လယ်သမားများမှာ စိုက်ပျိုးစရိတ်ကြီးမြင့်မှုနှင့် လယ်ယာလုပ်သား ရှားပါးလာမှုတို့နှင့် ရင်ဆိုင်နေရသဖြင့် ယခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် အခက်အခဲများ ဖြစ်နေကာ စိုက်ပျိုးဧက လျော့ကျနိုင်ကြောင်း သိရသည်။
စိုက်ပျိုးရေး လုပ်ငန်းတွင် မရှိမဖြစ် လိုအပ်သည့် ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး စသည့်တို့ ဈေး တက်ခြင်း၊ လယ်ယာသုံး စက်ကိရိယာများ မောင်းနှင်ရန် စက်သုံးဆီဈေး မြင့်လာခြင်းတို့အပြင် နိုင်ငံစီးပွားရေး အကျပ်အတည်းများကြောင့် လုပ်နိုင်ကိုင်သော လယ်ယာလုပ်ကိုင်မည့် လူငယ်၊ လူရွယ်များ ပြည်ပနိုင်ငံများသို့ ထွက်ခွာမှုမှာ တနေ့ထက်တနေ့ များလာခြင်းတို့က မိုးစပါး စိုက်ပျိုးရန် ခက်ခဲလာခြင်း ဖြစ်ကြောင်း လယ်သမားများက ပြောသည်။
လယ်သမားဘဝ ဖွံ့ဖြိုးရေး အသင်း၏ ဥက္ကဋ္ဌ ဦးသိန်းအောင်က “သွင်းအားစုတွေဖြစ်တဲ့ မြေဆီ၊ ပေါင်းသတ်ဆေး၊ အပင်အားဆေး စတာတွေ မကျွေးနိုင်တဲ့အတွက် အခက်အခဲတွေ အများရှိတယ်။ ဒါကြောင့် စိုက်ဧကတွေ လျော့ကျ တာ ရှိတယ်။ နောက်ပြီး စိုက်တဲ့ လယ်သမားကလည်း သွင်းအားစုကို မလိုက်နိုင်တော့ စိုက်လည်း အထွက်နှုန်း နည်း တာတွေ ရှိမှာ။ ဒီနှစ်က မြေဩဇာကုမ္ပဏီတွေကလည်း အကြွေး မချပေး၊ လက်ငင်းကလည်း စိုက်စရာ မရှိ၊ အဲဒီတော့ လယ်ထွန်ဖို့တောင်မှ ထွန်ယက်ခတောင် ပေးစရာ မရှိတော့ ခက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုအခြေအနေများကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူ၊ ဇလွန်၊ ဓနုဖြူ၊ ကျူံပျော်၊ ကျောင်း ကုန်း၊ ညောင်တုန်း၊ အိမ်မဲ၊ ကန်ကြီးထောင့်၊ ရေကြည် အစရှိသည့် ဒေသများတွင် မိုးစပါး စိုက်ပျိုးရန် ပျိုးများ ကြဲပြီးပြီ ဖြစ်သော်လည်း မြေဩဇာကျွေးရမည့် အချိန် ရောက်ပါက ဓာတ်မြေဩဇာ ဝယ်ယူရန် အရင်းနှီးများ မရှိသလို ကုမ္ပဏီ များကလည်း အကြွေးယူ၍ မရသောကြောင့် အခက်အခဲ ဖြစ်နေသည်ဟု ၎င်းက ရှင်းပြသည်။
ထို့ကြောင့် ဧရာဝတီအထက်ပိုင်း ဒေသများရှိ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်၊ ပုသိမ်ခရိုင် အစသည့် ဒေသများတွင် ယခု နှစ် မိုးစပါး မစိုက်ပျိုးနိုင်သည့်ဧကမှာ များပြားလာကြောင်း ဦးသိန်းအောင်က ပြောသည်။
ယခင်နှစ်များက မိုးစပါး စိုက်ချိန် ရောက်လျှင် တောင်သူများထံ ဓာတ်မြေဩဇာ ကုမ္ပဏီများက စပါးပေါ်ပေး သို့မဟုတ် အတိုးယူကာ အကြွေးချပေးခြင်းကို သူ့ထက်ငါအပြိုင် လုပ်ဆောင်သော်လည်း ယခုနှစ်တွင် စီးပွားရေး ကျပ်တည်းလာ ခြင်းကြောင့် ကုမ္ပဏီများက အကြွေးချပေးခြင်း မရှိတော့ကြောင်း ဦးသိန်းအောင်က ပြောသည်။
ဆယ်လက်၍ ၎င်းက “လက်ငင်း ဝယ်နိုင်မှ လုပ်လို့ ရမယ်။ ဈေးကလည်း ကြီးတယ်။ အဲဒါနဲ့တင် အခက်အခဲက ဖြစ် တာပဲ။ အကြွေးရရင်တော့ တောင်သူက စိုက်ပျိုးစရိတ် ရှုံးကာမှ ရှုံးရော လုပ်ဦးမှာ။ လယ်သမားဆိုတာ လယ် မလုပ်ဘဲ မနေနိုင်ကြဘူးလေ။ အခုကတော့ မလုပ်နိုင်ကြတော့ဘူး” ဟု ဆိုသည်။
ပြီးခဲ့သည့်၂၀၁၉ ခုနှစ်က မိုးစပါး တဧက စိုက်ပျိုးစရိတ်မှာ ကျပ် ၃ သိန်းကျော်သာ ကုန်ကျခဲ့ပြီး အာဏာသိမ်းပြီး နောက် စိုက်ပျိုးစရိတ်များ မြင့်တက်လာကာ ယခု ၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက်ရာသီတွင် တဧက စိုက်စရိတ် ကျပ် ၅ သိန်းကျော်အထိ ကုန်ကျကြောင်း လယ်သမားများက ပြောသည်။
ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ လယ်သမားတဦးက “သွင်းအားစုဈေး မြင့်တာနဲ့ အကြွေးမရတဲ့အပြင် နောက်တခု အခက်အခဲကလည်း ရှိသေးတယ်။ လယ်ယာ လုပ်သားပေါ့။ ဒီမှာရှိတဲ့ တော်တော်များများကတော့ အခုချိန်မှာတော့ ထိုင်း၊ မလေးရှား စတာတွေကို ထွက်ကုန်ကြပြီ တော်တော်များများ မရှိတော့ဘူး။ ဒါကြောင့်လည်း လယ်စိုက်တဲ့သူ လျော့သွားတယ်” ဟု ပြောပြသည်။
မိုးရာသီမှာ မြန်မာ့လယ်သမားများအတွက် စိုက်ပျိုးရန် ကောင်းမွန်သည့် ရာသီဖြစ်သော်လည်း စစ်တပ် အာဏာ သိမ်းခြင်း၏ အကျိုးဆက် ကုန်နှုန်းကြီးမြင့်မှုနောက်ကို မလိုက်နိုင်၍ လယ်မစိုက်နိုင်သလို စစ်ကိုင်း၊ မကွေးတိုင်းနှင့် ချင်း၊ ကယားပြည်နယ်တို့ရှိ စပါးစိုက်ပျိုးရာ နေရာအချို့တွင်လည်း စစ်ကောင်စီ၏ တိုက်ပွဲများနှင့် ကျေးရွာများကို မီးရှို့ခြင်း၊ သီးနှံစိုက်ခင်းများ ဖျက်ဆီးခြင်း၊ မျိုးစပါးများ မီးရှို့ခြင်း အစရှိသည်တို့ကြောင့် လယ်သမားများ မှာ စစ်ဘေး ဒုက္ခသည် ဘဝသို့ ရောက်ကာ လယ်မစိုက်နိုင်ခြင်းတို့လည်း ရှိနေသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အနည်းဆုံး ဒေသတခုဖြစ်သည့် ရခိုင်ပြည်နယ်မှာပင် ဓာတ်မြေဩဇာ ၁ အိတ်မှာ ယခင် ကျပ် ၂ သောင်းကျော်သာရှိရာမှ ယခုအချိန်တွင် ကျပ် ၁ သိန်းကျော်အထိ စိုက်ပျိုးစရိတ်များ မြင့်တက်နေသဖြင့် ယခု နှစ် ၅၀ ရာခိုင်နှုန်းခန့်မှာ ထွန်ယက်စိုက်ပျိုးနိုင်မည် မဟုတ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူ လယ်သမား သမဂ္ဂက ခန့်မှန်းထားကြောင်း သိရသည်။
ဆန်စပါး စိုက်ပျိုးမှု များပြားသည့် ပဲခူးတိုင်းရှိ လယ်သမားများအနေဖြင့်လည်း သွင်းအားစုနှင့် စက်သုံးဆီဈေးနှုန်းများ ဈေးမြင့်နေမှုကြောင့် လယ်ယာစိုက်ပျိုးရန် တွက်ခြေကိုက်မှု မရှိတော့ကြောင်း ပြောဆိုကြသည်။
ပဲခူးတိုင်း အနောက်ခြမ်းက လယ် ၁၇ ဧက စိုက်ပျိုးထားသော လယ်သမားကြီး တဦးက “ဒီနှစ်ကတော့ သွင်းအားစု ဈေးက များတယ်။ ထွန်စက်နဲ့ လယ်ကို ထွန်ရင်တောင် တလွှာကို ဒီဇယ်ဖိုးက ကျပ် ၄ သောင်းလောက် ရှိတယ်။ ဝယ် မရတာ ရှိသေးတယ်။ မြေဆီက တဧကကို ၃ အိတ်လောက် ပက်ရတာ။ နွေတုန်းက ၁ အိတ်ကို ကျပ် ၉ သောင်းကျော် အခု ၁ အိတ်ကို ကျပ် ၁ သိန်းကျော်တယ်။ ဒါက အကြွေးဈေးနော် ၃ ကျပ်တိုးပေးရတယ်။ တချို့ တွေ မလုပ်နိုင်ဘူး။ ကျနော်က လုပ်နိုင်တယ်ဆိုတာ သားသမီးတွေကလည်း အရွယ်ကောင်းတွေ လုပ်နိုင်တယ်။ ထွန်စက် ဘာညာလည်း ရှိတယ်။ ငွေကြေးလည်း အတန်အသင့်ရှိလို့သာ လုပ်နိုင်တာ” ဟု ပြောပြသည်။
ယခုလို ဖြစ်လာခြင်းက မြန်မာနိုင်ငံ၏ လာမည့် ကာလတခုတွင် ပြည်သူများ စားနပ်ရိက္ခာ ရှားပါးမှုနှင့် ကြုံတွေ့ရမည့် အခြေအနေကို ဖြစ်စေနိုင်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ထားသလို ကမာ္ဘ့ဘဏ်၏ မြန်မာ့စီးပွားရေး အစီရင်ခံစာတွင်လည်း ပြည်သူ ၁၂ သန်း (လူဦးရေ ၂၂ ရာခိုင်နှုန်း) သည် စားနပ်ရိက္ခာ မဖူလုံမှုနှင့် ကြုံတွေ့ရနိုင်ပြီး လူဦးရေ ၁ ဒသမ ၂ သန်းမှာ ပိုမိုဆိုးရွားသော စားနပ်ရိက္ခာ မဖူလုံမှုနှင့် ကြုံရနိုင်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် နွေစပါးနှင့် မိုးစပါး စိုက်ဧက ၁၇ သန်းကျော်ရှိပြီး စပါးတန်ချိန် ၂၇ သန်းကျော် ထွက်ရှိကာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို ဆန်တန်ချိန် ၁ ဒသမ ၂ သန်းကျော် တင်ပို့ရောင်းချထားသည်။
You may also like these stories:
နိုင်ငံတဝှမ်း စက်သုံးဆီပြတ်ပြီး ဈေးနှုန်းများမြင့်လာနေ
စက်သုံးဆီပြတ်လပ်မှု SME လုပ်ငန်းများ ဝန်ပိုပိ