သတင်း

မြင်းမူမြို့နယ်တွင် စစ်ဘေးရှောင်များကို စစ်ကောင်စီ ပစ်သတ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကံဖျားရွာ မြတ်စောညီနောင်ဘုရားအနီး ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ဘေးရှောင် များကို စစ်ကောင်စီက ပစ်သတ်ရာ ၁၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန် ၆ ရက်တွင် စစ်ကောင်စီတပ်များသည် ကံဖျားရွာသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် မွှေနှောက်ခဲ့ပြီး နောက် အဆိုပါ စစ်ဘေးရှောင်များအား ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်များ၏ ပြောပြချက်ကို ကိုးကား၍ မြင်းမူ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“ပုန်းနေတဲ့ အမျိုးသား ၃ ယောက်ကိုခေါ်ပြီး လက်ကိုခေါင်းပေါ်တင် ထိုင်ခိုင်းပြီး ဘုန်းကြီးကျောင်းဝင်းထဲမှာ ပုန်းနေတဲ့ ပြည်သူ ၈၀ လောက်ကို ထပ်ခေါ်တယ်။ ပြည်သူတွေရှေ့တင်ပဲ မပြေးတဲ့သူ ပစ်သတ်မှာဆိုပြီး ပထမ ထိုင်ခိုင်းထားတဲ့ အမျိုးသား ၃ ယောက်ကို ပစ်သတ်လိုက်တာပဲ။ ပြီးတော့မှ အမျိုးသား၊ အမျိုးသမီး ခွဲပြီးတော့ အမျိုးသား ၅၀ လောက် ကို မီးရှို့ထားတဲ့ ဘုန်းကြီးကျောင်းနဲ့ ဘုရား ကြားထဲကို ပြေးခိုင်းတာ။ အဲဒီမှာ မပြေးတဲ့သူ ပစ်သတ်မယ်ဆိုပြီး ၁၊ ၂၊ ၃၊ ၄၊ ၅ ဆိုပြီး ပစ်သတ်တာဗျ” ဟု ၎င်းက ဆိုသည်။

အသက် ၅၀ နှစ်အရွယ် ၂ ဦး အပါအဝင် အသက် ၃၀ မှ ၁၆ နှစ်အရွယ်ထိ စစ်ဘေးရှောင်ပြည်သူ အမျိုးသား ၁၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးမှာ ပေါင်တွင် သေနတ်မှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ ရုပ်အလောင်းများကို ဇွန် ၇ ရက် နေ့လယ်ပိုင်းတွင် မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းမူ PDF) က မီးသဂြိုဟ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုနေ့က စစ်ကောင်စီ တပ်သားများသည် ကံဖျားရွာအတွင်းသို့ ဝင်ရောက်ပြီး စားနပ်ရိက္ခာများ ယူဆောင်၍ ယင်း ပစ္စည်းများကို သယ်ယူရန်အတွက် ဘုန်းကျောင်းအတွင်းရှိ ပုန်းခိုနေသော ပြည်သူများထံမှ ဆိုင်ကယ်ငှားရာ ဒေသ ခံများက မပေးသဖြင့် ၁ ဦးကို နေရာ၌ပင် ပစ်သတ်ခဲ့ကြောင်း၊ ဆိုင်ကယ်ထဲတွင် လက်နက်လုပ်သေနတ် အတို ၁ လက်ကို တွေ့ရှိပြီး စစ်ဆေးမေးမြန်းရာမှ စတင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မျက်မြင်ကြုံခဲ့ရသည့် မြင်းမူမြို့နယ် ဒေသခံတဦးက “ပစ်သတ်လို့ သေဆုံးသွားတာက အလောင်းက ၆ လောင်း။ သူတို့ မပြေးခိုင်းခင် လက်ကို ခေါင်းပေါ်တင်ပြီးတော့ သူတို့ကိုကြည့်၊ မကြည့်ရင် ပစ်သတ်မှာဆိုပြီး ၃ ယောက်ကို ပစ်သတ် တယ်။ နောက်ပြီးတော့ သာသနာ့နယ်မြေဖြစ်တဲ့ ဘုန်းကြီးကျောင်းဆောင်ကို မီးရှို့တော့လည်း အထဲမှာ ၂ ယောက် ပါသွားတယ်။ အားလုံး ပေါင်း ၁၁ ယောက် သေဆုံးသွားတယ်။ ကံဖျားရွာက ရွာသားတွေ ဖြစ်တယ်” ဟု အတည်ပြု ပြောဆိုသည်။

လက်ရှိအချိန်တွင် ဒေသခံများ အနေဖြင့် ကြောက်လန့်နေပြီး ရွာနီးစပ်ဝန်းကျင်ရှိ တောတောင်များထဲတွင် ခိုလှုံနေရ ကြောင်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်များက ရသလောက် အလှူခံ၍ စားသောက်ရေးအတွက် ဖြေရှင်းနေရကြောင်း ၎င်းက ပြောသည်။

အာဏာသိမ်း စစ်တပ်သည် စစ်ဘေးရှောင်ပြည်သူများကို ပစ်သတ်ရုံသာမက မြတ်စောညီနောင်ဘုရားရှိ အာရုံခံ တန်ဆောင်း၊ တောရကျောင်းနှင့် ဘုန်းကြီးကျောင်းဆောင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံများ၏ ဆိုင်ကယ် အစီးရေ ၁၀၀ ဝန်းကျင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ဒီလို ကိစ္စတွေက ကျနော်တို့ အရင်က ဇာတ်ကားတွေထဲမှာပဲ မြင်ဖူးတာဗျ။ လူတွေကို ပြေးခိုင်းပြီး ပစ်သတ်တယ်ဆို တာက။ အခုကတော့ လက်တွေ့ မြင်ရတာဆိုတော့ စစ်ကောင်စီတပ်သားတွေရဲ့ လုပ်ရပ်က တော်တော်ကို ယုတ်မာပြီး ရက်စက် ကြမ်းကြုတ်တယ်။ ဒီအတွက်လည်း ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး ဗျ” ဟု မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုသည်။

မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သား အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကြောင်းသည် ယခုကဲ့သို့ ရွာသားများကို သတ်ဖြတ်သွားခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်သည် မြင်းမူမြို့နယ်၊ စံတင်ကင်းကျေးရွာအတွင်း တပ်စွဲထားသည်ဟု သိရကြောင်း ဒေသခံများက ပြောသည်။

Loading