ယခုမိုးရာသီအစ၌ ချင်းပြည်နယ်၊ မတူပီမြို့နယ် ငှက်ဖျားရောဂါ ဖြစ်ပွားနေရာ ဆေးဝါးများ ပြတ်လပ်နေပြီး ကုသမှုခံယူ ခွင့်လည်းမရရှိသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှသိရသည်။
တောတောင်ထူထပ်သော မတူပီမြို့နယ်အတွင်း ပြီးခဲ့သော မေလကုန်ပိုင်းက ငှက်ဖျားရောဂါများ ဖြစ်ပွားနေသလို ဆေးဝါးပြတ်လပ်မှုနှင့်လည်း ကြုံတွေ့နေရသည့်အတွက် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း မတူပီဒေသခံ တဦးက ပြောသည်။
မတူပီမြို့နယ်အတွင်းက ဒေသခံတဦးက “ကျနော်တို့ ဒေသမှာ မိုးဦးကျရာသီချိန်ဆို ငှက်ဖျားနဲ့ တုပ်ကွေး ဖြစ်တာများ တယ်။ အခု ရွာတွေဘက်မှာ ငှက်ဖျားရောဂါ တော်တော်ဖြစ်နေတယ်လို့ ကြားတယ်။ ရွာတွေမှာ အရင်တုန်းကလို ကျန်းမာရေး ဆရာမတွေလည်း မရှိကြဘူး။ ကာကွယ်ဖို့၊ ကုသဖို့ ဆေးဝါးကလည်း အလုံအလောက် မရှိဘူး။ လော လောဆယ်တော့ တိုင်းရင်းဆေးဆရာတွေကို ပင့်ပြီး ကုကြတာ များတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မတူပီမြို့နယ်တွင် ငှက်ဖျားရောဂါ အဖြစ်များသည့်အတွက် အာဏာမသိမ်းခင်အချိန်က ကျန်းမာရေး ဝန်ကြီးဌာနနှင့် NGO အဖွဲ့အစည်းများ ပူးပေါင်းကာ ကျေးရွာအလိုက် ကျန်းမာရေး လုပ်သားများ ခန့်အပ်ကာ ကြာရှည်ခံသည့် ဆေးစိမ် ခြင်ထောင်များ ထောက်ပံ့ခြင်း၊ ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ လစဉ်ကျန်းမာရေး အသိပညာပေးခြင်းတို့ကို ကွင်းဆင်းများ ပြုလုပ်ခဲ့ကြောင်း မတူပီ ဒေသခံများက ဆိုသည်။
လက်ရှိအခြေအနေတွင် အာဏာသိမ်း ဖြစ်စဉ်ကြောင့် ကျန်းမာရေး ဝန်ထမ်းများ CDM ပြုလုပ်သည့်အတွက် ကျေး လက် ကျန်းမာရေးဌာနများတွင် ဝန်ထမ်းလုံလောက်မှု မရှိခြင်း၊ စစ်ကောင်စီတပ်များက လမ်းပန်း ဆက်သွယ်ရေးများ ကို ဖြတ်တောက်ထားခြင်းအပါအဝင် ရိက္ခာနှင့် ဆေးဝါးများ သယ်ယူခွင့်များကို ပိတ်ပင်ထားသည့်အတွက် မတူပီ မြို့နယ်အတွင်းက ကျန်းမာရေး စောင့်ရှောက်မှု လုံးဝ မရရှိတော့သည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း မတူပီမြို့ နယ်အတွင်းက NGO ဝန်ထမ်းတဦးက ပြောသည်။
၎င်းက “မတူပီမြို့နယ်အတွင်းမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး Service လုံးဝ မရှိတော့ဘူး။ အခု ရာသီကလည်း သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျား ရာသီဆိုတော့ ပိုဆိုးတာပေါ့။ အဓိကတော့ လက်နက်ကိုင် နှစ်ဖက်လုံးက လမ်းပိတ် ထားတယ်။ နောက်ပြီးတော့ ကျန်းမာရေး ဝန်ထမ်းတွေ CDM လုပ်တာ များတာရယ်။ CDM