မိုးဗြဲသို့ တက်လာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ပြန်ဆုတ်သွား
ကယားပြည်နယ် လွိုင်ကော်မြို့မှ မိုးဗြဲမြို့သို့ တိုက်ခိုက်ရန် လာသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီ စစ်ကြောင်း သည် ကရင်နီမဟာမိတ်ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံရပြီးနောက် ယနေ့တွင် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
ယင်း စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ နံနက် ၈နာရီခွဲခန့်က လွိုင်ကော်မှ ချီတက်လာပြီး မိုးဗြဲမြို့ ဘီလူးချောင်း နံဘေးရှိ ညောင်ဝိုင်းရပ်ကွက်အရောက်တွင် ကရင်နီမဟာမိတ်တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
KNDF ပြန်ကြားရေးတာဝန်ရှိသူတဦးက “ဒီမနက်ပိုင်းမှာတော့ တိုက်ပွဲက ငြိမ်သွားပါပြီ။ မိုးဗြဲမြို့ခံ စစ်တပ်ကတော့ မိုးဗြဲမှာ ရှိနေတုန်းပဲ။ ဒါပေမဲ့ လွိုင်ကော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကတော့ ပြန်ဆုတ်သွားပြီလို့ သိရတယ်။ စစ်ရေးကတော့ တင်းမာနေတယ်။ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့ အနေအထားတော့ ရှိပါတယ်။ ထိတွေ့ တိုက်ပွဲတွေ ဖြစ်နိုင်တဲ့ အနေအထားတော့ ရှိပါတယ်” ဟု ပြောသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်မှုတွင် ကရင်နီမဟာမိတ်ပူးပေါင်းတပ်များဘက်မှ ဖယ်ခုံ PDF၊ မိုးဗြဲ PDF၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF)၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၃၊ ၁၁၊ ၁၂ နှင့် ရှမ်း တောင်ပြည်သူ့ကာကွယ်ရေးတပ် (SSRY) တပ်ရင်း-၁၀၀၈ တို့ ပါဝင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲမှာ ညနေ ၃ နာရီခွဲထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ မိုးဗြဲအခြေစိုက် အမှတ် ၄၄၂ ခြေလျင်တပ်ရင်းနှင့် လွိုင် ကော်အခြေစိုက် စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ကရင်နီမဟာ မိတ်ပူးပေါင်းတပ်များက ဆိုသည်။

KNDF ပြန်ကြားရေးတာဝန်ခံက “သူတို့က ရပ်ရွာထဲမှာဆိုတော့ ကျနော်တို့ ဘက်ကလည်း တိုက်ပွဲ အပြင်းအထန် ဖော် လို့မရခဲ့ဘူး။ ဟိုဘက်ဒီဘက် အပြန်အလှန်ချောင်းမြောင်း ပစ်ခတ်တာတွေ ရှိတယ်။ သူတို့ဘက်ကနေ လက်နက်ကြီး နဲ့ ပစ်တာတွေရှိတယ်။ နေ့လယ်ပိုင်းလောက်မှာတော့ သူတို့ဘက်ကို စစ်ကူလွှတ်တဲ့ အဖွဲ့တွေကို ကျနော်တို့ဘက်က ကြားဖြတ်တိုက်တယ် တိုက်ပွဲတွေကတော့ နည်းနည်း ပြင်းထန်တယ်လို့ ပြောလို့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နှစ်ဖက်ပစ်ခတ်မှုများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးပြီး ကရင်နီမဟာမိတ်ပူးပေါင်းတပ်များဘက်မှ ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရမှု ရှိကြောင်း သိရသည်။
တိုက်ပွဲကြောင့် မိုးဗြဲမြို့ဒေသခံ ၁၀၀၀ ခန့်မှာလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ ထံမှ သိရပြီး၊ စစ်ကောင်စီဘက်မှ ပစ်သည့် လက်နက်ကြီးကြောင့် မိုးဗြဲမြို့ခံ အမျိုးသမီး ၂ ဦး ဒဏ်ရာ ရကာ အမျိုး သမီးကြီး ၁ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ကြောင်း၊ နာမကျန်းဖြစ်နေသော အမျိုးသား ၁ ဦးမှာလည်း လက်နက်ကြီးကြောင့် ထိတ်လန့်ပြီး ကွယ်လွန်သွားခဲ့ကြောင်း မိုးဗြဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) က သတင်းထုတ်ပြန်သည်
