အိုးဘိုထောင် အာဏာပိုင်များက နိုင်ကျဉ်းများကို ဓားဖြင့်ထိုးပြီး ရိုက်နှက်ဟုဆို
မန္တလေးအိုးဘိုထောင်တွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုရင်ဆိုင်နေရသည့် နိုင်ငံရေးအကျဉ်သားများ ကို ထောင်အာဏာပိုင်များက ဓားဖြင့်ထိုးကာ ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် တော်လှန်ရေး အင်အားစုများထံမှ သိရသည်။
ယခုလ ဇွန် ၅ ရက်တွင် ထောင်ဝန်ထမ်းနှင့် အကျဉ်းသားတချို့ စကားများရန်ဖြစ်ရာမှစ၍ ထောင်ပိုင်က ဓားဖြင့်ထိုး သည့် အတွက် ၂ ဦး စိုးရိမ်ရဒဏ်ရာ ရရှိထားကြောင်း ၎င်းတို့က ဆိုသည်။
“ဝန်ထမ်းနဲ့ စကားများတော့ ဝန်ထမ်းက စထိုးတာ။ ၅၀၅ သမားက ပြောတယ်၊ မင်းတို့ ငါတို့ကို လုပ်စရာမလိုဘူး။ ရာဇဝတ်သား မဟုတ်ဘူး၊ ဝန်ထမ်းက မင်းတို့က အချုပ်သားပဲ ပြောပြီး ထိုးတာ။ ၅၀၅ က ပြန်ထိုးတော့ ဝန်ထမ်း ၅/၆ ယောက်လောက်က ဝိုင်းထိုးကြတာ။ အခန်းထဲကရှိတဲ့ ကလေးတွေကလည်း ပြန်ထိုးတော့ တထောင်လုံးမှာ ရှိတဲ့ ဝန်ထမ်းတွေက ဝိုင်းလာပြီး ကျန်တဲ့အခန်းတွေ သော့ခတ် အဲဒီ အခန်းထဲက ကလေးတွေကို အကုန်ရိုက်တာ၊ ၂ ဦးကို ထောင်ပိုင်က ဓားနဲ့ထိုးတယ်။ ရိုက်တာ လက်လွန်တာလည်း ပါတယ်။ တချို့ကလေးတွေဆို ဒဏ်ရာရတဲ့ လူတွေလည်း ရှိတယ်” ဟု မန္တလေးမြို့၊ ပြည်ကြီးတံခွန်သပိတ်အင်အားစု အဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။
ထိုသို့ ရိုက်နှက်မှု ဖြစ်ပွားပြီးနောက် အကျဉ်းသား ၁၂ ဦးကို တိုက်ပိတ်ထားပြီး ၎င်းတို့ နေထိုင်သည့်အဆောင်မှ အခန်း တခုလုံးကိုလည်း သော့ပိတ်ကာ အဆက်အသွယ် ဖြတ်တောက်ထားကြောင်း၊ ဓားထိုးခံထားရသည့် ၂ ဦးအပြင် ဒဏ် ရာရရှိထားသူများ၏ ဆေးကုသခွင့် အခြေအနေများနှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းသိရှိနိုင်ခြင်း မရှိသေး ကြောင်း သိရသည်။
မန္တလေးမြို့ခံ ရှေ့နေတဦးက “ရန်ဖြစ်ကြပြီးတဲ့နောက် ထောင်က သံတုတ်တွေနဲ့ရိုက်တယ် ပြောတယ်။ ရုန်းရင်းဆန်ခတ် တော်တော် ဖြစ်သွားတယ်။ အကျဉ်းထောင် လက်စွဲအရကတော့ ဒါမျိုးပြုလုပ်လို့ မရဘူး။ ဒါပေမဲ့ လောလောဆယ် ထောင်ပိုင် ကလည်း စစ်တပ်က လာတာဆိုတော့ အကျဉ်းဦးစီးလက်စွဲ ဥပဒေဘောင်ကို ကျော်ပြီးလုပ်တာပေါ့။ သူက ခွင့်ပြုလို့ သာ ဒါမျိုးတွေ ဖြစ်ကုန်တာ” ဟု ပြောသည်။
အဆိုပါ အခြေအနေများကို မေးမြန်းစုံစမ်းရန် အိုးဘိုထောင်အာဏာပိုင်အား ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော် လည်း လက်ခံဖြေကြားပေးခြင်း မရှိပေ။
“ဒါမျိုးတွေက လုံးဝ မဖြစ်သင့်ဘူး။ ရာဇဝတ်သားလည်း မဟုတ်ဘူး။ ယုံကြည်ချက်တခုနဲ့ နိုင်ငံရေးမှာ စစ်အာဏာရှင် ကို မလိုလားလို့ ဆန္ဒပြရင်းနဲ့ ဖမ်းခံရတဲ့ကိစ္စမှာ အကျဉ်းထောင်ဆိုတာ နိုင်ငံရေးသမားတွေကို ထိန်းသိမ်းဖို့ တာဝန်ပဲ ရှိတာ။ ရိုက်နှက်ဖို့၊ ကြိမ်းမောင်းဖို့ တာဝန်မရှိဘူး။ ဓားနဲ့ထိုးတယ်ဆိုတာ မလုပ်သင့်မလုပ်ထိုက်တဲ့ဟာတွေ။ ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်နေတာ ဖြစ်တယ်” ဟု မန္တလေးမြို့က စစ်အာဏာရှင် ဆန္ဒပြပွဲများတွင် ပါဝင်နေသူတဦးက လည်း ပြောဆိုသည်။
အလားတူ ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၆၀ ကျော်ကိုလည်း ယနေ့ (မေ ၈ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက် ခေါ်ဆောင်သွားပြီးနောက် ထောင်တွင်းဆူပူမှုများ ဖြစ်နေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ကတည်းက ဘားအံထောင်ပိုင်က နိုင်ငံရေးအကျဉ်သားများကို ခိုးဆိုး၊ လုနှိုက်၊ မူးယစ်များ ထားရှိသည့် အဆောင်ကို ပြောင်းရွှေ့ရန် ဖိအားပေး လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်မခံသည့် နိုင်ငံရေးအကျဉ်သားများကို စစ် ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ထောင်ဝန်ထမ်းများက ရိုက်နှက်ညှဉ်းပန်းမှုများ ပြုလုပ်ခြင်းကြောင့် ဒဏ်ရာ ရရှိသူများ ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း အဆိုပါ ဘားအံအကျဉ်းထောင်တွင် ဆူပူမှု ဖြစ်ပွားခဲ့သေးသည်။
စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဇွန် ၇ ရက်ထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၀,၉၇၆ ဦးရှိပြီး ၎င်းတို့အနက် ၁,၁၁၉ ဦးမှာ ထောင်ဒဏ် ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ထားချက်အရ သိရသည်။