဆွေမျိုးသားချင်း အပါအဝင် ရခိုင်အရပ်သား ကျေးရွာသားတချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း စစ်တွေ၊ မြောက်ဦး၊ သံတွဲ စသည့် တရားရုံးများတွင် အမှုရင်ဆိုင်နေရပြီး ပြန်မလွတ်သေးသည့် ရခိုင်တိုင်းရင်းသား ၃၀ ကျော် ကျန်ရှိနေသေးကြောင်း ရခိုင်လူ့အခွင့်ရေး မြှင့်တင်ကာကွယ်သူများအဖွဲ့မှ ဦးမြတ်ထွန်းက ပြောသည်။

၎င်းက “AA ကို အကြမ်းဖက်အဖွဲ့ ပယ်ဖျက်လိုက်ပြီး ဖြစ်တဲ့အတွက် အထောက်အထားလည်း မရှိတော့ရင် ပြန်လွှတ်ပေး သင့်ပြီ။ အခုက ရုံးထုတ်တယ်။ အချုပ်ထဲကို ပြန်ခေါ်သွားတယ်။ ရုံးထုတ်တယ်။ အချုပ်ထဲကို ပြန်ခေါ်သွားတယ်ဆိုတော့ အပြင်မှာရှိနေတဲ့ မိသားစုတွေကလည်း စားဝတ်နေရေး မျိုးစုံအခက်အခဲ ဖြစ်နေတဲ့အတွက် ဒါက လူ့အခွင့်ရေး ချိုးဖောက် နေတာ ဖြစ်တယ်” ဟု ဆိုသည်။

ယခု ဇွန်လအတွင်း၌လည်း ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို AA အ တွက် ရန်ပုံငွေ ကောက်ခံသည်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသလို ပလက်ဝမြို့နယ် အတွင်း ရခိုင်တိုင်းရင်းသား ၂ ဦးနှင့် ချင်းတိုင်းရင်းသား ၂ ဦး တို့ကိုလည်း AA နှင့် ဆက်စပ်သည်ဆိုကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးချုပ်နှောင်ပြီး စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ထို့ပြင် အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်များ ဖိတ်ကြားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရက္ခိုင့်တပ်တော် (AA) ခေါင်း ဆောင်များက တက်ရောက်ခြင်း မရှိသလို အောင်ခြေတွင်လည်း စစ်ရေးတင်းမာမှု မြင့်တက်နေသည့်အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ရခိုင်ကျေးရွာများသို့ ဝင်ရောက်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA /AA) ၏ အုပ်ချုပ်ရေး လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်နေသူများနှင့် ဆက်စပ်သူများကို ဖမ်းဆီးရန် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း ဒေသ သတင်းရင်းမြစ်များက ဆိုသည်။

You may also like these story:

ရခိုင်တွင် အရပ်သားများကို စစ်တပ်က ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်လာ

အကြမ်းဖက်မှုဖြင့် တရားစွဲခံရသည့် ရခိုင်ရွာသား ၁၀၀ ကျော် အမှု ကြန့်ကြာနေ

Loading