စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးထောင်ဘို့ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် အနီးဝန်းကျင်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ဆက်တိုက် ပြုလုပ်နေကြောင်း ဒေသခံ များထံမှ သိရသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ကိုးထောင်ဘို့ကျေးရွာတွင် လွန်ခဲ့သည့် ၂ လကျော်ကတည်းက တပ်စွဲထားခြင်း ဖြစ်ပြီး ဇွန် ၅ ရက်မှ စတင်ကာ ကိုင်းမ၊ နှောကုန်း၊ လျှော်ဖြူကုန်း၊ ဇီးကနား၊ ဇော်ချောင်း၊ အလယ်ခုံ စသည့် ကျေးရွာများ အား မီးရှို့ခြင်းများကြောင့် နေအိမ် ၄၀၀ ကျော်ထိ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် ကန့်ဘလူမြို့နယ်အတွင်း ဇွန် ၂ ရက်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့နေခြင်းများကြောင့် ကိုးထောင်ဘို့၊ လျှော်ဖြူကုန်း၊ နှော ကုန်း၊ ကိုင်းမ၊ ကျွန်းကုန်း၊ ပေါက်ကုန်း၊ ဇီးကနား၊ ချပ်ကုန်း၊ ကံကြီး၊ ဇော်ချောင်း၊ အလယ်ခုံ စသည့် ကျေးရွာ ၁၁ ရွာမှ ဒေသခံများမှာလည်း စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
ကိုးထောင်ဘို့ဒေသခံတဦးက “ကိုးထောင်ဘို့မှာ အထိုင်ချထားတဲ့တပ်က နောက်ချန်အင်အား ၃၀ ကျော်လောက် ချန်ထား ပြီး အင်အား ၈၀ ကျော်နဲ့ ရွာစဉ်ပတ်မွှေ၊ လက်နက်ကြီးတွေနဲ့ထု၊ မီးရှို့တာတွေ လုပ်နေကြတာ။ ဇွန် ၈ ရက်ကလည်း ဇော် ချောင်းနဲ့ အလယ်ခုံရွာကို မီးတင်ရှို့ခဲ့ကြတာ။ မီးလောင်တဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးဘူး။ အခုနောက်ပိုင်း ဒီကောင်တွေက အရပ်သားတွေကို ပစ်မှတ်ထားပြီး လုပ်လာကြတယ်။ အဲဒါကြောင့် ရွာခံတွေ ထွက်ပြေးနေကြရတာ” ဟု ဧရာဝတီသို့ ပြောသည်။
ဇွန် ၁ ရက် ညပိုင်းက ကိုးထောင်ဘို့ကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် နေအိမ် ပေါ်ကျပြီး အသက် ၅၆ နှစ်အရွယ် ဦးကျော်စိုး၊ သမီးဖြစ်သူ အသက်၂၆ နှစ်အရွယ် မလဲ့လဲ့စိုးနှင့် မြေးဖြစ်သူ အသက် ၈ နှစ်အရွယ် မောင်ဇင်ဖုန်းပြည့်တို့ သေဆုံးခဲ့ပြီးနောက် ဇွန် ၂ ရက်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကိုးထောင်ဘို့ရွာထဲကို ထင်တိုင်းကြဲ သောင်းကျန်းနေတဲ့ စစ်ခွေးတွေရဲ့ လုပ်ရပ်ကို မခံမရပ်နိုင်ဖြစ်လာလို့ ၂ ရက်နေ့ မနက် အစောပိုင်းမှာ ကျနော်တို့ ဒေသကာကွယ်ရေးအင်အားစုတွေ စုဖွဲ့ပြီး စတင် တိုက်ခိုက်ခဲ့ပါတယ်။ ၃ ရက်အထိ တိုက်ပွဲက ပြင်းထန်ခဲ့တယ်။ အဲဒီမှာ စစ်ခွေးတွေဘက်က အထိခိုက်ပျက်စီးမှု များလာတော့ နေ့လယ်ပိုင်းမှာ ရဟတ်ယာဉ် ၃ စီးနဲ့ တိုက်ခိုက်လာလို့ ကျနော်တို့ ဆုတ်ခွာပေးခဲ့ရတယ်” ဟု Kanbalu Tiger Rangers တပ်ဖွဲ့မှ ဗိုလ်တိုက်ဂါးက ပြောသည်။
ဇွန် ၂ ရက် နံနက်အစောပိုင်းမှ ဇွန် ၃ ရက် မွန်းလွဲပိုင်းထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် အချို့အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် အမည်မသိ ပြည်သူ ၂ ဦး သေဆုံးခဲ့ရ ကြောင်းလည်း Kanbalu Tiger Rangers တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ထိုသို့ တိုက်ပွဲ ပြင်းထန်လာမှုကြောင့် ဇွန် ၃ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီက ရဟတ်ယာဉ် ၃ စီးဖြင့် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် တပ်ဖွဲ့ဝင် ၁၀၀ ခန့်ကိုလည်း ရဟတ်ယာဉ်ဖြင့် ချထားခဲ့ကြောင်း၊ ကိုးထောင်ဘို့ကျေးရွာရှိ စစ်ကောင်စီ တပ်ဖြင့် သွားရောက် ပူးပေါင်းခဲ့ပြီးနောက် ကိုးတောင်ဘို့ကျေးရွာ အပါအဝင် အနီးဝန်းကျင် ကျေးရွာများကို ဇွန် ၂ ရက်မှ စတင်ကာ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်သည် ဇွန် ၅ ရက်တွင် အိမ်ခြေ ၃၀၀ ခန့် ရှိသော ကိုင်းမရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ကွက်သစ် ကျေးရွာ၊ အောင်သဒ္ဓိကျောင်းဝင်းအတွင်း