မလုပ်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေလည်း နယ်ဘက်ကို ကွင်းမဆင်းရဲဘူး။ CDF အဖွဲ့တွေကိုလည်း ကြောက်ရတာကိုး။ စစ်တပ်ကလည်း ဝန်ထမ်းတွေကို ဆေးပုံးလွယ်ပြီး ဆေးဝါးတွေနဲ့ ရွာတွေဘက်ကို သွားခွင့်မပြုဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ မတူပီမြို့နယ်အတွင်းက ငှက်ဖျားရောဂါဖြစ်ပွားနေသော်လည်း ဒေသအတွင်း စစ်ကောင်စီဌာနဆိုင်ရာ ယန္တရား ပြိုလုလု အခြေအနေဖြစ်ကာ အုပ်ချုပ်ရေး အာဏာမှာလည်း စစ်ကောင်စီတပ်နှင့် ချင်းဒေသ ကာကွယ်ရေးတပ် (CDF) တပ်ဖွဲ့ဝင်များကြား စင်ပြိုင် ဖြစ်နေကြသည့်အတွက် ရောဂါဖြစ်ပွားမှု စာရင်း အတိကျကိုလည်း ရရှိရန် မလွယ်ကူပေ။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မတူပီမြို့နယ်အတွင်း ခရီးသွားလာခွင့်ကိုလည်း ပိတ်ဆို့ထားသည့်အတွက် မြို့ပေါ်က ပြည်သူများအနေဖြင့်လည်း ကျေးလက် နယ်ဘက်သို့ သွားလာခွင့်မရသလို ကျေးလက်က ဒေသခံရွာသားများ အနေ ဖြင့်လည်း မြို့ပေါ်ကို လာခွင့်မရကြောင်း မတူပီ ဒေသခံများက ဆိုကြသည်။
လက်ရှိ အခြေအနေတွင် မတူပီမြို့နယ်အတွင်းက ဒေသခံ ပြည်သူများ ငှက်ဖျားရောဂါဖြစ်ပွားပြီး ဆေးဝါးအခက်အခဲ ဖြစ်ပွားနေသလို ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ (CDF) အတွင်းလည်း တပ်ဖွဲ့ဝင်တချို့ ငှက်ဖျားရောဂါ ဖြစ်ပွားနေ ကြောင်း မတူပီ CFD ခေါင်းဆောင်တဦးက ပြောသည်။
၎င်းက “ရွာတွေဘက်မှာ ငှက်ဖျားရောဂါဖြစ်နေတယ်လို့ ကြားတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ တချို့လည်း ငှက်ဖျား ဖြစ်နေတာ ရှိတယ်။ အခု ငှက်ဖျားဖြစ်နေတဲ့ တပ်ဖွဲ့ဝင် ၃ / ၄ ယောက်တော့ ရှိမယ်ထင်တယ်။ သူတို့ မကောင်းသေး ဘူး။ စစ်ကောင်စီက လမ်းကြောင်းတွေကို ပိတ်ထားတယ်။ ကျနော်တို့ ဆေးဝါးဝယ်ယူဖို့ မြို့ပေါ်ကိုလည်း ဝင်လို့ မရ ဘူး။ နယ်စပ်တွေဘက်မှာလည်း ဆေးဝါး သယ်ယူမှုကို ခွင့်မပြုတဲ့အတွက် ဆေးဝါးကတော့ တော်တော် အခက်အခဲ ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခုလ ဇွန်လ ၄ ရက်ကလည်း မတူပီ ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးမှာ ဖျားနာပြီး ဆေးဝါး မလုံ လောက်သည့်အတွက် အသက်ဆုံးရှုံးခဲ့ရကြောင်းလည်း မတူပီ CDF တပ်ဖွဲ့မှ ဇွန်လ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန် ထားသည်။
You may also like these stories:
လမ်းကြောင်းများ ပိတ်ခံထားရသည့် ပလက်ဝဒေသခံများ ဒုက္ခရောက်
မတူပီမြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေးနေရ