သတင်း

NUG က ရဲတပ်ဖွဲ့ ထူထောင်မည်

သီးခြားရဲတပ်ဖွဲ့ကို ဖွဲ့စည်းနေကြောင်း မြန်မာစစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က အင်္ဂါနေ့တွင် ကြေညာသည်။ ထိုသို့ကြေညာလိုက်ခြင်းသည် လွန်ခဲ့သောနှစ်က အာဏာသိမ်းသည့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးကို ဟန့်တားရန် အားထုတ်မှုများအနက် နောက်ထပ် အားထုတ်မှုဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြတ်ချပြီးနောက် မြန်မာနိုင်ငံသည် ဖရိုဖရဲဖြစ်နေသည်။ ထိုသို့ အာဏာသိမ်းလိုက်သောကြောင့် ဆယ်စုနှစ်တခုကြာသည့် ဒီမိုကရေစီစမ်းသပ်မှုသည် နိဂုံးချုပ်သွားပြီး ဗိုလ်ချုပ်များ အာဏာစွန့်လွှတ်ရန် ဖိအားပေးရေးအတွက် ဆုံးဖြတ်ထားသောအုပ်စုများက တနိုင်ငံလုံးတွင် ဆန့်ကျင်ကန့်ကွက်ကြသည်။

စစ်အုပ်စုသည် NUG အပါအဝင် ၎င်းတို့ကို ဆန့်ကျင်သူများအား အကြမ်းဖက်သမားများအဖြစ် ကြေညာထားသည်။ NUG သည် စစ်ကောင်စီဆန့်ကျင်ရေး အုပ်စုများ၏ မဟာမိတ်အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်အများစုသည် ပုန်းအောင်းနေထိုင်ကြရ၊ ပြည်ပတွင် သွားရောက် နေထိုင်ကြရသည်။

ပြည်သူက လက်ခံသော ရဲတပ်ဖွဲ့ကို ထူထောင်ပြီး ပြည်တွင်း တရားဥပဒေ စိုးမိုးရေးကို တာဝန်ယူတော့မည် ဖြစ်ကြောင်း NUG က ကြေညာသည်။

ထိုရဲတပ်ဖွဲ့၏တာဝန်မှာ ပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများ ကျူးလွန်သည့် အကြမ်းဖက် စစ်ကောင်စီကို အရေးယူရန်ဖြစ်သည်ဟု NUG ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့ကို မည်သည့်အချိန်တွင် မည်သို့ ထူထောင်ပြီး လုပ်ငန်းလည်ပတ်မည်နှင့် တပ်ဖွဲ့ဝင်များကို မည်သို့ စုဆောင်းမည်ကို လတ်တလော ရှင်းလင်းစွာ မသိရသေးပေ။

လွန်ခဲ့သောနှစ်မှ စတင်ပြီး NUG သည် ရန်ပုံငွေရှာရန်နှင့် အာဏာခိုင်မာအောင် လုပ်ရန် စစ်ကောင်စီ၏ အားထုတ်မှုများကို ဟန့်တားရေး လှုပ်ရှားမှုတခုကို ဦးဆောင်ခဲ့ပြီး အခွန်သပိတ်မှောက်ခြင်းမှသည် ပြည်ပတွင် ငွေတိုက်စာချုပ် ရောင်းချခြင်းနှင့် စစ်အာဏာသိမ်းခေါင်းဆောင်၏ နေအိမ်ကို လေလံတင်ရောင်းချခြင်းအထိ လုပ်ကိုင်နေသည်။

ပြည်သူ့ကာကွယ်ရေးစစ်တွင် ပြည်သူများအနေဖြင့် စစ်အုပ်စုကို ပုန်ကန်အုံကြွရန် NUG က လွန်ခဲ့သောနှစ်က တောင်းဆိုပြီး ကျေးလက်ဒေသများတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေး တပ်များ ဖွဲ့စည်းခြင်းကို ကြေညာခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာမှ တိုက်ပွဲများနှင့် မတည်ငြိမ်မှုများကြောင့် လူ ၇ သိန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂက ပြောသည်။

ကိုးကား။ ။ Reuters

You may also like these stories:

စစ်ကောင်စီ အလိုကျ မသင်္ကာဖွယ် ရန်ကုန် ဗုံးပေါက်ကွဲမှု

ခွင့်မလွှတ်နိုင်တဲ့အမှားနဲ့ နောက်ဆက်တွဲ အမုန်းမီးတောက်များ

သေဒဏ်ချ ကွပ်မျက်မည့် စစ်ခေါင်းဆောင်ဆုံးဖြတ်ချက် ပြည်တွင်း/ ပြည်ပ ကန့်ကွက် ရှုတ်ချ

လုံခြုံမှုကို ခြိမ်းခြောက်လာတဲ့ အငြိုးထားသတ်ဖြတ်မှုများ

Loading