တပ်စွဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ ကြောင်း၊ ဇွန် ၆ ရက်တွင် အိမ်ခြေ ၂၅၀ ကျော်ရှိသော လျှော်ဖြူကုန်းကျေးရွာမှ နေအိမ် ၁၄၀ ကျော်၊ နှောကုန်းကျေးရွာမှ နေအိမ် ၄၀ ကျော်နှင့် ကျွန်းကုန်းကျေးရွာမှ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“လျှော်ဖြူကုန်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်တွေလည်း ပါတယ်။ ကြံ့ခိုင်ရေးအမာခံ နေအိမ်တွေလည်း ပါတယ်။ ပြီးတော့ မုံရွာမှာ Non-CDM အနေနဲ့ ရှိနေတဲ့ ဒုရဲအုပ်အမျိုးသမီးရဲ့ မိဘတွေအိမ်လည်း ပါသွားတယ်။ လျှော်ဖြူ ကုန်းကို မလောင်မချင်း သေချာစောင့်ကြည့်ပြီး တအိမ်ခြင်းကို မီးရှို့ခဲ့ကြတာ” ဟု Kanbalu Underground Warriors (KBU) မှ ဗိုလ်ရသက ပြောသည်။
ကိုင်းမကျေးရွာအား ဝင်ရောက်မီးရှို့စဉ် ဒေသခံ ၄၀ ကျော် ဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေခဲ့ရာ စစ်သားများက ပိတ်မိ နေသူများကို စစ်ဆေးမေးမြန်းကာ ၎င်းတို့ထွက်ခွာပြီး ၁ နာရီပြည့်မှ ဘုန်းကြီးကျောင်းဝင်းမှ ထွက်ကြရန် မှာကြားကာ ဖုန်း ၅ လုံး သိမ်းယူသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့နောက် ၁ နာရီကျော် ကြာချိန်တွင် ပိတ်မိနေသည့် ရွာသားများနှင့် အခြားရွာသားများက မီးလောင်နေသည်ကို ဝိုင်းဝန်း မီးငြှိမ်းသတ်နေစဉ် စစ်ကောင်စီတပ်က ထပ်မံဝင်ရောက်လာပြီး မီးငြှိမ်းသတ်သူ ၆၀ ခန့်ကို ကြိုးတုပ်ဖမ်းဆီးကာ ၂ နာရီ ကျော်ကြာထိ နေလှန်းခဲ့ကြောင်းလည်း ၎င်းတို့က ဆိုသည်။
ထို့အတူ နှောကုန်းကျေးရွာတွင်လည်း စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း ကျန်ရှိသူများကို ဖမ်းဆီးကာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) အမာခံနေအိမ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အား ထောက်ပံ့ကူညီသူများ၏ နေအိမ် များကို လိုက်လံပြသခိုင်းပြီး မီးရှို့ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ကတော့ မဟာမိတ်တွေနဲ့ စုစည်းပြီး ချေးမှုန်းနေကြပါတယ်။ သူတို့က လူ၊ လက်နက် သာလွန် အင်အားတွေအပြင် လေကြောင်းကပါ တိုက်နေတော့ မယှဉ်နိုင်ဘူး ဖြစ်နေတယ်။ အဓိက ကျနော်တို့က လက်လုပ်သေ နတ်တွေပဲ အများဆုံး ရှိတာဆိုတော့ မိုင်းကိုပဲ အဓိကထားသုံးပြီး တိုက်နေကြတာ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အဝေးထိန်း မိုင်း မိပြီးတော့ သေသွားတဲ့ စစ်သားတွေကို ယူနီဖောင်းတွေနဲ့ ပစ်ထားခဲ့တာ တွေ့တယ်။ ပြီးတော့ အောင်သာရွာအနီးမှာလည်း စစ်သားတွေလို့ ထင်ရတဲ့ အလောင်း ၄ လောင်းကို မီးရှို့ထားတာလည်း တွေ့ရတယ်” ဟု KBU အဖွဲ့မှ ဗိုလ်ရသက ဒေသ တွင်း အခြေအနေများကို ရှင်းပြသည်။
ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့် မေလလယ်အတွင်းကလည်း ချပ်သင်းစခန်းနှင့် ချပ်ကြီးကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဦးကင်းကြည်၊ တင်မော်၊ ပိတောက်ပင်၊ အုပ်ခင်း၊ ပုဏ္ဏားကြီးကျေးရွာများကို ရွာစဉ်လှည့်လည် မီးရှို့ခဲ့ကြ သဖြင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ယခုအခါ စစ်ကောင်စီတပ်သည် အင်အားဖြည့်တင်းကာ ကန့်ဘလူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှု ပိုမိုပြုလုပ်လာပြီး ကန့် ဘလူ-နတ်အင်း-စံပယ်နံ့သာ လမ်းကြောတလျှောက် ကင်းပုန်းများ ချထားကြောင်း၊ အချို့ကျေးရွာများအတွင်း အထိုင်ချ တပ်စွဲထားသလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ဖြတ်တောက်ထားကာ စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာကြောင်း၊ ထိုသို့သော အခြေအနေများနှင့် တိုက်ပွဲများလည်း နေ့ညအချိန်မရွေး ဖြစ်လာနိုင်သဖြင့် ယခုရက်ပိုင်း ခရီးသွားလာခြင်းများ မပြုလုပ်သင့်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်သတိပေးထားသည်။