လွိုင်ကော်မှ ချီလာသည့် စစ်ကောင်စီ စစ်ကြောင်းမှာ အကြီးစားစစ်ဆင်ရေး မဟုတ်ဘဲ အငယ်စားစစ်ဆင်ရေးတခုသာ ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၎င်း၏တပ်များကို အင်အားဖြည့်တင်းထား ကာ တပ်ဖြန့် ထားရသဖြင့် ကယားပြည်နယ်တွင် ထိုးစစ်ကြီးဆင်နွှဲရန် စစ်သည်အင်အား မပို့ပေးနိုင်ဘဲ ရှိနေသည် ဟုလည်း မြန်မာနိုင်ငံအခြေစိုက် တိုင်းရင်းသားအရေးလေ့လာသူတဦးက သုံးသပ်ပြောဆိုသည်။
“စစ်ဆင်ရေး အကြီးကြီးတော့ မလုပ်နိုင်သေးဘူးလို့ ထင်တယ်။ လွိုင်ကော်တို့၊ မိုးဗြဲတို့တဝိုက်မှာ KNDF နဲ့ ကရင်နီ မဟာမိတ်တွေက တိုးတိုးလာရင် ပြန်လှုပ်ရှားတာမျိုး စစ်ဆင်ရေး အငယ်စားပဲ ရှိနိုင်တယ်။ ကယားက အင်အား ကောင်းလာတဲ့အချိန် လက်နက်လည်း တပ်ဆင်လာနိုင်တယ်။ လူအင်အားလည်း ကောင်းလာတဲ့အချိန်မှာ စစ်တပ် ဘက်က တပ်အင်အား ထပ်မဖြည့်နိုင်ဘူး။ တပ်အင်အား မဖြည့်နိုင်တဲ့အတွက် သူတို့ အခုဖြစ်နေတဲ့ အနေအထားက မြို့တွေကို ထိန်းထားရုံပဲ ရှိတယ်။ ဒါတောင်မှ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းနိုင်တဲ့အဆင့် မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။

လာမည့် မိုးရာသီကာလများတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုထက် ကရင်နီမဟာမိတ်တပ်များဘက်က မြို့များအတွင်း လျှပ်တပြက်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် စစ်ကောင်စီ၏ လှုပ်ရှားမှုကို စောင့်ကြည့်ကာ ကြားဖြတ်တိုက်ခိုက်မှုများ ပိုလုပ်လာနိုင်ကြောင်း စစ်ရေးနှင့် တိုင်းရင်းသားအရေး လေ့လာသူများက သုံးသပ်သည်။
တကောင်းနိုင်ငံရေးလေ့လာမှုအင်စတီကျုနှင့် အမေရိကန်အခြေစိုက် Wilson စင်တာက ပူးပေါင်းပြုစုထားသည့် One Year : The Momentum of Myanmar’s Armed Rebellion စာတမ်းအရ ကယား (ကရင်နီ) ပြည်နယ်တွင် အာဏာ သိမ်းမှု ဆန့်ကျင်သည့် တိုက်ခိုက်ရေးသမား ၂၀,၀၀၀ ကျော်ရှိပြီး ၎င်းတို့ထဲမှ ၁၀ ရာခိုင်နှုန်းမှာ ချေမှုန်းရေးရိုင်ဖယ်များ ကိုင်ဆောင်ထားနိုင်ကြောင်း သိရသည်။
ကျန်တပ်ဖွဲ့ဝင်များမှာ ချေမှုန်းရေးရိုင်ဖယ်များ မကိုင်ဆောင်နိုင်သော်လည်း လက်လုပ်ရိုင်ဖယ်များ ကိုင်ဆောင်ထားကြ ကြောင်း စာတမ်းတွင် ပါရှိသည်။
ထို့ပြင် လက်ရှိ ကယားပြည်နယ်ရှိ စစ်ကောင်စီတပ်များသည် သတင်းအချက်အလက် ရရှိမှုနှင့် လူထုထောက်ခံမှု မရှိ ခြင်းကြောင့် မြို့များအား ထိန်းချုပ်နိုင်ရန်သာ ရုန်းကန်နေရပြီး လာမည့် မိုးရာသီတွင် ကရင်နီပူးပေါင်းတပ်များက မြို့တော်လွိုင်ကော် အပါအဝင် ကယားပြည်နယ်ရှိ မြို့များအား ဝင်ရောက် စစ်ဆင်တိုက်ခိုက်မှု ပြုလုပ်လာနိုင်ကြောင်း လည်း သုံးသပ်ရေးသားထားသည်။
You may also like these stories:
ကယားပြည်နယ်မှာ အာဏာသိမ်းတပ် စစ်အင်အားတိုးမြှင့်နေ
လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် ဒလန် ရှင်းလင်းရေး လုပ်မည်ဟု KNDF သတိပေး